သတင်းထောက်များ ဖမ်းဆီးခံရမှု၊ ထောင်ချခံရမှုများသည် သတင်းသမားများအတွက် ကောင်းမွန်သော အခြေအနေ တရပ်မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်သည်။
ဒီဗီဘီ သတင်းထောက် ကိုဇော်ဖေ၊ ယူနတီဂျာနယ်မှ သတင်းထောက်များ၊ အလဲဗင်းမီဒီယာ သတင်းထောက်တို့ ထောင်ချခံရခြင်းများအတွက် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့မှ ယနေ့ ကြီးမှူးကျင်းပသော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ဧရာဝတီက မှတ်ချက်စကားပြောကြားပေးရန် မေးမြန်းရာ ယခုလို ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ဝန်ကြီးဌာနက ဒါကို အရေးယူဆောင်ရွက်တာ မဟုတ်ပါဘူး။ နစ်နာတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးအရ တရားစွဲဆိုခြင်းသာ ဖြစ်ပါတယ်။ ဒီတရားစွဲဆိုတာကိုလည်း သက်ဆိုင်ရာ တရားရုံးတွေက နည်းလမ်းတကျ စစ်ဆေးစီရင်ခဲ့တယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်စဉ်ဖြစ်ရပ် ဖြစ်ပွားရတာဟာ ကျနော်တို့ သတင်းသမားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတရပ် မဟုတ်ဘူးဆိုတာ ကျနော် နားလည်ပါတယ်။ အနာဂတ် ကာလမှာ ဒီလိုအဖြစ်မျိုး မဖြစ်အောင်လို့ ကျနော်တို့ အစွမ်းကုန် ဝိုင်းဝန်းကြိုးစားကြဖို့ လိုအပ်တယ်လို့ ကျနော် အလေးအနက် ခံယူပါတယ်” ဟု ဦးအောင်ကြည်က ပြောဆိုသည်။
ထို့အပြင် ယခုလို ဖြစ်လာရသည့် အကြောင်းအရင်းများသည် မီဒီယာ ဥပဒေများနှင့် ပတ်သက်ပြီး ပြည့်စုံလုံလောက်သည့် အခြေအနေများ မဖြစ်ခင် အမှုအခင်းများ
ဖြစ်ပျက်သွားရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အတည်ပြုပြီးသားဖြစ်သော မီဒီယာ ဥပဒေများအတွက် နည်းဥပဒေများ အမြန်ဆုံး ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယင်းနောက် မီဒီယာ လွတ်လပ်ခွင့်နှင့်ပက်သက်ပြီး အဆင့်တခုကို ရောက်သွားမည်ဟု မျှော်လင့်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံတွင် အစိုးရနှင့် သူသေကိုယ်သေ လက်နက်ကိုင် တိုက်ခိုက်ခဲ့သော တိုင်းရင်းသားများနှင့် ယခုဆိုလျှင် ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးနိုင်သည့် အခြေအနေရှိလာချိန်တွင် သတင်းတာဝန် ထမ်းဆောင်နေသော သတင်းသမားများကို ထောင်ချသည်အထိ အရေးယူခြင်းက ယခု အပြောင်းအလဲကာလနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု
ယူဆကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဧရာဝတီသို့ ပြောဆိုသည်။
ထို့အပြင် ပြည်သူများအပေါ် မထီမဲ့မြင်လုပ်သော စကားများပြောဆိုသည့် အစိုးရ ထိပ်တန်းအဖွဲ့ဝင်များကို သူတို့အချင်း ချင်း အကာအကွယ်ပေးနေပြီး ဝန်ချတောင်းပန်ခြင်းလည်း မပြုလုပ်ကြောင်းလည်း ပြောဆိုသည်။
“သက်ဆိုင်ရာ အစိုးရအဖွဲ့ကလည်း ဒီလို ပြည်သူတွေကို မထီမဲ့မြင်လုပ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းပေးခြင်း၊ အရေးယူခြင်း မရှိဘူး။ ဒီလို ကိစ္စတွေရှိနေစဉ်မှာ သတင်းသမားကို ဘာဖြစ်လို့ တရားစွဲထောင်ချရတာလဲဆိုတာ မေးခွန်းထုတ်ပါ တယ်။ ဒါဟာ အင်မတန်မှ မဆီလျော်တဲ့ ကိစ္စလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ဆိုသည်။
ယူနတီဂျာနယ်မှ သတင်းထောက်များကို တရားစွဲဆိုမှု၊ ဒီဗွီဘီ သတင်းထောက်ကို ပိုင်နက်ကျူးလွန်မှု ဖြင့် ထောင်ချမှုများအတွက် စာနယ်ဇင်းကောင်စီမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် သမ္မတတို့ထံသို့ တရားဥပဒေနှင့်အညီ စစ်ဆေးရန်၊ တရားဥပဒေအရ အပြစ်မရှိခဲ့လျှင် အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုသည့် စာများ တိုက်ရိုက်ပေးပို့ထား ကြောင်း ဦးကျော်မင်းဆွေက ပြောသည်။
အမေရိကန်နိုင်ငံတွင် အခြေစိုက်ပြီး ၁၉၄၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သော Freedom House အဖွဲ့၏ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်သည် မလွတ်လပ်သော အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံတွင် အခြေစိုက်သော နယ်စည်းမခြား သတင်းထောက်များ အဖွဲ့၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံသည် ခက်ခဲသော အနေအထားကို
ဖြတ်သန်းနေရဆဲဖြစ်သည်ဟု ၎င်းတို့၏ ညွှန်းကိန်းများတွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံ အခြေစိုက် နိုင်ငံတကာ ဂျာနယ်လစ်များ ကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ကလည်း ဆင်ဆာတင်းကျပ်မှု အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံကို နံပတ် ၇ တွင် ထည့်ထားသေးသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များမှ မကွေးတိုင်းဒေသကြီးသည် သတင်းလွတ်လပ်ခွင့်အပါအဝင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်များကို နှိပ်ကွပ်မှု အများဆုံးရှိသည့် တိုင်းဒေသကြီးဖြစ်သည်ဟု နယ်သတင်းထောက်များမှ ပြောဆိုကြသည်။
မကွေးတိုင်းထဲတွင် ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိ ဦးတင့်ဆန်း၊ သတင်းထောက်များဖြစ်ကြသော ကိုရာဇာဦး၊ ကို ပိုင်သက်ကျော်၊ ကိုစည်သူစိုးနှင့် နယ်ခံသတင်းထောက် ကိုလူမော်နိုင်တို့ကို ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ တွင် ဖော် ပြခဲ့သော လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်ပြီး တရားစွဲဆိုခဲ့ရာ ယနေ့အချိန်အထိ ရုံးချိန်း ၈ ကြိမ်ရှိပြီ ဖြစ်သည်။ အမှုမှာ အရေးကြီးသောကြောင့် အများပြည်သူ လက်လှမ်းမီရာ ရန်ကုန်သို့ ရွှေ့ပြောင်းပေးရန် တောင်းဆိုချက်ကို ပယ်ချထားသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ၏ နယ်ခံသတင်းထောက် ကိုဇော်ဖေကိုလည်း ၂၀၁၂ ခုနှစ်ကတည်းက မကွေးတိုင်း ပညာရေး မှူးရုံးတွင် သတင်းသွားရောက်မေးစဉ်က တရားစွဲဆိုခံရပြီး ၂၀၁၄ ဧပြီလတွင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ကိုဇော်ဖေသည် မကွေးတိုင်းထဲတွင်ပင် ၂၀၁၀ ခုနှစ်က “ခွင့်ပြုချက်မရှိ”ဟုဆိုကာ ဗီဒီယို ရိုက်ကူးမှုဖြင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရဖူးသည်။
မကွေးတိုင်းဒေသခံ Eleven Media Group ၏ နယ်ခံသတင်းထောက် ၂ ဦးသည်လည်း ဖမ်းဆီးချုပ် နှောင်ခံခဲ့ရဖူးသည်။
မတ်လအတွင်းကလည်း ပခုက္ကူမြို့ခံပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခွင့်ကို ငြင်းပယ်ခံခဲ့ရကာ မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် ဆန္ဒပြပွဲတွင် ဦးဆောင် ပါဝင်ခဲ့ ကြသော ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးပြုံးချို၊ ဒေါ်နီလာသိန်း၊ ဒေါ်မီးမီး၊ ပခုက္ကူဒေသခံ ဦး ကျော်ကျော်သန်းနှင့် မြို့ခံဦးဆောင်သူတချို့ကို အမှုဖွင့်ထားသည်။