မြန်မာနိုင်ငံတွင်း အလုပ်သမားများ၏ တရက် လုပ်အားခ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အာဆီယံ နိုင်ငံများကို လေ့လာသုံးသပ်ပြီး အနည်းဆုံး အခကြေးငွေကို တရားဝင်သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက် ရှိသော် လည်း သက်မှတ်မည့် ငွေကြေးကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးထင်အောင်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
“ဘယ်လို အနည်းဆုံး အခကြေးငွေကို သတ်မှတ်ကြမလဲ ဆိုတာ လုပ်နေပါတယ်၊ ဒီနှစ် အကုန်မှာ သတ်မှတ်နိုင်အောင် ကြိုးစား နေပါတယ်၊ ဘယ်လောက် သတ်မှတ်မလဲ ဆိုတာ မပြောနိုင်သေးဘူး၊ အခုက သုတေသန လုပ်နေတဲ့ ကာလ ဖြစ်တာကြောင့် မပြောနိုင်တာပါ၊ ဇွန်၊ ဇူလိုင်လမှာ မူကြမ်း အရလာမှာပါ၊ အဲဒီရလာတဲ့ အချက်အလက်တွေကို အစိုးရအဖွဲ့တွေ၊ အလုပ် ရှင်၊ အလုပ်သမားတွေ ညှိနှိုင်းပြီး အကြံပြု ဆွေးနွေး သွားကြမှာပါ”ဟု ၎င်းက ဆိုသည်။
လှိုင်သာယာ မြို့နယ်တွင် မေလ ၁ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) ၏ မေဒေး နေ့ (အပြည်ပြည် ဆိုင်ရာ အလုပ် သမားနေ့) အခမ်းအနားတွင် ဒု ဝန်ကြီးက မီဒီယာများကို ပြောဆိုခြင်း ဖြစ်သည်။
အလုပ်သမားများ အနည်းဆုံး လုပ်အားခ သတ်မှတ်နိုင်ရေး အတွက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က မြို့နယ် ၄၆ မြို့နယ်တွင် ကွင်းဆင်းပြီး စစ်တမ်း ကောက်ယူထားသည့် အချက်အလက်များ အရ တရက်လျှင် လုပ်အားခ ကျပ် ၇၀၀၀ သတ်မှတ်မှသာ အလုပ်သမားများ၏ စားဝတ်နေရေး လုံလောက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ လုပ်အားခ ကျပ် ၇၀၀၀ နှုန်း ပေးရပါက လုပ်ငန်းရှင်များ အနေဖြင့် အရှုံးပေါ်နိုင်ပြီး လက်ရှိ စက်မှုဇုန်များတွင် လည် ပတ်နေသော စက်ရုံများ ပိတ်လိုက်ရမည့် အခြေအနေမျိုး ရောက်ရှိ နိုင်သည်ဟု လုပ်ငန်းရှင် တချို့က ဆိုသည်။
“အပြောင်းအလဲ ကာလတွေမှာ ဖြစ်တတ်ပါတယ်၊ အန်တီတို့တွေလည်း အနည်းဆုံး လုပ်ခလစာ ဘယ်လို သတ်မှတ်မလဲကို အသေးစိတ် မပြောနိုင်သေးဘူး၊ လက်ရှိမှာတော့ လုပ်ငန်းတွေမှာ လုပ်ခ လစာ တိုးတာတွေ ရှိလာတယ်၊ ၂၀ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်း တိုးတောင်းကြတယ်၊ အဲ့ဒီ အတွက် ဘုတ်အဖွဲ့ နဲ့ တိုင်ပင်ပြီး အသေးစိတ် ဆွေးနွေးဖို့ လုပ်နေပါတယ်”ဟု အထည် ချုပ် လုပ်ငန်းရှင် တဦးက လတ်တလော ကြုံတွေ့နေရသည်များကို ပြောသည်။
FTUM အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က “တရက်ကို ၈ နာရီ အလုပ်ချိန် သတ်မှတ်နိုင်အောင် အလွယ်လေးရခဲ့ကြ တာမှ မဟုတ်တာ၊ ဆန္ဒတွေ ပြကြတယ်၊ တောင်းဆိုမှုတွေ လုပ်ခဲ့ကြတယ်၊ အဲ့ဒီလို တိုက်တွန်း လုပ်ဆောင်ချက်တွေကြောင့် အစိုးရက အဖွဲ့အစည်းတွေ ဖွဲ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ပြီး သတ်မှတ်ပေး ခဲ့တယ်၊ ဒီလိုပဲ အနည်းဆုံး လုပ်ခလစာ တိုး ဖို့ အတွက်ကိုလည်း တောင်းဆို ရမယ်၊ တောင်းဆိုတဲ့ အခါမှာ ဥပဒေနဲ့အညီ တောင်းဆိုရမယ်”ဟု ပြောဆိုသည်။
၂၀၁၅ ခုနှစ်တွင် အာဆီယံ ဒေသအတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့် (Asiean Free Trade Zone)များ ပေါ်ပေါက် လာပါက နိုင်ငံတကာမှ လုပ်ငန်းရှင်များ ကျွမ်းကျင် လုပ်သားများ ဝင်ရောက်လာမည် ဖြစ်ခြင်းကြောင့် ပြည်တွင်း အလုပ်သမားများ အနေဖြင့် အတတ်ပညာ ကျွမ်းကျင်မှု ရှိစေရန် ကြိုတင် ဆောင်ရွက်ထားသင့်ကြောင်း ဒုဝန်ကြီးကလည်း ပြောသည်။
မေဒေးနေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံနှင့် ဆူးလေ ဘုရား အနီး၌ အလုပ်သမား ၅၀၀ ကျော်မှ တရက် ၈ နာရီလျှင် အနည်းဆုံး လုပ်ခ ၅၆၀၀ ကျပ် ရရှိရေး၊ အမြဲတမ်း အလုပ်သမားများကို လခစား တရားဝင် အလုပ်သမားအဖြစ် သတ်မှတ် ရေး၊ အလုပ်သမားများကို တဖက်သတ် အလုပ်ထုတ်မှုများ ရပ်ဆိုင်းရေး စသည့် အချက်များကို စုပေါင်းပြီး ဆန္ဒထုတ်ဖော် တောင်း ဆို ခဲ့ကြသည်။
ယင်းတောင်းဆိုမှုနှင့် ပတ်သက်ပြီး မေဒေးနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက “အခွင့်အရေး ဆိုတာကို စည်းကမ်းဘောင်ထဲက ယူပေးပါလို့၊ တောင်းဆိုပေးပါလို့ ပြောချင်တယ်၊ ခင်ဗျားတို့ က စည်းကမ်း ဘောင်ထဲက ဖြစ်ရမယ်၊ မဟုတ်ရင် ရပ်တည်ပေးရတာ ခက်လိမ့်မယ်၊ ထိုင်းနိုင်ငံမှာဆို ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကပဲ ထမင်းစရိတ် အတွက်ပဲ၊ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက အခြားနေရာတွေမှာ သုံးစွဲ ကြတယ်၊ ကျနော်တို့နဲ့တော့ ကွာနေ တယ်၊ အဲ့ဒီလို အခြေအနေမျိုး ရောက်အောင်လည်း အစိုးရပိုင်းက လုပ်ဆောင်နေတယ်၊ ခင်ဗျားတို့ ပါမှလည်း ရနိုင်မယ်” ဟု ပြောဆိုသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) တွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ အလုပ်သမားများသည် အလုပ်နားရက် မရရှိဘဲ အလုပ်ခွင် ဝင်ရောက် နေရမှုများ ရှိကြောင်း သိရသည်။ လာမည့် နှစ်များအတွင်း ယခုကဲ့သို့ မဖြစ်စေရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အလုပ်ရှင်များသို့ စည်းရုံး ဟောပြောမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။