မြန်မာ့နိုင်ငံရေး ပါရာဒိုင်း အဟောင်းထဲက ရုန်းထွက်ဖို့ အရွေ့တခုက တဖြည်းဖြည်း ပီပြင်လာပြီလို့ ဆိုနိုင်ပေမယ် မှုန်ဝါး နေသေးတဲ့ မြန်မာ့ အနာဂါတ်ကို ဘယ်လို ဖောက်ထွက်ကြမလဲဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။
လာမယ့် မေလ ၁၇၊ ၁၈ ရက်နေ့တွေမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဖွဲ့စည်းပုံဆိုင်ရာ အသိ ပညာပေး လူထု ဟောပြောပွဲကြီးတွေကို မြန်မာ့နိုင်ငံရေးမှာ အကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီနဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း ထင်ရှားခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေစုဖွဲ့ ထားတဲ့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) တို့က အတူပူးပေါင်းပြီး လုပ်ဆောင်ကြပါတော့မယ်။
ဒါဟာ ၂ဝ၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ၈၈ မျိုးဆက်နဲ့ NLD ပါတီတို့ရဲ့ နိုင်ငံရေးပူးပေါင်း ဆောင်ရွက်မှု ပထမဆုံး အကြိမ်လည်းဖြစ်ပါတယ်။
၈၈ မျိုးဆက်နဲ့ NLD ပူးပေါင်းလုပ်ဆောင်ကြမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာအဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးပါဘဲ။
သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေးကို လုပ်ဆောင်တဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်းသာ ဖြစ်ရမယ်လို့ လူသိရှင်ကြား ပြောခဲ့ပြီးဖြစ်ပါ တယ်။
၂၀၀၈ ဖွဲ့စည်းပုံ အရလည်း ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားတဲ့ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းဟာ လွှတ်တော်တွေထဲ ရွေးကောက်ခံစရာ မလိုဘဲ ပါဝင်ခွင့်ရတာကြောင့် အရပ်သား လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာ ခိုင်နှုန်းက ဖွဲ့စည်းပုံ ပြင်ချင်ရင်တောင်မှ တပ်မတော်က ခွင့်မပြုရင် အခြေခံ ဥပဒေကို ပြင်ဆင်လို့ မရပါဘူး။
၂၀၀၈ ခုနှစ် ဖွ့ဲစည်းပုံ ပြင်ဆင်ရေး အခန်း ၁၂ ပုဒ်မ ၄၃၆ က ပြဋ္ဌာန်းထားချက်အရ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ကိုယ် စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပေးရမှာဖြစ်ပြီး ထပ်ဆင့်ပြီး ပြင်ဆင်ရေး အတည်ပြုဖို့ လူထု ဆန္ဒ ခံယူပွဲကနေ မဲပေးသူတွေရဲ့ ရာခိုင်နှုန်း ၅၀ ကျော်က ထောက်ခံမှသာ ဥပဒေ ပြင်ဆင်၊ ဖြည့်စွက်တာတွေ လုပ်လို့ရပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်နေ့ မိန့်ခွန်းမှာ ပြောခဲ့တာက ဖွဲ့စည်းပုံ ပြင်ဆင်မယ် ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ အတိုင်းသာ လုပ်ဆောင်ရမယ်လို့ ပြောဆိုလိုက်တာဟာ စစ်တပ်က ဖွဲ့စည်းပုံ မပြင်လိုကြောင်း သရုပ်မှန် ပေါ်လွင် စေပါတယ်။
အလားတူ သမ္မတ ဦးသိန်းစိန်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆက်ရှိနေ ရ မယ်လို့ အစိုးရ ၃ နှစ်ပြည့် ပြည်ထောင်စု လွှတ်တော် မိန့်ခွန်းမှာ ပြောဆိုထားခဲ့ပါတယ်။
ဒါဟာ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့တသားတည်း ရှိမှုကိုပြသနေကြတာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒမရှိမှုတွေကို အထင်အရှားတွေ့ကြရတာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ လွှတ်တော်တွင်း အနေအထား အရ လွှတ်တော်တွင်းကနေတဆင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ မလွယ်ကူတဲ့အနေအထားပါ။
ဒါဆို NLD ပါတီနဲ့ ၈၈ မျိုးဆက်တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုကို အသိပညာပေး ဟောပြောမှုတွေက ဘယ်လို အကျိုးရလာဒ်တွေ ဖြစ်ပေါ်လာမှာလဲ မေးခွန်းထုတ်စရာပါ။
အစိုးရ၊ စစ်တပ ်နဲ့ ယခင် စစ်အစိုးရ တာဝန်ရှိသူတွေပဲ ဦးဆောင်လွှမ်းမိုးထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ လွှတ်တော် ၂ ရပ်လုံးက လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဖြစ်သဘောလောက်သာပြင်ဆင် ဖြည့်စွက်တာမျိုး လုပ်ပြနိုင်ပြီး အဓိက ကျတဲ့ ဒီမို ကရေစီ မကျတဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ အချက်တွေကို ပြင်ဆင်ဖို့ လိုလားကြပုံမပေါ်ပါဘူး။ ဒါဆို ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုပြင် ဆင်ကြမလဲ။
မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့ဖူးတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေကိုတော့ ဖွဲ့ စည်းပုံ ရေးဆွဲခဲ့စဉ်က ပါဝင်ခဲ့သူတွေ၊ ဖွဲ့စည်းပုံတွေကို အသက်နဲ့ လဲပြီး ကာကွယ်ကြမယ်လို့ သစ္စာအဓိဌာန် ပြုခဲ့ကြသူတွေ ကိုယ်တိုင်က ပစ်ပယ်ခဲ့ကြတာ အထင်အရှားဖြစ်ပါတယ်။
တကယ်ဆို ၁၉၆၂ ခုနှစ် ဦးနေဝင်းရဲ့ တော်လှန်ရေး ကောင်စီက အာဏာသိမ်းပြီးကလည်းက ပါလီမန် ဒီမိုကရေစီစနစ်နဲ့ ထိုခေတ် ထိုကာလက ခေတ်မီပြီး အတော် ပြည့်စုံတယ်လို့ ပြောလို့ရတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲပြီး ရုန်းထနေဆဲ မြန်မာနိုင်ငံဟာ လဲကျသွားခဲ့ရတာ သမိုင်းက သက်သေထူပါတယ်။
တော်လှန်ရေး ကောင်စီရဲ့ ၃၃ ဦး အကြံပေး ကော်မတီထဲက အားလုံးနီးပါးဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသက်နဲ့ လဲကာကွယ်ကြမယ်လို့ သစ္စာအဓိဋ္ဌာန် ဆိုခဲ့ကြသူတွေဖြစ်ကြပါတယ်။
အလားတူ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ဖွဲ့စည်းပုံကို စတင် အသက်သွင်းခဲ့သူ ဦးနေဝင်းနဲ့ မဆလ အ ပေါင်း အပါတွေပဲ ၁၉၈၈ ခုနှစ်မှာ ပစ်ပယ်ခဲ့ကြတာပါ။ တကယ်ဆိုရင် ၁၉၈၈ ခုနှစ် မတိုင်မီကတည်းက ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းဟာ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေကို သူကိုယ်တိုင် ချိုးဖောက်ခဲ့တဲ့သာဓကတွေ အများအပြား ရှိပါတယ်။
အထင်ရှားဆုံး သာဓက တခုကတော့ တတိယအကြိမ် ပါတီညီလာခံမှာ ပါတီဗဟို ကော်မတီရွေးချယ်မှုကို အမည်စာရင်း လူ ၅ဝဝ ထဲက ၂၅ဝ ကို မဲပေးရွေးချယ်မှု စနစ်နဲ့ ရွေးချယ်ရမယ့်အစား ဥက္ကဋ္ဌကြီး အမိန့်နဲ့ လူ ၂၅ဝ အမည်စာရင်းကိုပဲ တင်ပြီး ထောက်ခံမဲပေးကာ ရွေးချယ်စေခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အခု ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကို ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေက လုံးဝ မလိုလားကြတာလည်း အထင်အရှားဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းသားအင်အားစုတွေက ဆိုရင် ဖွဲ့စည်းပုံ အသစ်ရေးဆွဲရေးအထိ လိုလားကြတာ တွေ့ရပါတယ်။ ဒါက လည်း တကယ်လက်တွေ့ဘဝမှာ အတော်ခက်ခဲနေတဲ့ ကိစ္စ ဖြစ်ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ စစ်တပ်က မလိုလားတာကို လိုလားအောင် ကျန်တဲ့ အင်အားစုတွေက စည်းရုံးကြတဲ့နည်းက ဖြစ်နိုင်ခြေ ရှိ၊ မရှိ မသေချာပေမယ့် ရွေးချယ်စရာ နည်းလမ်းတခုအဖြစ် လက်တွေ့ အသုံးပြုနေကြတာတွေ့ရပါတယ်။
တခြားရွေးချယ်စရာနည်းလမ်းအဖြစ် လူထုအားနဲ့ လူထုဆန္ဒခံယူပွဲတွေကနေ တိုက်ရိုက် ဖိအားပေးတဲ့နည်းနဲ့ ဖွဲ့စည်းပုံ ပြင် ဆင်ရေးဆိုတာလည်း စဉ်းစားစရာ လုပ်နည်းလုပ်ဟန်တခုဖြစ်ပါတယ်။
ဒါပေမယ့် အခုအခါမှာ အဲဒီလုပ်နည်းလုပ်ဟန်အတွက် ကြိုတင်ကာကွယ်တဲ့ နည်းဗျူဟာတွေကို အမျိုးဘာသာ၊ သာသနာ အကြောင်းပြပြီး ကြံ့ခိုင်ရေးပါတီက လုပ်ဆောင်လာနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံရေး၊ မပြင်ဆင် ရေး တန်ပြန် လူထု လှုပ်ရှားမှုတွေ စ တင် လုပ်ဆောင်လာတာလည်း မြင်တွေ့နေရပါတယ်။
NLD ပါတီအပါအဝင် ဒီမိုကရက်တစ် နိုင်ငံရေးပါတီတွေအနေနဲ့လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပြင်ဆင်ရေး မလုပ်ဆောင်နိုင်ခဲ့ဖူးဆိုရင် ၂၀၁၅ အလွန် မြန်မာ့လွှတ်တော်တွေမှာလည်း ဒီမိုကရေစီ အင်အားစုပါ တီတွေကို လူထုက မဲပေးလို့ အပြတ်အသတ် အနိုင်ရခဲ့မယ်ဆိုရင်တောင် ၁၉၉၀ ခုနှစ်တုန်းကလို စစ်တပ်က အသိအမှတ် မပြုပဲ အာဏာလွှဲပြောင်းရေး အခက်တွေ့နိုင်တာလည်း သတိပြုစရာဖြစ်ပါတယ်။
အခုနေအတိုင်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ယန္တရား အပြည့်အဝ လည်ပတ်စေမယ့် မြန်မာနိုင်ငံ ဖြစ်ဖို့ အလှမ်းကွာဝေးနေဆဲဖြစ်ပါတယ်။
ဒီလို ကွာဝေးနေမှုတွေထဲက နီးစပ်နိုင်တဲ့ ရွေးချယ်စရာတွေကို နိုင်ငံရေး ခေါင်းဆောင်တွေက ညီညီညွှတ်ညွတ်နဲ့ ပြင်ဆင်မှု တွေ စတင်လုပ်ဆောင်လာတာကတော့ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတချို့ပဲဖြစ်ပါတယ်။