မိုးတွင်းကာလ လေကြမ်းမိုးကြမ်းများ တိုက်ခတ်လာပြီ ဆိုသည်နှင့် ဒေါ်မာမာတို့ မိသားစု အလုပ်ရှုပ်ရတော့သည်။ အိမ်ထောင်ရှင်မ ဒေါ်မာမာက အရေးကြီး ပစ္စည်းများနှင့် အဝတ်အစားများကို အလျင်အမြန် အထုပ်အပိုး ပြင်ရသလို ခင်ပွန်းဖြစ်သူက မိုးကာဝတ်ပြီး သည်နှင့် ပြေးရမည့် လမ်းကြောင်းကို တွက်ချက်နေသည်။
သမီး ၂ ဦးက အဝတ်အစားများ အထပ်ထပ်ဝတ်ပြီး မိခင်၊ ဖခင်အနား တိုးကပ်နေကြသည်။ သူတို့ အားလုံး “နာဂစ်များ ပြန်ဖြစ်လေပြီလား”ဆိုသည့် စိုးရိမ်သောက ကိုယ်စီဖြင့် တုန်လှုပ် ခြောက်ခြား နေကြရသည်။
ဒေးဒရဲမြို့နယ် ကျုံဒက်အုပ်စု၊ တော်ကနိ-ညောင်လိန်ကုန်း ကျေးရွာတွင် နေထိုင်သည့် ဒေါ်မာမာက “မိုးတွင်း ရောက်ပြီ ဆိုတာနဲ့ ကျမတို့ ကြောက်နေပြီ၊ လေမိုးကြမ်းလာပြီ ဆိုတာနဲ့ အိမ်က ကလေးတွေဆို နေစရာ မရှိတော့ဘူး၊ ဆောက်တည်ရာမရ ဖြစ်ကုန်ပြီ၊ ကျမတို့ လူကြီးတွေတောင် ငါတို့ ဘယ်ကို ပြေးရပါ့မလဲ ဆိုပြီး စိုးရိမ်စိတ်နဲ့ မအိပ်နိုင်ဘဲ မိုးလင်း ခဲ့ရတယ်၊ အဲဒါက ကျမတို့ တအိမ် တည်း မဟုတ်ဘူး၊ တရွာလုံးပဲ ဓာတ်မီး တဝင်းဝင်းနဲ့ မအိပ်နိုင်ကြဘူး”ဟု ပြောသည်။
၂၀၀၈ ခုနှစ် မေလဆန်း နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေးဒရဲ မြို့နယ် အပါအဝင် လပွတ္တာ၊ ငပုတော၊ မော်လမြိုင်ကျွန်း၊ ဘိုကလေးနှင့် ဖျာပုံမြို့နယ်များမှ ဒေသခံ ပြည်သူ ၁ သိန်းကျော် သေကြေ ပျောက်ဆုံးခဲ့ပြီး လူပေါင်း သန်းချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
နာဂစ်မုန်တိုင်းကြောင့် သေကြေ ပျက်စီးမှုက မြန်မာနိုင်ငံတွင် စံချိန်တင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ပျက်စီး ဆုံးရှုံးမှုနှင့် သေကြေပျောက် ဆုံးမှု အများဆုံး သဘာ၀ ဘေးဒဏ်များတွင် အဆင့် ၈ အဖြစ် မှတ်တမ်းဝင် ခဲ့သည်။
အဆိုးဝါးဆုံး မှတ်တမ်းများ ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ၆ နှစ် ကြာမြင့်သော်လည်း နာဂစ်ဒဏ်သင့်ဒေသ ဖြစ် သည့် ဒေးဒရဲမြို့နယ်တွင် ယနေ့အထိ လုံခြုံမှု မရှိသေးသည်ကို တွေ့ရသည်။
“ကျနော်တို့ ဒေသမှာ ဒီရေတော မရှိလို့ နေ့စဉ်နဲ့ အမျှ စိတ်ပူ နေရတယ်၊ ရွာတွေက ပင်လယ်ကမ်းဘေးတင် ဖြစ်နေတော့ ဆူနာမီ ဖြစ်လာခဲ့ရင် ရေက ခဏလေးနဲ့ ရောက်လာမှာ။ ရှယ်လ်တာကို ပြေးဖိုဆိုတာက သံဒိပ်မြစ်ကြီး ကန့်လန့်ခံ နေတယ်။ မုန်တိုင်းတို့ ဆူနာမီတို့ ဖြစ်ရင် အိမ်တိုင်ဖက် အသေခံရမယ့် ဘ၀ ဖြစ်နေတယ်”ဟု ဒေးဒရဲမြို့နယ် ကျုံဒက်အုပ်စု ရေတွင်း ကုန်း ကျေးရွာမှ ဦးစိုးမြင့်က ပြောသည်။
ဒေးဒရဲမြို့နယ် တောင်ပိုင်းတွင် ကျုံဒက်အုပ်စု အပါအဝင် ရွာပေါင်း ၄၇ ရွာ ရှိပြီး လူဦးရေ ၄၀၀၀၀ ကျော် မှီတင်း နေထိုင်ကြ သည့် ဒေသ ဖြစ်သည်။
ကပ္ပလီပင်လယ် နံဘေးတွင် တည်ရှိသည့် ယင်းဒေသတွင် ယခင်က ဒီရေတော စားကျက်မြေ ၂၀၈၄ ဧက ရှိခဲ့ကြောင်း၊ ယင်းတောကြီးရှိစဉ်က သဘာဝဘေးဒဏ် ကာကွယ်ပေးခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရောင်း စား ခဲ့ရာမှ ဒီရေကာတောများ ပြုန်းတီးခဲ့ပြီး လယ်ယာမြေများ ဖြစ်ကုန်ကြောင်း၊ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ဒီရေကာ တော မရှိသဖြင့် လူပေါင်း မြောက်များစွာ သေကြေ ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောပြသည်။
“ကျနော်တို့တော့ မိုးသည်းပြီး လေထန်တာနဲ့ လန့်နေပြီ။ ဘာလို့ဆိုတော့ ဒီရေကာတော မရှိတော့ ဒေသက မလုံခြုံဘူးလေ။ ပြီးတော့ ကျနော်တို့ဆီမှာ ရှယ်လ်တာလည်း မရှိဘူး။ ပြေးစရာ တောင်ကုန်းလည်း မရှိဘူး။ ဖြစ်တာနဲ့ သေမှာပဲ။ ဒီရေကာ တော ပြန်စိုက်ဖို့ လယ်တွေ ပယ်ဖျက်ပေးပါလို့ တင်ပြပေမယ့် အစိုးရက လုပ်မပေးသေးဘူး”ဟု တော်ကနိ – ညောင်လိန်ကုန်း ကျေးရွာမှ ကိုဇော်ဝင်းက ပြောသည်။
လပွတ္တာမြို့နယ် သင်္ကန်းကြီး ကျေးရွာအုပ်စု ဇင်ရွဲလေး ကျေးရွာတွင် နေထိုင်သည့် ကိုမိုးကြီးက သူတို့ရွာအနီး လူ ၅၀၀ ဆန့် ဆိုင်ကလုန်း ရှယ်လ်တာ တည်ဆောက် ထားသည့် အတွက် မုန်တိုင်း၊ ဆူနာမီနှင့် ရေဘေးအန္တရာယ်များကို စိတ်မပူကြောင်း၊ သူစိတ်ပူသည်က မိသားစု စားရေးသောက်ရေး ဖြစ်ကြောင်း ပြောဆိုသည်။
“နာဂစ်မှာ ကျနော့်လှေရော ပိုက်ရော အကုန်မျောသွားတယ်၊ လူတောင် ကံကောင်းလို့ မသေတာ၊ လုပ်ငန်း ပြန်စဖို့ အစိုးရ ဆီက ဘာအထောက်အပံ့မှ မရခဲ့ဘူး၊ အခုတော့ ဘောက်လုပ်ဘောက်စား (ကျပန်း) လိုက်လုပ် နေရတယ်၊ လက် လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀ ဖြစ်နေပြီ၊ အလုပ်ကလည်း ရှား၊ ကုန်ဈေးနှုန်းကလည်းကြီး ဆိုတော့ အဆင်မပြေပါဘူး”ဟု ကိုမိုးကြီးက စိတ်ပျက်သည့် လေသံဖြင့် ပြောသည်။
နာဂစ်မုန်တိုင်း မတိုက်မီက သူသည် ကိုယ်ပိုင်လုပ်ငန်း ရှိသည့် တံငါသည် တဦးဖြစ်သည်။ သူ့တွင် ပိုက် ၂၂ ဖောင် ရှိပြီး လှေတစီးနှင့် ငါးဖမ်းခြင်း လုပ်ငန်းမှ တလကို အမြတ်ငွေ ၄ သိန်းနီးပါး ရသဖြင့် သူတို့ မိသားစု ချောင်ချောင် လည်လည် နေနိုင် စားနိုင်ခဲ့သည်ဟု ပြောသည်။
မုန်တိုင်း တိုက်ခတ်မှု အပြီး အစိုးရနှင့် နိုင်ငံတကာ အလှူရှင်များက စားသောက်စရာနှင့် နေအိမ်များ ထောက်ပံ့ ပေးခဲ့သော် လည်း ရေလုပ်သားများ ဘ၀ ပြန်လည် ထူထောင်ရေး အတွက် လုပ်ငန်းသုံး ပစ္စည်းများကို ပံ့ပိုးပေးသော်လည်း ကျေးရွာ တချို့မှလွဲ၍ အခြေတည် နေထိုင်နိုင်ခြင်း မရှိကြသေးကြောင်း လပွတ္တာရှိ နာဂစ်ဒဏ်သင့် ရေလုပ်သားများက ပြောသည်။
“ကျနော်တို့ ဘဝက လိပ်ကို ကုန်းပေါ်တင်ပြီး ပက်လက် လှန်ထားသလို ဖြစ်နေတယ်၊ ကျနော်တို့က ရေထဲမှာပဲ ရှာဖွေ စား တတ်တာလေ၊ နာဂစ် အပြီး လူက မွဲပြာကျသွားတော့ လုပ်ငန်း ပြန်စဖို့ မတတ်နိုင်တော့ဘူး၊ အစိုးရကလည်း လယ်သမား ကိုသာ ကူညီတာ၊ ရေလုပ်သားကို ကူညီတာ မဟုတ်ဘူး၊ အဲဒီတော့ အခုထိ လူတွေက မငတ်ရုံဘဲ ရှာဖွေ စားနေရတယ်၊ စီးပွားရေးလည်း နာလန် မထူနိုင်တော့ဘူး”ဟု လက်ရှိတွင် အုန်းတံမြက်စည်း ပြုလုပ် ရောင်းချနေသည့် ရေလုပ်သားဟောင်း ဦးဖိုးတုတ်က ပြောသည်။
နာဂစ်မုန်တိုင်းဒဏ်သင့် လယ်သမားများသည်လည်း အကြွေးများနှင့် ရုန်းကန် နေရဆဲ ဖြစ်ကြောင်း ဇင်ရွဲလေး ကျေးရွာမှ လယ်သူမကြီး ဒေါ်ဌေးဝင်းက “နာဂစ်မှာ အိမ်တွေရော စပါးတွေရော ရွှေငွေတွေရော အကုန် ပါသွားတယ်၊ နာဂစ်ပြီးတော့ ငွေကို အတိုးနဲ့ ချေးပြီး စပါးစိုက် ရတယ်၊ စပါးပေါ်တော့ အတိုးအရင်း ပေါင်းပြီး ပြန်ဆပ်၊ ဒီလိုနဲ့ပဲ သံသရာ လည်နေတယ်”ဟု ပြောသည်။
ကျေးရွာများတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် လပွတ္တာ၊ ငပုတောရှိ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသမှ လူငယ်များမှာ ရန်ကုန် မြို့သို့ သွားရောက် အလုပ် လုပ်ကိုင်မှုများ ပိုမို များပြား လာခဲ့သည်။
“ကျနော့် သားသမီးတွေက ရန်ကုန်မှာ အလုပ် လုပ်နေကြတယ်၊ ရွာမှာက အလုပ်မှ မရှိတာကိုး၊ ကျနော်ကတော့ အလှူရှင် တွေ ပြန်ဆောက်ပေးတဲ့ အိမ်မှာပဲ ကလေးတွေ ပို့တဲ့ ငွေနဲ့ အဆင်ပြေသလို စားသောက် နေရတယ်၊ ရွာက လူငယ်တွေ အကုန်လုံး နီးပါးလည်း ရန်ကုန်မှာပဲ အလုပ် သွားလုပ် နေကြတယ်”ဟု ငပုတောမြို့နယ် သင်္ကန်းကုန်း ကျေးရွာအုပ်စု ကွင်းကြီး ကျေးရွာမှ ဦးတင်လှိုင်က ပြောပြသည်။
လပွတ္တာမြို့နယ် အတွင်း ပင်လယ်အနီး ရွာတည်ထားသည့် ကျေးရွာတချို့အား ဘေးကင်းရန် အတွက် အစိုးရ အစီအစဉ်ဖြင့် ကုန်းတွင်းပိုင်း ဒေသသို့ ပြောင်းရွှေ့ ရွာတည် ပေးသော်လည်း စီးပွားရေး အဆင်မပြေသောကြောင့် မူလရွာဟောင်းသို့ ပြောင်းရွှေ့ နေထိုင်မှုများလည်း ရှိကြောင်း တွေ့ရသည်။
“ကျနော်တို့ သင်္ကန်းကြီးရွာက နာဂစ်မှာ ၃ ပုံ ၂ ပုံလောက် ပင်လယ်ထဲ ပါသွားတော့ အစိုးရက ကုန်းတွင်းပိုင်းမှာ ရွာကို ရွှေ့ပြီး တည်ပေးတယ်၊ ဒါပေမယ့် ဟိုမှာက အလုပ်မှ မရှိတာ၊ ရေလုပ်ငန်း လုပ်ဖို့ကလည်း အလုပ်က တနေရာ၊ အိမ်က တနေရာ ဘယ်လိုမှ အဆင်မပြေဘူး၊ အဲဒီတော့ ပင်လယ်ဝနား အန္တရာယ်များပေမယ့် ရွာဟောင်းမှာပဲ ပြန်လာ နေလိုက်တော့တာ၊ ကျနော့်လိုပဲ ပြန်ပြောင်းလာတဲ့ မိသားစု ၄၀ လောက် ရှိနေပြီ”ဟု သင်္ကန်းကြီး ရွာဟောင်းတွင် နေထိုင်သည့် ဦးစိန်ဝင်းက ပြော သည်။
ဧရာဝတီတိုင်းရှိ နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများမှာ နာဂစ်မုန်တိုင်းကြောင့် မိသားစု ဆွေမျိုးများ သေကြေခဲ့သလို နာဂစ် ကြောင့် ပျက်စီး ယိုယွင်းခဲ့သည့် စီးပွားရေး လုပ်ငန်းများမှာလည်း နာလန် မထူနိုင်သေးဘဲ ရှိနေသည်ဟု ယင်းဒေသခံများက ဆိုသည်။
“အခုလက်ရှိ အခြေအနေက နာဂစ် မဖြစ်ခင်ကနဲ့ဆို တဝက်လောက်တောင် ပြန်မရောက်သေးပါဘူး။ ဒီလိုပုံစံနဲ့လည်း အရင်လို ဘဝပြန်ရောက်ဖို့ မလွယ်ပါဘူး”ဟု ငါးဖမ်းပိုက်သမား ဘဝမှ နာဂစ်ကြောင့် ကျပန်းလုပ်သား ဘဝသို့ ရောက် ရှိခဲ့သူ ကိုမိုးကြီးက ညည်းတွား ပြောဆိုသည်။
ယင်းသို့ စီးပွားရေး ကြပ်တည်းခြင်းကလည်း နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသကို မလုံခြုံစေသည့် အကြောင်းရင်းတခု ဖြစ်ကြောင်း သဘာ၀ ပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောသည်။
“လူတွေက ဆင်းရဲတော့ ဒီရေကာတော အပင်တွေကိုခုတ်၊ ထင်းလုပ်ပြီး ရောင်းတယ်၊ ဒီရေကာတော မရှိတော့ ဒေသက မလုံခြုံတော့ဘူး၊ လေဒဏ် ရေဒဏ် မကာကွယ် နိုင်တော့ဘူး”ဟု သူက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ သဘာဝဘေး ရှောင်တိမ်းနိုင်ရန် အတွက် အစိုးရက ရှယ်လ်တာ ၂၆ လုံး၊ ပြည်တွင်းပြည်ပ အန်ဂျီအို အဖွဲ့များနှင့် အလှူရှင်များက ရှယ်လ်တာ ၂၈ လုံး၊ စုစုပေါင်း ရှယ်လ်တာ ၅၄ လုံး တည်ဆောက်ပေးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန စာရင်းများ မှတ် တမ်း များ အရ သိရသည်။
အစိုးရက ရှယ်လ်တာများ ဆောက်ပေးနေသော်လည်း အရေအတွက် နည်းပါး နေသေးကြောင်း ဧရာဝတီတိုင်း အခြေစိုက် Beautiful Land (လှပသောမြေ) သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ပြောသည်။
“နာဂစ်ဒေသနဲ့ ပတ်သက်ရင် အခုအချိန် အထိ လုံခြုံမှု မရှိသေးဘူးလို့ဘဲ ပြောရမယ်၊ ဆိုင်ကလုန်း ရှယ်လ်တာတွေ ရှိလာ ပေ မယ့် သဘာ၀ အတားအဆီး ဒီရေကာတောတွေ ပြည့်ပြည့်စုံစုံ မရှိသေးဘူး၊ နောက်ပြီး ဧရာဝတီ တတိုင်းလုံးမှာ ဆောက် ထားတဲ့ ဆိုင်ကလုန်းရှယ်လ်တာ အရေအတွက်နဲ့ အဲဒီမှာ ခိုနားရမယ့် ဒေသခံ အရေအတွက်က အချိုးမညီဘူး ဖြစ်နေတယ်၊ ရှယ်လ်တာ အရေအတွက်က နည်းနေပြီး လူက များနေတယ်”ဟု လှပသောမြေ အဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ဧရာဝတီ ကို ပြောသည်။
နိုင်ငံတော် အစိုးရက နာဂစ်ဒေသ လုံခြုံရေး အတွက် ဆိုင်ကလုန်း ရှယ်လ်တာ မရှိသေးသည့် ဒေသ ၄၅ ခု၌ ရှယ်လ်တာများ ဆက်လက် တည်ဆောက်ပေးရန် လျာထားကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက ပြောသည်။
“နာဂစ်ဒေသ လုံခြုံမှုကတော့ ပြည်သူတွေ အတွက် ဆိုင်ကလုန်း ရှယ်လ်တာတွေ ဆောက်ပေး ထားတယ်၊ ထပ်ပြီး ဆောက် ဖို့လည်း ၄၅ နေရာ သတ်မှတ် ထားတယ်၊ အလှူရှင်တွေ မရှိသေးလို့ ဆောက်မပေးနိုင်တဲ့ အနေအထားပေါ့၊ ဆိုင်ကလုန်း ရှယ်လ်တာတွေ ထပ်ဆောက်ဖို့က နိုင်ငံတော် အနေနဲ့ချည်းပဲ မပြီးစီးဘူး၊ လိုအပ်တာကိုတော့ နိုင်ငံတော်ပိုင်းနဲ့ အထူးသဖြင့် ပြည်ပ အလှူရှင်တွေနဲ့ ဆက်လုပ်သွားဖို့ ရှိပါတယ်”ဟု သူက ပြောသည်။
ယင်းအပြင် ဧရာဝတီတိုင်း အစိုးရ အနေဖြင့် NGO၊ INGO များဖြင့် ပူးပေါင်းပြီး မုန်တိုင်းသင့် ဒေသများ၌ မုန်တိုင်း၊ ဆူနာမီ၊ ရေဘေး ကြိုတင် ကာကွယ်ရေး လေ့ကျင့်ခြင်း၊ သဘာဝဘေး အသိပညာပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေါ်ခင်စောမူ က ဆက်ပြောသည်။
သဘာဝဘေး ဖြစ်သည့် မုန်တိုင်း၊ ဆူနာမီ၊ ရေဘေး ကြိုတင် ကာကွယ်နိုင်ရန် အတွက် သဘာ၀ ဒီရေကာတော စိုက်ပျိုးခြင်း များကို အစိုးရ အနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရန်လိုပြီး ဒေသခံ ပြည်သူများကို ဒီရေကာတော စိုက်ပျိုးခြင်း အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့မှ သဘာ၀ ပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ထောက်ပြ ပြောဆိုသည်။
“ဒီရေကာတော စိုက်တဲ့ လုပ်ငန်းက မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းဗျ၊ ဒီရေတောပင် ဆိုတာ ရေထဲမျော တနေရာရာမှာ ကမ်း ကပ်ပြီး အလိုအလျောက် အပင်ပေါက်တာ၊ နာဂစ်ဖြစ်ပြီး ကတည်းကသာ စိုက်မယ် ဆိုရင် ၆ နှစ်သား ဒီရေတော အပင် က လူကြီး တဖက်စာလောက် ဖြစ်နေပြီ။ အဲ့ဒီလို အပင်မျိုးတွေ အများကြီး ပေါက်နေရင် ဒေသခံတွေ အတွက် ရှယ်လ်တာ မရှိရင်တောင် သဘာဝဘေးက ကောင်းကောင်း အကာအကွယ် ပေးနိုင်တယ်”ဟုလည်း သူက ပြောသည်။
ဒီရေကာတော မရှိသည့် အတွက် ဒေးဒရဲမြို့နယ် တောင်ပိုင်းရှိ ကျုံဒက်ကျေးရွာ အုပ်စုအနီး သံဒိပ်မြစ်ဝတွင် ပင်လယ်ရေ တိုက်စားမှုများ ဆိုးဝါးစွာ ဖြစ်ပေါ်နေပြီး ၁၇ နှစ်တာ ကာလအတွင်း ဒီရေကာတော စားကျက်မြေ ဧက ၈၀၀ ကျော် ပင်လယ် ရေ တိုက်စားသွားကြောင်း ချောင်းသစ်ပေါက် ကျေးရွာမှ ဦးခင်ရွှေက ပြောပြသည်။
“ဒီရေကာတော အပင်တွေ မရှိတော့ လှိုင်းပုတ်တော့ ကမ်းပြိုတာပေါ့၊ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ ပင်လယ်ထဲ ပါသွားပြီ၊ ကျနော်တို့ရွာက အိမ်တွေလည်း ကမ်းပါးပြိုလို့ ရွှေ့ရတာတွေ ရှိတယ်”ဟု သူက ပြောသည်။
မကြာမီ မိုးရာသီ ကျရောက်တော့မည် ဖြစ်သည်။ မိုးတွင်းကာလ မိုးလေသည်းထန်သည့် ညများတွင် ဒေးဒရဲမြို့နယ် တောင် ဘက် အစွန်ရှိ ကပ္ပလီပင်လယ် နဘေးမှ ကျေးရွာလေးများ၌ ဓာတ်မီးရောင်များ တဝင်းဝင်း ဖြစ်နေပေလိမ့်မည်။ ယင်း မီးရောင်များမှာ မုန်တိုင်း ကြောက်၍ မအိပ်ရဲကြသည့် နာဂစ်ဒဏ်သင့် ပြည်သူတို့၏ မီးရောင်များသာ ဖြစ်လေသည်။ ။