လွန်ခဲ့သည့် ၂ နှစ်ကျော်က အစိုးရအမိန့်ဖြင့် ပိတ်သိမ်းခဲ့သည့် လပွတ္တာမြို့ရှိ ခုတင် ၂၅ ဆန့် မြို့နယ် ပြည်သူ့ ဆေးရုံ ပြန်လည် ဖွင့် လှစ်ပေးရန် မြို့ခံဦးရေ ၁၀၀ ကျော်က မေလ ၃ ရက် နံနက်ပိုင်းက ဆန္ဒ ဖော်ထုတ် ကြကြောင်း သိရသည်။
၂၀၁၁ ခုနှစ် တွင် အစိုးရ အာဏာပိုင်များက ဆေးရုံကို လပွတ္တာမြို့နှင့် ၃ မိုင်ကျော် ကွာဝေးသည့် လပွတ္တာ ၃ မိုင် မြို့သစ်သို့ ရွှေ့ပြောင်း စေခဲ့သဖြင့် ဆေးကုသမှု အဆင်မပြေ ဖြစ်ခဲ့ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံသည် အင်္ဂလိပ်အစိုးရ အုပ်ချူပ်စဉ်ကတည်းက ဖွင့်လှစ် ကုသခဲ့သည့် ဆေးရုံ ဖြစ်ကြောင်း သိရသည်။
ဆေးရုံ ပြန်လည် ဖွင့်လှစ်ပေးရေးအတွက် ဒေသခံများ၏ ယခုဆန္ဒဖော်ထုတ် တောင်းဆိုမှုသည် ဒုတိယ အကြိမ်ဖြစ်သည်။ ပြီးခဲ့ သည့် ဖေဖော်ဝါရီ လကုန်ပိုင်းက လပွတ္တာ မြို့ပေါ်တွင် ပထမ အကြိမ် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
ယင်းသို့ ဒေသခံများက ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း အစိုးရက ပြည်သူတို့ ဆန္ဒကို ဆောင်ရွက်ပေးခြင်း မရှိသည့် အတွက် ယခုကဲ့သို ဒုတိယအကြိမ် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးကြည်သန်းက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ တောင်းဆို ချင်တာက အင်္ဂလိပ် အစိုးရ လက်ထက် ကတည်းက ဖွင့်လှစ်ခဲ့တဲ့ မြို့နယ် ဆေးရုံကို မူလအတိုင်း ပြန်လည် ဖွင့်လှစ်ကုသ ပေးစေလိုတယ်၊ မြို့ထဲမှာ ဆေးရုံ ရှိတုန်းကဆိုရင် တခုခုဆို ဆေးရုံကို အမြန်ပြေးနိုင်တော့ အချိန်မီတယ်၊ အသက်ချမ်းသာရာ ရခဲ့တယ်၊ အဲဒီတော့ မူလ ဆေးရုံဟာ ကျနော်တို့ကို လုံခြုံမှု ပေးနိုင်ခဲ့တဲ့အတွက် တောင်းနေတာပါ”ဟု သူက ဆက်ပြော သည်။
လပွတ္တာ ၃ မိုင် မြို့သစ်ရှိ ဆေးရုံမှာ ခုတင် ၂၀၀ ဆန့် ခရိုင်အဆင့် ဆေးရုံ ဖြစ်ပြီး ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ် သည်။ ဆေးရုံသစ် ဖွင့်လှစ်ပြီးနောက် လပွတ္တာမြို့ပေါ်ရှိ ဆေးရုံဟောင်းကို အရေးပေါ်နှင့် ပြင်ပလူနာဌာန အဖြစ် ဆေးရုံ တာဝန်ရှိသူများက ပြောင်းလဲ အသုံးပြုခဲ့သည်။
“ဆေးရုံသစ်က ၃ မိုင်မှာ ရှိတော့ အရေးပေါ် လူနာတွေကို ဆေးရုံ ပို့နေတဲ့ အချိန်မှာ အချိန်လင့်ပြီး လမ်းမှာတင် ဆုံးပါးကုန် ကြ တယ်၊ မီးမဖွားနိုင်တဲ့ အမျိုးသမီးတွေလည်း အသက်ဘေးနဲ့ ကြုံတွေ့ရတယ်၊ ၃ မိုင် ဆေးရုံမှာက လူနာစောင့်တွေ အတွက်လည်း နေ စရာ၊ စားစရာ ခက်တယ်၊ အစားအသောက် ပစ္စည်း ဈေးနှုန်းလည်း လပွတ္တာထက် ပိုဈေးကြီးတယ်၊ သူငယ်ချင်း မိတ်ဆွေတွေ ဆေးရုံ တက်ရင်တောင် ဝေးလွန်းလို့ လူမှုရေး အရ သွားမမေးနိုင်ဘူး”ဟု လပွတ္တာမြို့ခံ ဦးအေးရှိန်က ပြောသည်။
လပွတ္တာမြို့ပေါ်ရှိ အရေးပေါ်နှင့် ပြင်ပလူနာ ဌာနမှ တာဝန်ခံ ဆရာဝန်က မိမိတို့ဌာန အနေဖြင့် အရေးပေါ်လူနာ၊ သာမန် ထိခိုက် ဒဏ်ရာနှင့် သာမန် မွေးလူနာများကို ဆရာဝန် ၁ ဦးနှင့် သူနာပြု ဆရာမ ၃ ဦးဖြင့် ၂၄ နာရီ အချိန်ပြည့် အခမဲ့ ကုသပေးနေကြောင်း ပြောသည်။
“ခေါင်းကွဲတာ၊ ဗိုက်အောင့်တာ စသဖြင့် အရေးပေါ် လူနာတွေကို လုပ်ပေးလို့ ရနိုင်သမျှ အခမဲ့ ကုသပေး နေပါတယ်၊ အရေးပေါ်နဲ့ ဆေးရုံတက်ဖို့ လိုအပ်တဲ့ လူနာတွေကို ၃ မိုင် ဆေးရုံကြီးကို လွှဲပေးတာပါ၊ ကျမတို့ ဌာနကြောင့် အရေးပေါ်နဲ့ ဆေးရုံတက်ဖို့ မလိုတဲ့ လူနာတွေ အဆင်ပြေ ကြပါတယ်”ဟုလည်း သူက ပြောသည်။
ဆန္ဒဖော်ထုတ်ကြသည့် ဒေသခံများသည် မြို့လယ် ဆုတောင်းပြည့် ဘုရားကြီး အနီးတွင် စုဝေးပြီး လူအင်အား ၁၀၀ ကျော်ဖြင့် “လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံ ပြန်လည် ဖွင့်လှစ်ရေး”၊ “လပွတ္တာမြို့နယ် သံဃာ့ဆေးရုံ ပြန်လည် ဖွင့်လှစ်ရေး”၊ “လပွတ္တာမြို့နယ် သူ/ မြို့နယ်သားများ ဆေးရုံတက်ကုသမှု အဆင်ပြေရေး” “ပြည်သူလူထုကို ကိုယ်စားမပြုသော ဆေးရုံကော်မတီ အလိုမရှိ”စသည့်
ကြွေးကြော်သံများဖြင့် မြို့ထဲ၌ လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။