မြန်မာတနိုင်ငံလုံးရှိ မွတ်စလင်များ ပါဝင်သည့် ပြည်လုံးကျွတ် ညီလာခံ တခုကို လာမည့် စက်တင်ဘာလ မတိုင်ခင် ကျင်းပ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး ကော်မတီက ပြောသည်။
ညီလာခံ ကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်သိန်းက “ အစ္စလာမ် ကိုးကွယ်သူ အားလုံးကို မွတ်စလင်လို့ ခေါ်ပါတယ်။ ဒီညီလာခံဟာ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မွတ်စလင်များ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ တနိုင်ငံလုံး အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အစ္စလာမ် ကိုးကွယ်သူများဟာ ရိုဟင်ဂျာ ဖြစ်ပါစေ၊ ဘင်္ဂါလီ ဖြစ်ပါစေ၊ ရခိုင် စစ်စစ် ဖြစ်ပါစေ၊ ကမန် လူမျိုးပဲ ဖြစ်ပါစေ အခြား လူမျိုးတွေပဲ ဖြစ်ပါစေ၊ အဲဒီ ညီလာခံကြီးဟာ သူတို့တွေနဲ့ အကြုံးဝင် ပါတယ်။ သူတို့ရဲ့ အရေးကိစ္စတွေကို တင်ပြခွင့် ရှိပါတယ်။ အဲဒီ တင်ပြလာတဲ့ အချက်တွေကို ဥပဒေဘောင်ထဲက ကျနော်တို့ ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းညီလာခံ၏ ဦးတည်ချက်တွင် မွတ်စလင်များ အနေဖြင့် ပြည်ထောင်စု သားများ၏ တာဝန်ကို တန်းတူရည်တူ အပြည့်အ၀ ထမ်းဆောင်ခွင့် ရရှိရေးနှင့် အခွင့်အရေးကို တန်းတူရည်တူ အပြည့်အ၀ ခံစား ရရှိရေး၊ သာသနာရေးတွင် တန်းတူရည်တူ အပြည့်အ၀ ယုံကြည် ကိုးကွယ်ခွင့် ရရှိရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများတွင် တန်းတူရည်တူ အပြည့်အ၀ ရရှိရေး၊ လူနည်းစု အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးတို့ ဖြစ်ကြောင်း ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး ကော်မတီ၏ ကြေညာ စာတမ်းတွင် ဖော်ပြ ထားသည်။
အဆိုပါ ညီလာခံ ကျင်းပနိုင်ရေး အတွက် အစိုးရနှင့် အာဏာပိုင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း အသီးသီးကို ဆက်သွယ် စည်းရုံး တင်ပြသွားမည်ဟု သိရသည်။
ပြည်ထောင်စုသား မွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပမည် ဖြစ်သော်လည်း၊ ကျင်းပမည့် နေရာ၊ ကျင်းပမည့် နေ့ရက် အတိအကျကို သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ဒေါက်တာမြင့်သိန်းက ပြောသည်။ မေလ ၃၊ ၄ ရက်များတွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမ၌ တိုင်းနှင့်ပြည်နယ် ၁၅ ခုမှ မွတ်စလင် ၄၇၂ ဦး၊ တက်ရောက်ပြီး ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။