တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို လေ့လာသုံးသပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီ အစည်းအဝေးကို မကြာသေးမီကမှ အမေရိကန်နိုင်ငံကို တရားဝင် သွားရောက်ခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် လည်း တက်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ် ဂွန်မော် ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန် ရှိသူတွေနဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ရှေ့အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချုပ် ဂွန်မော် ကို ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အလားအလာ၊ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အစိုးရ စစ်တပ်နဲ့ KIA တို့ ထိပ်တိုက်ရင်ဆိုင်မှု၊ အမေရိကန်ခရီးစဉ်ရဲ့ အကျိုးရလဒ်တွေကို ဧရာဝတီ သတင်းဌာန သတင်း ထောက်တွေဖြစ်တဲ့ လင်းသန့်နဲ ငြိမ်းငြိမ်း တို့က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ အမေရိကန်ခရီးစဉ် အောင်မြင်မှု ဘယ်လောက် အတိုင်းအတာ ရှိခဲ့ပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ အောင်မြင်မှုကို သိပ်မပြောဘဲနဲ့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ အရင်ပြောချင်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အောင်မြင်မှုဆိုတာထက် နောက်ဘာတွေ ဖြစ်လာမလဲဆိုတဲ့ အပေါ်ပဲ သုံးသပ်ရမှာပါ၊ ကျနော်တို့က State Department ရော၊ တခြားဋ္ဌာနတွေနဲ့ရော၊ ပြီးတော့ တာဝန်ရှိတဲ့ အဆင့်မြင့်ပုဂ္ဂိုလ် တော်တော် များများနဲ့ တွေ့ဖြစ်ပါတယ်၊ တော်တော်ကျေနပ် အားရစရာ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ အမေရိကန်က ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အာမခံနိုင်တဲ့၊ ပါဝင်ကူညီနိုင်တဲ့ ကတိ စကားတွေ ပေးခဲ့ပါသလဲ။
ဖြေ။ ။ ကတိအနေနဲ့မဟုတ်ဘဲ၊ သူတို့ ဆန္ဒက မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ငြိမ်းချမ်းရေး Process တခုလုံးအပေါ်မှာ တကယ် စိတ်ဝင်တစားရှိပြီး၊ပါဝင်ချင်တဲ့ ဆန္ဒရှိတယ်လို့ ခန့်မှန်းရတယ်၊ ပါဝင်ဖို့ မပါဝင်ဖို့ ဆိုတာတော့ သူတို့အနေနဲ့ မြန်မာ အစိုးရနဲ့လည်း ညှိဖို့ လိုအပ်မယ်လို့ သဘောပေါက်တယ်။
သို့သော်လည်း ကျနော်တ့ို KIO အနေနဲ့ကတော့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကုလသမဂ္ဂ၊ အမေရိကန်၊ အင်္ဂလန် နဲ့ တရုတ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်၊ ဒါကိုကျနော်တို့ ပြန်ပြီး သတိပေးပါတယ်။
KIO အနေ နဲ့ရော၊ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ရော၊ ပါဝင်စေချင်တဲ့ ဆန္ဒရှိပါတယ်၊ အဲဒီတော့ အစိုးရက မဖိတ်ခေါ် သော်လည်း နည်းလမ်းရှာပြီးပါဝင်ဖို့ သင့်ပါတယ်လို့ ပြန်ပြီး တင်ပြထားတာဖြစ်ပါတယ်။
မေး။ ။ တရုတ်နယ်စပ် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမေရိကန်က ပါဝင်ချင်တယ်ဆိုတော့ တရုတ်နိုင်ငံ အတွက် အဟန့်အတားတွေများ ဖြစ်နေမလား။
ဖြေ။ ။ ဒီကိစ္စကတော့ အမြင် ၂ မျိုး ရှိနိုင်ပါတယ်၊ တရုတ်နယ်စပ်မှာ ဖြစ်နေတော့၊ တခြား အနောက်နိုင်ငံတွေရဲ့ ပါဝင်မှုကို တရုတ် နိုင်ငံက စိုးရိမ်တဲ့ စိတ်တွေ ရှိနိုင်ပါတယ်။
သို့သော်လည်း ကျနော်တို့ရဲ့ လုပ်နည်းလုပ်ဟန်တွေ၊ ခံယူချက်တွေ နားလည်မှုတွေကို သေချာ ဖော်ပြနိုင်လို့ ရှိရင် အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်။
မေး။ ။ ကချင်ပြည်နယ်မှာ သေနတ်သံတွေ ရပ်စဲပြီး ငြိမ်းချမ်းရေး တကယ်ပေါ်ထွန်းအောင် အမေရိကန်၊ ကုလ သမဂ္ဂနဲ့ နိုင်ငံ တကာ ရဲ့ ပါဝင်မှု အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးကြီးပါသလဲ။
ဖြေ။ ။ အရေးကြီးပါတယ်၊ အခု တိုက်ပွဲဖြစ်နေတာ ၂ နှစ် ၃ နှစ် ရှိလာပြီ ပြဿနာဖြစ်နေတာ နှစ်ပေါင်း ၅၀၊ ၆၀ လောက် ရောက် လာပြီဆိုတော့ ကျနော်တို့ နှစ်ဘက်ထဲပဲ ဖြေရှင်းဖို့အတွက် အခက်အခဲ ဖြစ်တယ်လို့ KIO က ယုံကြည်တယ်။
အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက မပါဝင်လို့ မဖြစ်သလို၊ အမေရိကန်လို နိုင်ငံမျိုးက မြန်မာနိုင်ငံမှာ Engagement (ထိတွေ့ဆက်ဆံရေး) ပေါ်လစီနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်တဲ့ နိုင်ငံကြီးဖြစ်တာကြောင့်၊ ဒီလိုနိုင်ငံကြီးတွေက ပါဝင်မှသာလျှင် ဒီ ကျနော်တို့ရဲ့ Process တခုလုံးက အောင်မြင်မယ်လို့ ယုံကြည်တာဖြစ်တယ်။
မေး။ ။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတော့ ဒါဟာ ပြည်တွင်းမှာ ရှိတဲ့သူတွေကပဲ ဖော်ဆောင်ရမှာ၊ နိုင်ငံတကာကို အားကိုးစရာ မလို ဘူးပြောကြတယ်၊ အထူးသဖြင့် တိုင်းရင်းသား အင်အားစုတွေကတော့ နိုင်ငံတကာက ပါဝင်ဖို့ လိုလားပေမယ့် အစိုးရက လိုလားမှု မပြဘူး၊ ငြိမ်းချမ်းရေးကိစ္စ နိုင်ငံတကာက တကယ်ပါဝင်သင့်သလား၊ ဗိုလ်ချုပ် သဘောထားနဲ့ KIA သဘောထားကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ အစိုးရတိုင်းကတော့ နိုင်ငံတွင်းမှာဖြစ်တဲ့ကိစ္စတွေကို အခြားနိုင်ငံတွေကလာ ဖြေရှင်းပေးတာ သဘောကျမယ် မထင်ပါဘူး၊ ဒါပေမယ့် ဒီလို ပြဿနာမျိုးတွေမှာ တခြားနိုင်ငံတွေက ဝင်ပြီး ကူညီဖြေရှင်းပေးလို့ပဲ နောက်ဆုံး ပြေလည် သွားတာချည်းပဲဖြစ် ပါတယ်။
တခု သတိထားမိတာကတော့ ကိုယ့်ရဲ့ ပြည်တွင်း အရေးကို ပြည်တွင်းမှာ ရှိတဲ့ ခေါင်းဆောင်များက ဦးစီးဦးဆောင်လုပ်ပြီး ဖြေရှင်း သင့်တယ်၊ သို့သော်လည်း အသိသက်သေ အနေနဲ့ကတော့ နိုင်ငံတကာက ပါဝင်ဖို့လိုတယ်။ နိုင်ငံတကာကို ဖိတ်ခေါ်တယ်ဆိုတာ က ကျနော်တို့ရဲ့ အရေးကို နိုင်ငံတကာက သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ သဘောထားတွေ နဲ့ သူတို့ကြိုက်သလိုလာပြီး လုပ်ပါလို့ ဖိတ် ခေါ်တဲ့ သဘောမျိုး မဟုတ်ပါဘူး၊ လုပ်ငန်းစဉ်အပေါ်မှာ သမာသမတ်ရှိရှိနဲ့ လုပ်သွားနိုင်ဖို့ ကူညီပေးပါဆိုတဲ့ သဘောဖြစ်ပါတယ်။
မေး။ ။ အမေရိကန်က ငြိမ်းချမ်းရေး Peace Process မှာ ပါဝင်ချင်တယ်ဆိုတော့ သူက စောင့်ကြည့်တဲ့(Mornitoring) ကိစ္စမှာ အစအဆုံး ပါဝင်မယ်ဆိုတဲ့ သဘောလား။
ဖြေ။ ။ ကျနော်တို့ဘက်ကတော့ Process တခုလုံးမှာပါဝင်ဖို့ ဖြစ်ပါတယ်၊ သို့သော်လည်း ဘယ်လိုပါဝင်မယ်ဆိုတဲ့ အပိုင်း ကိုတော့ အားလုံးနဲ့ ညှိနှိုင်းရမှာပါ။
ဥပမာ မြန်မာစကားနဲ့ဆိုရင် လေ့လာသူလို့ ပြောရင် နည်းနည်း အဓိပ္ပာယ်က ပေါ့သလိုဖြစ်ပါတယ်၊ နိုင်ငံတကာကတော့ Observer လို့ သုံးတာလည်း တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Process ဘက်မှာ ပါဝင်ပြီးတော့ အဓိက သက်သေအနေနဲ့ အကူအညီ ပေးနိုင်ဖို့ပါ။
မေး။ ။ ငြိမ်းချမ်းရေးဆွေးနွးပွဲမှာ အမေရိကန် ပါဝင်ဖို့ အလေးအနက် စဉ်းစားမယ်လို့ ရန်ကုန် အမေရိကန် သံရုံးကလည်း ပြော ပေမယ့်၊ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက ဒီကိစ္စ က မလိုအပ်ဘူး၊ သူတို့ဘာသာ ဖြေရှင်းလို့ရတယ်လို့ဆိုတယ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောတာကို အစိုးရအနေနဲ့ နားထောင်လို့ ရပါတယ်၊ “အထူးသဖြင့် အမေရိကန် ရဲ့ Track Record (လက်တွေ့အောင်မြင်မှု) ကို ကြည့်မယ်ဆိုရင် အာဖဂန်နစ္စတန်တို့ အီရတ်တို့ကို ကြည့်ပြီး Impressive (အထင်မကြီး) မဖြစ်ဘူး” လို့ဆိုတာဟာ အစိုးရကို ကိုယ်စားပြုတဲ့ စကားမျိုးလား၊ ဒါမှမဟုတ် ဦးရဲထွဋ် ပြောတာလား၊ ဒါမှမဟုတ် သမ္မတကို ကိုယ်စားပြုပြော တာလား၊ ဒါမှမဟုတ် အမေရိကန် ပါလာမှာကို စိုးရိမ်လို့ ကြိုကန်တဲ့သဘောလား ဘယ်လို ထင်ပါလဲ။
ဖြေ။ ။ ကျနော်တို့ U.S မှာ ရောက်နေချိန်မှာပဲ ကချင်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အပေါ်မှာ မှားယွင်းတဲ့ သတင်းတွေ တက် လာတာတွေ့ရတယ်၊ နောက်ပြီးဆွေးနွေးပွဲရဲ့ ဖြစ်စဉ်တွေမှာ ခံယူရမယ့် တချို့အချက်တွေ အပေါ်မှာလည်း ကျနော်တို့နဲ့ အယူ အဆ တွေ တော်တော်များများ ကွဲလွဲနေပါတယ်။
ပြီးတော့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကနေ နိုင်ငံတကာက ဝင်ပါစရာမလိုဘူး၊ အမေရိကန်လည်း မလိုဘူးလို့ ပြောတယ်၊ ဆွေးနွေးပွဲမှာ ဒီကိစ္စက ဆွေးနွေးခဲ့ဖူးတာ မရှိပေမယ့်၊ ဒီတကြိမ် ဆွေးနွေးပွဲမှာ ကျနော်တို့က မေးဖို့ ပြင်ဆင် ထားပါတယ်။ ဦးရဲထွဋ်ရဲ့ ပြော ရေးဆိုခွင့်၊ အခွင့်အရေးအရ သူပြောတဲ့ စကားတွေက အစိုးရရဲ့ အာဘော်နဲ့ ဘယ်လောက် အကျုံးဝင်သလဲ၊ အတည်ဖြစ်သလဲ ဆိုတာ ကျနော်တို့ သေချာမသိပါဘူး၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက် အနေနဲ့ ပြောတဲ့စကားဟာ အစိုးရပိုင်းကနေ အမြင် တွေ ထင်ဟပ်တာ ဖြစ်မယ်လို့ မြင်တယ်။
ဘာပဲဖြစ်ဖြစ် ပြည်တွင်းရေးဖြစ်ပေမယ့်၊ ပြည်တွင်းက မဖြေရှင်းနိုင်တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဆိုတော့ နိုင်ငံတကာ ပါဝင်ဖို့ လို တယ်လို့ ကျနော်တို့က ထပ်ပြီး ပြောချင်ပါတယ်။
မေး။ ။ အခု ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြစ်ကြီးနားမှာ ဆွေးနွေးဖို့ အစိုးရကို စာပို့တယ်လို့လည်း သိရ တယ်၊ အစိုးရဘက်က ဘယ်သူတွေပါမလဲ၊ အခြား ဘယ်သူတွေကိုရော ပါဝင်စေချင်တာလဲ။
ဖြေ။ ။ KIO ကိုယ်စားလှယ် အဖွဲ့ကနေ UPWC ဦးအောင်မင်းတို့အဖွဲ့ကို ဖိတ်ခေါ်တာပါ၊ KIOကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ကိုယ် စားလှယ်တွေ့တာ အောက်တိုဘာလက နောက်ဆုံးအကြိမ်ဖြစ်တယ်၊ အဲဒီနောက်ပိုင်းမှာ NCCT ရဲ့ လှုပ်ရှားမှုတွေနဲ့ တောက်လျှောက်ပါဝင်နေတာဖြစ်တယ်၊ အဲဒီအခြေအနေမှာပဲ တိုက်ပွဲတွေ တစတစ ပိုများလာတဲ့အပေါ်မှာ ကျနော်တို့က နှစ်ဘက် ကိုယ်စားလှယ် များကို သီးသန့်တွေ့ပြီးမှ သုံးသပ်ဖို့ ဆွေးနွေးမေးမြန်းစရာရှိတာ မေးမြန်းဖို့ လိုအပ်တယ်လို့ KIO ဗဟို ကော်မတီက ယူဆတဲ့ အတွက် ဖိတ်ခေါ် တာပါ၊ အဲဒီအစည်းအဝေးမှာ အရင်ပါပြီး UN နဲ့တရုတ် အစိုးရ ကိုယ်စားလှယ်များ၊ NCCT အဖွဲ့ဝင်များနဲ့ UNFC အဖွဲ့ဝင်များကို ဖိတ်ခေါ်ဖို့ ကျနော်တို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
မေး။ ။ သမ္မတရုံးက ဦးရဲထွဋ်ကိုရော ဖိတ်ခေါ်ဖို့ အစီအစဉ်မရှိဘူးလား။
ဖြေ။ ။ ကျနော်တို့ကတော့ ဦးရဲထွဋ်လည်း ပါဝင်စေချင်ပါတယ်၊ တချို့အစီအစဉ်တွေလည်း ဆွေးနွေးဖို့လည်း လိုအပ်တယ်လို့ ကျနော်တို့ ထင်တယ်။
မေး။ ။ ဗိုလ်ချုပ် အမေရိကား သွားတဲ့ ခရီးစဉ် မတိုင်ခင်က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ တအား ဖြစ်နေပြီး ခရီးစဉ် အချိန် အတွင်းမှာပဲ တိုက်ပွဲတွေက ရုတ်တရက် ရပ်သွားတာ တွေ့ရတာကို ထူးခြားစွာသတိထား မိတယ်၊ ဘာကြောင့်လို့ ထင်လဲ။
ဖြေ။ ။ သူတို့ ရည်မှန်းချက် ရောက်သွားတာတွေလည်းပါ ပါတယ်၊ ဥပမာ၊ ပန်ခမ်း ဂိတ် ပေါ့၊ ဦးရဲထွဋ် ပြောတာက KIA က တပ်စွဲဖို့ နေရာယူတဲ့အတွက်ကြောင့် ဖြစ်ရတယ်လို့ ပြောတယ်၊ ဒါပေမယ့် အဲဒီနေရာက တိုက်ပွဲ စဖြစ်ကတည်းက ကျနော်တို့ ယူထားတဲ့ နေရာ ဖြစ်ပါတယ်၊ အခုမှ သွားပြီးယူရတဲ့ နေရာမဟုတ်ပါဘူး။ ဒီလို နေရာတွေမျိုးကို ကျနော်တို့က ဆွေးနွေးပြီးတော့မှ တဖက်နဲ့ တဖက် နေရာတွေ ပြန်လည်ချထားရမှာ ဖြစ်ပါတယ်၊ သူတို့ ပန်ခမ်းဂိတ်ကို ရရှိသွားတဲ့နောက်ပိုင်းမှာ အဲဒီနေရာမှာ တိုက်ပွဲတွေ မရှိတော့ဘူး၊ ဒါကြောင့် တချို့နေရာတွေကတော့ သူတို့ရဲ့ရည်မှန်းချက် ပြည့်သွားလို့ တိုက်ပွဲတွေ မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။
မေး။ ။ တချို့က မြန်မာစစ်တပ်က သေနတ် စ ပေါက်တာ၊ တချို့ကKIA က သေနတ် စပေါက်တာ၊ တချို့ကလည်း မြန်မာ စစ် တပ်က KIA ကို သေနတ် ပေါက်အောင် လှုံ့ဆော်တာလို့ ပြောတယ်၊ ဘယ်ဟာက အမှန်လဲ။
ဖြေ။ ။ ဒီအချိန်မှာ ဘယ်ဟာ အမှန်လဲလို့ပြောရင် ကျနော်တို့က ဒိုင်လူကြီးမရှိတဲ့နေရာမှာ ပြောရမှာဖြစ်တော့ မပြောချင်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အနေအထားမျိုးမှာ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ တိုက်ပွဲတွေ မဖြစ်သင့်ဘူးလို့ပဲ ပြောချင်တယ်။
မေး။ ။ ပန်ခမ်းဂိတ်က နှစ်ဦး နှစ်ဖက်အတွက် ဘယ်လောက် အရေးကြီးတဲ့ ဂိတ်မျိုး ဖြစ်နေလို့လဲ။
ဖြေ။ ။ ပန်ခမ်းဂိတ်ဆိုတာက တရုတ်ပြည်ဘက်ကို ဝင်တဲ့ ဂိတ်တခုပါ၊ တရားဝင်ဂိတ်မဟုတ်ပေမယ့်၊ နှစ် နိုင်ငံကို ဆက်သွယ်တဲ့ ဂိတ်တခုပါ၊ အရေးကြီးတယ်လို့ ပြောရမှာဖြစ်ပါတယ်၊ အခုလည်းပဲ ဒီနေရာကို ပြန်လည် နေရာချထားရေးကတော့ စစ်ရေးနည်းနဲ့ မဟုတ်ဘဲ ဆွေးနွေးရေးနဲ့ ကျနော်တို့ အဖြေရှာဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဒါဆို စစ်တပ်က ကချင်ပြည်နယ်မှာ ဗျူဟာအရ အရေးကြီးတဲ့ နေရာတွေကို လွှမ်းမိုးသွားပြီလား။
ဖြေ။ ။ ဥပမာ ပန်ခမ်းဂိတ်ကိုရရင် ရည်မှန်းချက်က ပြည့်သွားပြီ၊ ဒီ နေရာမှာ တိုက်ပွဲ ရှိစရာမလိုတော့ဘူး၊ ဒါပေမယ့် တခြား ရည် မှန်းချက်တခု အတွက်ဆိုရင် တိုက်ပွဲတခု ထပ်ပြီးလုပ်ဖို့ လိုအပ်မလား၊ ဒါကြောင့် MPC ကို တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာလည်း ဆက်သွယ်ပြီး အစိုးရက နိုင်ငံရေး နည်းအရ စဉ်းစားမလား၊ တိုက်ပွဲ နည်းနဲ့ စဉ်းစားမလားဆိုတာ ပြန်သုံးသပ်ပေးပါလို့ ကျနော်တို့က တရားဝင် အကြောင်းကြားထားပြီး ဖြစ်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးအတွက် Observers တွေလို့ပြောတဲ့ ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ အင်္ဂလန် တို့ကို ပါဝင်ပေးဖို့ဖိတ် ခေါ် ထားတယ်၊ အခု အမေရိကန်ကိုလည်း ကိုယ်တိုင် ဖိတ်ကြားခဲ့တယ် ဆိုတော့၊ အခု ဒီတခေါက် ဦးအောင်မင်း တို့ကို မြစ်ကြီးနား အစည်းအဝေး လုပ်ဖို့ ဖိတ်ကြားတဲ့အခါမှာ အမေရိကန်၊ အင်္ဂလန်တို့ ပါသင့်တယ် ဆိုတဲ့အချက် မပါခဲ့ဘူး။
ဖြေ။ ။ ဒီတကြိမ်မှာ သူတို့ပါဝင်လာရေး ဆွေးနွေးချက်မရှိဘူး၊ ဒီကနေ့ပဲ အကြောင်းကြား လိုက်ပါပြီ၊ တကယ်တော့ KIO နဲ့ အစိုး ရ နဲ့ တွေ့ဆုံပွဲမှာ U.N ၊ တရုတ် ကိုယ်စားလှယ်များ ပါပြီးသား ဖြစ်ပါတယ်၊ တနိုင်ငံလုံး လုပ်နေတဲ့ Process မှာ နိုင်ငံတကာက ပါဝင်လာဖို့ အဓိက ကျနော်တို့က ဖြစ်စေချင်တာပါ။
မေး။ ။ NCCT အစည်းအဝေးတွေမှာရော နိုင်ငံတကာ ပါဝင်လာဖို့ ဘယ်လိုရှိလဲ။
ဖြေ။ ။ NCCT က ဒီကနေ့ အစည်းအဝေး ဆုံးဖြတ်ချက်မှာ နိုင်ငံတကာက Peace Process တွေမှာ ပါဝင်လာဖို့ လိုအပ်တယ် လို့ ဆုံးဖြတ်ပါတယ်၊ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံစံ ပါဝင်မယ်ဆိုတာ UPWC နဲ့ ဆက်ပြီးတော့ ညှိနှိုင်းမှာ ဖြစ်ပါတယ်။
မေး။ ။ အမေရိကန် ခရီးစဉ်က ပထမဆုံး အကြိမ် KIA ကို State Visit ပုံစံမျိုးနဲ့ ဖိတ်ကြားခံရတာဖြစ်တယ် ဆိုတော့ KIO ဆိုတာကို သူတို့က Independent လို့ သဘောထားလား၊ အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တုန်းက ဆွေးနွေးဖြစ်ခဲ့တာမျိုး၊ သူတို့ဘက်က မေးတာမျိုးတွေ ရှိလား။
ဖြေ။ ။ အမေရိကန်က တာဝန်ရှိသူတွေ ကိုယ်တိုင်က ဒီမေးခွန်းကို မေးပါတယ်၊ ကျနော်တို့ ပြန်ဖြေတာက ၂ဝ၁၃ ခုနှစ် မေလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်း လူထု အစည်းအဝေးမှာ U.N ကိုယ်စားလှယ်များရဲ့ ရှေ့မှာပဲ လူထုကို သတင်းစကား ပေး တာ ကတော့ Kachin Indenpent Orgazination ၊ Indenpence ကို Freedom and Liberty လို့ အဓိပ္ပာယ်ဖွင့်ဆိုတယ်လို့ ပြောခဲ့ပါတယ်။
တဖက် ကလည်း အစိုးရကို ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောတာက ကျနော်တို့ ကချင်လူမျိုးများဟာ လွတ်လပ်ရေး ရချင်လို့ စစ် တိုက်ခဲ့ကြတာဖြစ်တယ်၊ ဒီကနေ့လည်း လွတ်လပ်ရေးကို လိုချင်သလို၊ နောင်လည်း လိုချင်တယ်၊ ကျနော်တို့ အခု ဆွေးနွေးနေ တာက ကျနော်တို့ရဲ့ အရင် ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြတဲ့ ပြည်ထောင်စုမှာ အတူတကွ တန်းတူ နေထိုင်ရေးဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့ ကချင်တိုင်းရင်းသားများ လက်ခံနိုင်တဲ့ နိုင်ငံရေး အနေအထားကိုပေးပါ၊ ကျနော်တို့ အတူတကွနေမယ်လို့ ဆွေးနွေး နေတာဖြစ်ပါတယ်၊ နိုင်ငံတော်ကနေ ဘယ်တော့မှ မခွဲထွက်ဘူးလို့ လက်မှတ်ထိုးမယ့်အစား၊ နိုင်ငံတော်ကနေ ခွဲထွက် စရာ မလိုအောင် ဘယ်လို အတူတကွနေကြမလဲလို့ ဆိုတဲ့ အပိုင်းကို အဓိကထားပြီး ကျနော်တို့ ထောက်ပြနေတာ ဖြစ်ပါတယ်။
မေး။ ။ အခု အမေရိကန်ကလည်း KIO၊ KIA နဲ့ ထိတွေ့ဆက်ဆံနေပြီ၊ တဆက်တည်းမှာ မြန်မာအစိုးရနဲ့လည်း ထိတွေ့ ဆက်ဆံမှု လုပ်တဲ့အခါ Military to Military (စစ်တပ်ချင်း ဆက်ဆံရေး) ပေါ့။ အဲဒီကိစ္စကို ဘယ်လိုမြင်လဲ၊ ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ။ ။ ဒီစစ်တပ်ချင်း ဆက်ဆံရေး ကိစ္စက ကျနော်တို့ တိုင်းရင်းသားများအတွက် အရေးကြီးသလို၊ နိုင်ငံတကာရဲ့ အခန်းကဏ္ဍလည်း အရေးကြီးတဲ့ အနေအထားမျိုးဆိုတာ အခုမှပိုပြီး သေသေချာချာ သိလာရပါတယ်။ တကယ်တော့ ဒီ စစ်တပ်ချင်း ဆက် ဆံရေးကို နိုင်ငံတကာက တော်တော်များများ လုပ်ဆောင်နေပြီလို့ ကျနော်တို့က ခံစားရတယ်၊ ဒီအခြေအနေမျိုးကို ကျနော်တို့ ထောက်ခံသလား၊ မထောက်ခံဘူးလားလို့ မေးတဲ့ မေးခွန်းက အတော်အဖြေရ ခက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြောတဲ့ အချက် ၂ ချက်က ပထမ မြန်မာနိုင်ငံ အစိုးရက ပြည်သူလူထုကို ပေးနေတဲ့ သတင်းစကား က “အခုလို စစ်တပ်ချင်း ဆက်ဆံရေး လုပ် တယ် ဆိုတာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ မှန်ကန်လို့ အမေရိကန်လို နိုင်ငံကြီးတွေ က ထောက်ခံနေတာ ဖြစ်တယ်ဆိုပြီး သတင်း စကား ပေးနေတယ်။
ကျနော်တို့ နားလည်တာက ဒီသတင်းစကားက မှားတယ်၊ အမေရိကန် အစိုးရက ပြုပြင်ပြောင်းလဲရေးအတွက် ကူညီတာသာဖြစ် တယ်၊ မှန်ကန်လို့ အကူအညီပေးတာ မဟုတ်ဘူး၊ ဒါကြောင့် အမေရိကန် အစိုးရအနေနဲ့ ဒီကိစ္စမှာ လူထုကို အသိပေးသင့်တယ်လို့ မြင်တယ်။
ဒုတိယ အချက်အနေနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက လုပ်နေတဲ့ စစ်တပ်ချင်း ဆက်ဆံရေး ကိစ္စမှာ စစ်ရေး နဲ့ ပတ်သက် တဲ့ တိုက်ပွဲ စွမ်းရည်မြှင့်တင်ပေးတဲ့ လေ့ကျင့်ရေးမျိုးကို မပေးဘူးလို့ ပြောနေပေမယ့်၊ နည်းပညာ တခုကို ဘယ်နေရာမှာပဲ သုံးရ မယ် ဆိုတာ ပုံသေမရှိပါဘူး။
တကယ်လို့ ဒီနည်းပညာများနဲ့ တိုင်းရင်းသားများအကျိုး ထိခိုက်စေနိုင်တဲ့ စစ်ရေးမှာ တိုက်ခိုက်ရေး စွမ်းရည်ပေးနိုင်တဲ့ပုံစံမျိုး ဖြစ် လာရင် တိုင်းရင်းသားများက စကားပြောဖို့ ရှိပါတယ်လို့ အဓိက ဒီ ၂ ချက်ကို ကျနော်တို့က သတင်းစကား ပေးထားတာဖြစ်ပါတယ်။
မေး။ ။ ကချင်ပြည်နယ်မှာ သေနတ်သံတွေ ရပ်စဲသွားပြီး တကယ် ငြိမ်းချမ်းရေး ပေါ်ထွန်းလာဖို့ ဘယ်လောက် အထိ ကြာမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ မျှော်လင့်လို့ရမလဲ၊ ဘယ်လိုပုံစံနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြမလဲ။
ဖြေ။ ။ ပထမ တချက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် အချိန်ကြာနေတာက Political Dialogue မှာ အချိန်တိုဖို့ ဖြစ်ပါတယ်၊ တချို့အမြင်က အပစ်အခတ် ရပ်စဲရေးစာချုပ် မချုပ်နိုင်လို့ နိုင်ငံရေးဆွေးနွေးမှု မဖြစ်နိုင်ဘူး လို့ မြင်တယ်။
ကျနော်တို့ နားလည်တာက မှန်ကန်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေအတွက် အာမခံချက်ရှိရင် အပစ်အခတ် ရပ်စဲရေးဆိုတာက ချက် ချင်း ဖြစ်နိုင်တဲ့ကိစ္စပါ၊ အဲဒီကျရင် သေနတ်သံတွေ၊ တိုက်ပွဲတွေ အားလုံး ရပ်စဲသွားမှာဖြစ်ပါတယ်၊ အခု Single Text ဆိုတဲ့ Process ပေါ် ရောက်နေပါပြီ၊ ဒါပေမယ့် သဘောတရားနဲ့ အတွေ့အကြုံအရကတော့ နှစ်ဖက်လုံးမှာ အများကြီး အားနည်းနေပါသေး တယ်။
မေး။ ။ မြန်မာပြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရအဆက်ဆက် လက်ဝါးကြီးအုပ်တာတွေ့ရတယ်၊ သူတို့က Dialogue လုပ်ပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့ အစည်း တွေနဲ့ သပ်သပ်၊ ဒီဘက်က လူတွေကို သပ်သပ်လုပ်တယ်၊ ဗမာအစိုးရ ကိုယ်တိုင်က အမြဲ Divide and Rule ကို မဟာဗျူဟာ ကျကျ အမြဲသုံးတာ တွေ့ရတယ်။ တကယ်သူတို့ Dialogue လုပ်ချင်တာလား၊ လုပ်တဲ့အခါကျရင် တိုင်းရင်းသားကို သပ်သပ်တခု၊ ဗမာ ကို သပ်သပ်တခု၊ ဒီမိုကရေစီအုပ်စုနဲ့ သပ်သပ် လုပ်တာမျိုး ဖြစ်မနေဘူးလား။
ဖြေ။ ။ ကျနော်တို့ NCCT ကနေ တင်ပြထားတဲ့ စာတမ်းမှာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာ Political Dialogue လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီဟာကို ဘယ်လို လုပ်ကြမလဲ၊ ဘယ်သူတွေ ပါဝင်မလဲဆိုတာကို Politiacl Frame Work အတူ တကွ ရေးဆွဲဖို့ဆိုတာ တင်ပြထားပါတယ်၊ အဲဒီမှာ အားလုံးပါဝင်ဖို့ တကွဲတပြားမဖြစ်ဖို့ တင်ထားတာ ဖြစ်တယ်။
အားလုံးဆိုတာက မြန်မာနိုင်ငံမှာ ရှိတဲ့ အင်အားစုများ၊ ပါဝင်သင့်တဲ့ သူတွေအားလုံး ပါဝင်ရမယ်လို့ ကျနော်တို့က တင်ပြထားပါတယ်၊ သို့သော်လည်း အစုအဖွဲ့ခွဲတဲ့ ကိစ္စမှာတော့ အစိုးရနဲ့ တော်တော်များများ ဆွေးနွေးဖို့ ကျန်ပါသေးတယ်၊ ဥပမာ အစိုးရ ဘက် မှာတောင် အစိုးရကတဖွဲ့၊ တပ်မတော်ကတဖွဲ့၊ လွှတ်တော်က တဖွဲ့ တက်မယ်လို့ပြောတယ်။ နားလည်တာက အစိုးရလို့ ပြော လိုက် ရင် ဒီ ၃ ဖွဲ့လုံး ပါ ပါတယ်၊ ဒါကြောင့် နိုင်ငံရေးပါတီတွေ၊ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက ဘယ်လိုပါဝင် မလဲ၊ အခြားပါဝင်သင့်တဲ့ အဖွဲ့တွေက ဘယ်သူတွေ ရှိသလဲ၊ အဲဒီ Frame Work မှာ အတူတကွရေးဆွဲပြီး ပါဝင်ဖို့ ၊တကွဲ တပြား မဖြစ်အောင် ကြိုးစားနေပါတယ်။
မေး။ ။ တိုင်းပြည်ရဲ့တံခါး နည်းနည်းလေး စပြီးဖွင့်လိုက်ပြီဆိုတော့ ကချင်ပြည်နယ်မှာရှိတဲ့ ဘာသာရေး၊ လူမှု ရေး၊ CSO(လူထု အခြေပြု လူမှုအဖွဲ့)တွေရဲ့ လှုပ်ရှားမှုတွေကို အစိုးရက ဘယ်လောက်ကန့်သတ်မှုတွေ ရှိနေသေးလဲ၊ ဒါမှမဟုတ် ဖြေလျှော့မှုတွေ လုပ်ပေးလား။
ဖြေ။ ။ အစိုးရ အနေနဲ့ CSO တွေကို အားပေးတယ်လို့ ပြောသော်လည်း၊ အလုပ်လုပ်နိုင်အောင် တွန်းအားပေးတဲ့ အနေအထား တော့ မရောက်ဘူးလို့ ယုံကြည်တယ်၊ အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်မရေးထိုးမီ လူထုနဲ့ CSO များကို ချပြဆွေးနွေးသင့် တယ်၊ ရှေ့ဆက်ပြီးလုပ်မယ့် လုပ်ငန်းတွေအားလုံးမှာ ဒီလူတွေနဲ့ လုပ်ကြရမှာဖြစ်တဲ့အတွက် သူတို့ဆီက အကြံဉာဏ်တွေ ထပ်ဖြည့်ပြီးတော့ လုပ်သင့်တယ်၊ ဒါကြောင့် မိန့်ခွန်းတွေမှာ အားပေးတယ် လို့ ပြောနေယုံနဲ့ မပြီးပါဘူး၊ တကယ်လက်တွေ့မှာလည်း အားပေးသင့်တယ်လို့ ယုံကြည်တယ်။
မေး။ ။ အရင်တုန်းက စစ်အစိုးရက ခရစ်ယာန်ဘာသာဝင်နဲ့ တခြားဘာသာဝင်တွေကို အမြဲတမ်း နှိမ်ချဆက်ဆံတဲ့ ပေါ်လစီကျင့် သုံးခဲ့တယ်၊ အခုရော ကချင်ပြည်နယ်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး ဘယ်လိုပေါ်လစီတွေ အစိုးရက ထားသလဲ။
ဖြေ။ ။ ပေါ်လစီ ဘယ်လိုထားသလဲလို့ ပြောတာကတော့ သက်သေပြဖို့ ခက်ပါတယ်၊ ဒါပေမယ့် လက်တွေ့မှာတော့ ဒီလို ကိစ္စမျိုးတွေ အများကြီး ရှိပါတယ်။ ဘုရားကျောင်းကန်ဆောက်တဲ့ ကိစ္စတို့၊ ဘာသာရေး ကျောင်းများ ဖွင့်ခွင့် မပြုတဲ့ ကိစ္စ တို့အများကြီး ရှိတယ်၊ အခုထိ ရှိနေတုန်းပါပဲ။
တပ်မတော်ထဲမှာလည်း အများကိုးကွယ်သော ဘာသာ မကိုးကွယ်သောသူဆိုတဲ့ ခွဲခြားမှုတွေ ရှိခဲ့တယ်၊ လွန်ခဲ့တဲ့ ၂ နှစ်လောက် တုန်းက ဝန်ကြီး ဦးအောင်မင်းက ဒီလို ကိစ္စမရှိတော့ဘူး၊ သမ္မတက စစ်တပ်ကိုလည်း ဒီလို မလုပ်နဲ့လို့ ပြောပြီးပြီလို့ ပြောတော့၊ ကျနော်က အဲဒီလို ပြောယုံနဲ့ မပြီးပါဘူး၊ မှတ်ပုံတင်မှာ ကိုးကွယ်သည့်ဘာသာ ပါနေတုန်းရှိနေပါသေးတယ်လို့ သူ့ကို ဖြေကြားခဲ့ဖူးပါတယ်။ ။