မြန်မာ့နိုင်ငံရေးမှာ သြဇာအင်အားကြီးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့က အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု ဗဟိုကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြီး လွှတ်တော် ပြင်ပ လူထုလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပေမယ့် တိုင်းရင်းသား နိုင်ငံရေး အင်အားစု တွေ၊ ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လှုပ်ရှားမှာ ပါဝင်ဖို့ တရားဝင် ကမ်းလှမ်း ဖိတ်ကြားတာမျိုး မရှိသေးတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အဓိက အတားဆီး၊ အခက်အခဲဖြစ်စေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် အဓိက ဦးတည်ချက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းဗဟိုကော်မတီက အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွေ၊ လက်မှတ် ရေးထိုး လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော်ရေးတွေ ကို အဓိက လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ NLD နဲ့ ၈၈ မျိုးဆက်တွေရဲ့ ပူးပေါင်းလှုပ်ရှားမှုက ဖွဲ့စည်းပုံပြင်ရေးအတွက် လွှတ်တော်ပြင်ပမှာ အကြီးမားဆုံးသော လှုပ်ရှားတခု ဖြစ်လာမယ့်ပုံရှိပါတယ်။
မေလ ၅ ရက်နေ့မှာတော့ NLD နဲ့ ၈၈ အခြေခံဥပဒေပြင်ဆင်ရေး ဗဟိုပူးပေါင်းကော်မတီ ဖွဲ့စည်းကြောင်း NLD က ကြေညာထုတ်ပြန်လိုက်ပြီး NLD ဘက်က ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်တို့ ၆ ဦးပါဝင်သလို ၈၈ မျိုးဆက်ဘက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီနဲ့ ဦးပြုံးချိုတို့ ပါဝင်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီကတော့ အခြေခံဥပဒေပြင်ဆင်ရေး ဗဟိုပူးပေါင်းကော်မတီ အနေနဲ့ ရန်ကုန်နဲ့ မန္တလေးမှာ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွေ စတင်လုပ်တော့မယ်လို့ ဆိုပါ တယ်။
“ရန်ကုန်နဲ့မန္တလေးမှာ လူထုဟောပြောပွဲတွေ လုပ်ဖို့ ပြင်ဆင်နေတယ်။ ဟောပြောပွဲတွေနဲ့ တဆက်တည်း နောက်ဆက်တွဲ အများပြည်သူ ပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသော နည်းလမ်းတွေကို လုပ်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မျက်ခြေမပြတ်စေဘဲ အများပြည်သူ ပူးပေါင်းပါဝင်နိုင်တဲ့အထိ နည်းလမ်းတွေကို သုံးသွားမယ်” လို့ သူက ဆိုပါတယ်။
NLD နဲ့ ၈၈ ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီအနေနဲ့ စည်းရုံးရေးနည်းလမ်းနဲ့ တပ်မတော်၊ ပြည်သူနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို နားလည်အောင် ရှင်းလင်းပြပြီး ဖွဲ့စည်းပုံပြင်ဖို့ ရည်ရွယ်ချက်ထားတယ်လို့ ဆိုပေမယ့် တိုင်းရင်းသားတွေနဲ့ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတာမျိုး အစီအစဉ် မရှိတဲ့အတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေးအင်အားစု အားလုံးကို ကိုယ်စားပြုတဲ့ လွှတ်တော်ပြင်ပ လှုပ်ရှားမှုကြီးတခု ဖြစ်လာဖို့ ခဲယဉ်းတဲ့အပြင် အောင်မြင်မှုရဖို့လည်း အတော်မလွယ်ကူပါဘူး။
အင်အားကြီးတဲ့ နိုင်ငံရေးအင်အားစုတွေဖြစ်လို့ပဲ တိုင်းရင်းသားတွေနဲ့ အခြားနိုင်ငံရေးအင်အားစုတွေကို အလေးထားစရာမလိုဘူးဆိုတဲ့ သဘောထားမျိုး NLD နဲ့ ၈၈ မှာ ရှိနေသလားဆိုပြီး နိုင်ငံရေးသမားတချို့က မေးခွန်းထုတ်ပါတယ်။
ဦးဂျင်မီကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းချင်တဲ့ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပေမယ့် တကူးတက ပူးပေါင်းကမ်းလှမ်းဖိတ်ကြားတာမျိုး လုပ်ပါ့မယ်ဆိုတာ ပြောဆိုတာမျိုး မရှိပါဘူး။
“လွှတ်တော်ပြင်ပကနေ ပြည်သူနဲ့ ပူးပေါင်းလုပ်တာပါ။ ကျနော်တို့ အကျယ်ပြန့်ဆုံးဖြစ်အောင် ဆောင်ရွက် သွားမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပူးပေါင်းပါဝင်ချင်တဲ့ ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်သွားမှာပဲ။ ပြင်တာကတော့ လွှတ်တော်က အဓိက ပြင်ကြရမှာပဲ။ လွှတ်တော်မှာ ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူလူထုရဲ့အသံ၊ ပြည်သူ့ဆန္ဒ ကို သယ်ဆောင်သွားနိုင်ဖို့ ကျနော်တို့ လုပ်တာ” လို့ ဦးဂျင်မီက ပြောပါတယ်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ(UNA) ခေါင်းဆောင်တဦးလည်းဖြစ်၊ ရခိုင်အမျိုးသား ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအေးသာအောင်ကတော့ NLDနဲ့ ၈၈ ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီက လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ကမ်းလှမ်းလာရင် UNA အစည်းအဝေးခေါ် ညှိုနှိုင်းတာတွေ လုပ်ဆောင်ဖို့ ရှိပေမယ့် အခုအချိန်ထိ တရားဝင်ကမ်းလှမ်းတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
“NLD နဲ့ ၈၈ ပူးပေါင်းကော်မတီက ကျနော်တို့ တိုင်းရင်းသားတွေကို ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းတာ မျိုး မရှိပါဘူး။ ကမ်းလှမ်းလာရင်တော့ UNA က ဆွေးနွေးမှာပေါ့။ အခြားအဖွဲ့အစည်းတွေအားလုံးကိုလည်း ပူးပေါင်း ဖို့ ဖိတ်သင့်တယ်။ လွှတ်တော်ပြင်ပ က လုပ်တာ ဖြစ်ပေမယ့် အဖွဲ့အစည်းအားလုံး ချိတ်ဆက်ပြီးလုပ်ရင်၊ တိုင်းရင်းသားတွေပါရင် ပိုပြီး ထိရောက်တဲ့ အင်အားစုကြီး၊ လွှတ်တော်ပြင်ပ တပ်ပေါင်းစုကြီးဖြစ်သွားမယ်။ ပိုပြီး ကောင်းမယ်။ လွှတ်တော်ပြင်ပမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ ၈၈ လို လူမှုအဖွဲ့အစည်း တွေအားလုံးရှိနေတော့ ပူးပေါင်းချိတ်ဆက်မှုရှိရင် ပိုပြီးတော့ အင်အားလည်းရှိမယ်၊ ပိုပြီးတော့ အောင်မြင်ဖို့ အလားအလာ ပိုကောင်းတယ်” လို့ ဦးအေးသာအောင်က ပြောပါတယ်။
နိုင်ငံရေးသမားတချို့ကတော့ NLD နဲ့ ၈၈ အနေနဲ့ လွှတ်တော်ပြင်ပမှာ လှုပ်ရှားတာထက် လွှတ်တော်တွင်း လှုပ်ရှားမှုတွေ ပိုလုပ်သင့်တယ်လို့ ထောက်ပြကြပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ လွှတ်တော်ကသာ ဆုံးဖြတ်မှာမို့ လွှတ်တော်တွင်း စည်းရုံးပြောဆိုမှုတွေလုပ်ဆောင်သင့်တဲ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး အဓိကကျတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ကို အဓိက ဆွဲဆောင်သိမ်းသွင်းတာမျိုး လုပ်သင့်တယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက “NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကရော အင်အားကောင်းတဲ့အဖွဲ့အစည်းတွေဖြစ်တော့ ထိရောက်မှုရှိနိုင်တော့ပါတယ်။ လွှတ်တော်ပြင်ပ ဆိုပေမယ့် ဘယ်ကိစ္စမဆို ပူးပေါင်းဆောင်ရွက်တယ်ဆိုတော့ ကောင်းပါတယ်။ လွှတ်တော်ပြင်ပ ဆိုတော့ လှုပ်ရှားမှုတခုအနေနဲ့ ကောင်းပါတယ်။ အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပြင်ဆင်ရမှာက လွှတ်တော်မှာ တာဝန်ရှိတယ်။ လွှတ်တော်မှာ ပြင်မှ အထမြောက်မှာဆိုတော့ လွှတ်တော်မှာလည်း လှုပ်ရှားမှုတွေရှိသင့်တယ်။ လွှတ်တော်ပြင်ပမှာ လုပ်သလို လွှတ်တော်တွင်းမှာ လှုပ်ရှားမှုတွေရှိဖို့ လိုနေပါတယ်” လို့ ဆိုပါတယ်။
NLD နဲ့ ၈၈ အခြေခံဥပဒေ ပြင်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်မှာဖြစ်ပေမယ့် လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်နိုင်ခဲ့လို့ရှိရင် ဘာဆက်လုပ်မယ်ဆိုတဲ့ တိကျတဲ့ မဟာ ဗျူဟာမရှိဘူးလို့ သိရပါတယ်။
ဆန္ဒပြတောင်းဆိုမှု လက်မှတ် ရေးထိုး လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ အချိန် NLDနဲ့ ၈၈ အနေနဲ့ မဟာဗျူဟာမြောက်မူဝါဒ မရှိဘဲ သာမန် လှုပ်ရှားပုံစံနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမယ်ဆိုရင်တော့ လူရယ်စရာဖြစ်မယ်လို့ ဝေဖန်ထောက်ပြသူတွေလည်းရှိပါတယ်။
ဦးဂျင်မီက “အခြေခံဥပဒေ မပြင်နိုင်ဘူးဆိုရင် တိုင်းပြည် တိုးတက်စရာ အကြောင်းမရှိဘူး။ မပြင်ချင်ဘူးဆိုတဲ့ ဘက်က အားကောင်းတယ်ဆိုရင် တိုင်းပြည်ကို မတိုးတက်စေချင်ဘူးဆိုတဲ့ အင်အားစုက ကြီးစိုးနေဦးမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီလိုဆိုရင် တိုင်းပြည်က ပိုပြီးတော့ ရုန်းကန်ရမယ်၊ ဆင်းရဲရဦးမယ်။ ဒီအခြေအနေတွေကို ရောက်ခဲ့မယ်ဆိုရင် အဲဒါကို ကျော်လွှားမယ့် နည်းလမ်းတွေ ထပ်ရှာရမယ်။ ဒါပေမယ့် လက်ရှိမှာတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတဲ့ အမြင်နဲ့ပဲ ချည်းကပ်တယ်။ မပြင်ဆင်နိုင်တဲ့ အခြေအနေကြီးကို မစဉ်းစားချင်သေးဘူး။ အဲဒီလို အခြေအနေမျိုးလည်း မကြုံချင်ဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။