ကချင်ဒုက္ခသည်များကို မြန်မာ့တပ်မတော်မှ ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့အပြီး ပြန်လွှတ်ပေးလိုက်မှုနှင့် တိုက်ဆိုင်စွာ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်း တနေရာသို့ ခရီးထွက်လာသည့် အစိုးရ ဝန်ထမ်း တချို့အား ကချင်လွတ်လပ်ရေး တပ်မတော် ( KIA ) က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မေလ ၃ ရက်နေ့ က မြစ်ကြီးနားမြို့နယ် အတွင်းရှိ ဒွမ်ဂမ်ကျေးရွာနှင့် လုံဂါဇွပ်ကျေးရွာ အကြားရှိ ဧရာဝတီ မြစ်ကမ်းသို့ အပန်းဖြေလာရောက်သည့် ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား တဦးတို့ကို KIA က ဖမ်းဆီးသွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ အငယ်တန်း စာရေး ဦးဖြိုးဖြိုးနှင့်ယာဉ်မောင်းတို့ စီးနင်းလာသည့် ဆိုင်ကယ်ကို အရပ်ဝတ် KIA တပ်ဖွဲ့ဝင် ၆ ဦး က လမ်းပေါ်၌ ဝါးလုံးဖြင့် တားဆီး ရပ်တန့်စေခဲ့ပြီး အနီးရှိ ရာဘာခြံထဲသို့ မောင်းဝင်စေခဲ့ ကြောင်း၊ ထို့အတူ နောက်မှ လိုက်ပါလာသည့် ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား တဦးကို လည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းစာ၌ ဖော်ပြထားသည်။
KIA နယ်မြေ ၁၁ ၌ လူတချို့ ဖမ်းဆီးခြင်းသည် ဟုတ်မှန်ကြောင်း၊ သို့သော် အစိုးရဝန်ထမ်းဖြစ်၍ ဖမ်းဆီးခြင်းမျိုး မဟုတ် ကြောင်း၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ကိစ္စတချို့တွင် KIA မှ လည်း တာဝန်ယူဆောင်ရွက်နေမှုများ ရှိကြောင်း၊ အသေးစိတ် သိရှိနိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း KIA ဒု စစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ဧရာဝတီ ကို ပြောသည်။
၎င်းက “လူတချို့ကို ဖမ်းဆီးတဲ့ သတင်းကို ကျနော်တို့လည်း ကြားပါတယ်၊ ဖြစ်ပုံ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ”ဟု ဆို သည်။
ကချင်နှင့် ရှမ်းပြည်နယ် အတွင်းရှိ KIA ထိန်းချုပ်ရာ ဒေသ တချို့၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး၍ ဒုက္ခသည် စခန်းတချို့၌ ခိုလှုံနေသည့် ဒုက္ခများကိုလည်း အစိုးရ စစ်တပ်က ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်း ဆီးထားခဲ့ပြီး ယမန်နေ့က ပြန်လည် လွှတ်ပေးလိုက်ကြောင်း ကချင် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီစာ က ဧရာဝတီ ကို ပြောသည်။
၎င်းက“ဒုက္ခသည် စာရင်းမှာ နာမည်မပါလို့ ဆိုပြီး အမျိုးသား ၁၄ ဦးကို ဖမ်းသွားပြီး ပြန်လွှတ်ပေးတယ်၊ အဲဒီ ၁၄ ယောက် ထဲက တယောက်ကို တခါ ပြန်ဖမ်းသွားပြီး ဒီမနက်မှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်”ဟု ဆိုသည်။
ထို ဖမ်းဆီးခံရသူ ၁၄ ဦးသည် KAI ထိန်းချုပ်ရာ မန်စီမြို့နယ် အတွင်းရှိ လဂတ်ယန် ဒုက္ခသည် စခန်းမှ အမျိုးသားများဖြစ် ပြီး၊ ၎င်းတို့အား မန်ဝိန်းကြီး ဒေသ၌ စခန်းချထားသည့် အစိုးရ စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ တပ်ဖွဲ့ဝင် များ က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
အစိုးရ စစ်တပ်နှင့် KIA တို့မှ အပြန်အလှန် ဖမ်းဆီးမှုများ ရှိသော်လည်း ဖမ်းဆီးရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ နှစ် ဘက်စလုံးမှ ထုတ်ပြန်မှု မရှိသေးပေ။
အစိုးရ သတင်းများ၏ အဆိုအရ ဖမ်းဆီးခြင်း ခံထားရသူများ ပြန်လည် လွတ်မြောက်ရေး အတွက် ပြည်နယ် အစိုးရက ကြိုး ပမ်းဆောင်ရွက်နေကြောင်းလည်း အစိုးရ သတင်းစာများက ရေးသားထားသည်။
အစိုးရ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများသည် ဧပြီလ ၁၀ ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့တိုင် တည်ငြိမ်မှု မရှိသေး ကြောင်း၊ ဒုက္ခသည် စခန်း တချို့ရှိ ဒုက္ခသည်များ၏ စားဝတ်နေရေးမှာလည်း အခက်အခဲများ ရှိကြောင်း ဒုက္ခသည်များ အား ကူညီပေးနေသူ များ က ပြောသည်။