အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် တည်ဆောက်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်ပြားမည်ကို စိုးရိမ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက သမ္မတဦးသိန်းစိန်နှင့် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ထံသို့ စာပေးပို့ အကြောင်းကြားထားကြောင်း သိရှိရသည်။
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် စိုးရိမ်မှု ရှိသည့်အတွက် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အစိုးရနှင့် ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ထံစာပေးပို့ထားသော်လည်း စာပါ အကြောင်းအရာ အသေးစိတ်ကို လောလောဆယ်တွင်မထုတ်ပြန်နိုင်ဟု ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းထံမှ သိရှိရသည်။
“ ကျနော်တို့မှာ စိုးရိမ်ပူပန်မှု ရှိတယ်ဆိုတာတော့ အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အားလုံး ကြားတဲ့ အတိုင်း ဆိုရင် ဆွေးနွေးပွဲတွေက မရေမရာဖြစ်နေတယ်ဆိုတဲ့ အသံတွေက မျိုးစုံထွက်နေတယ်။ဒီအခြေအနေ အပေါ်မှာ ဆွေးနွေးပွဲတွေ တုံ့ဆိုင်းသွားမှာ ရပ်ဆိုင်းသွားမှာကို ကျနော်တို့ကတော့ မဖြစ်စေချင်ဘူး။ တဖက်မှာကလည်းစစ်ရေး စစ်ရာ အခြေအနေတွေကလည်း မြင့်တက်လာတာကို မြင်ရတာကိုး။ အဲဒီတော့ကျနော်တို့ စိတ်ပူတယ် ” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးက ဧရာဝတီသို့ ပြောကြားသည်။
၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းသည် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ ကို မေလ ၆ ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့ MPC စင်တာတွင် သွားရောက်တွေ့ဆုံပြီး လက်ရှိအခြေအနေများနှင့်ဆက်စပ်၍ သွားရောက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
“ အဓိကကတော့ သူတို့(MPC) ရဲ့ လုပ်ငန်းစဉ်နဲ့ သူတို့တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ရှင်းပြတယ်။ ဆွေးနွေးပွဲတွေ လည်း ဆက်လုပ်သွားမယ်ဆိုတဲ့အကျိုးအကြောင်း ၊ အပစ်အခတ် ရပ်စဲရေး ဖြစ်သွားဖို့ ကျနော်တို့ ဘက်ကလည်း ဝိုင်းကူပေးဖို့ ပြောတယ်။ တပ်တွေရဲ့ အနေအထားက အရေးကြီးတယ်။ ဆွေးနွေးပွဲတွေ ရှိနေတဲ့ အချိန်မှာ တိုက်ပွဲတွေ အရှိန်မြှင့်တာမကောင်းသလို ၊ တိုက်ပွဲတွေ ဖြစ်လာလို့လည်း ဆွေးနွေးပွဲရပ်တန့်လိုက်တာမျိုး မဖြစ်သင့်ဘူး” ဟု ဦးမြအေးက ပြောသည်။
အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ မှ ငြိမ်းချမ်းရေးအကျိုးဆောင်ဦးလှမောင်ရွှေက တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် နှစ်ဖက်စလုံး၏အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြပြီးနောက် အနည်းဆုံး တလလျှင် တကြိမ်ခန့်တွေ့ဆုံနိုင်ရန် သဘောတူချက် ရရှိခဲ့သည်ဟုဆိုသည်။
“ သူတို့(MPC)မှာလည်း ငြိမ်းချမ်းရေးကို တကယ်လိုချင်တဲ့ဆန္ဒရှိတယ်ဆိုတာတော့ တွေ့ပါတယ်ဗျာ။ တခုရှိတာက အမြင်သဘောထားခြင်း မတူတာကိုဘယ်လိုညှိနှိုင်းမလဲဆိုတာက ပိုအရေးကြီးတယ်လေ။ အပစ်အခတ်ရပ်စဲရေး
စာချုပ်ဆိုတာကလည်း တဖက်က တဖက်ကို စည်းပိုးသွားတာမျိုး မဟုတ်ဘဲနဲ့နှစ်ဖက်စလုံးအတွက် မျှတတဲ့ အနေ အထားမျိုး ဖြစ်သင့်တယ် ။ အဲလို ဖြစ်အောင်ဘယ်လိုရှာရမလဲဆိုတာက အရေးကြီးတယ် ။ အဲဒါမှ နိုင်ငံရေး ဆွေးနွေးပွဲ ကိုသွားလို့ရမှာ။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး နှစ်ဖက်စလုံးကိုပြောတော့မှာ။ အရေးကြီးဆုံး ဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာလည်းနှစ်ဖက်ညှိနှိုင်းပြီးတဲ့အခါ ဘယ်လိုတော့ ဖြစ်သင့်တယ်ဆိုတာမျိုးပါကျနော်တို့က ဝင်ပြောတော့မှာ ” ဟု ဦးမြအေးက ပြောသည်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့ကြား အပစ်အခတ် ရပ်စဲရေး မူကြမ်းကိစ္စ ဆွေးနွေးရန် မေလ ၁၉ရက်နှင့် ၂၀ ရက်နေ့များတွင် တွေ့ဆုံရန်ရှိကြောင်း MPC ထံမှ သိရှိရသည်။