ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာအစိုးရ စစ်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွား နေမှုနှင့်ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် KIA မှ တာဝန်ရှိသူများ မြစ်ကြီးနားမြို့တွင် မေလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး အစိုးရစစ်တပ်မှ အရာရှိများတက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ဧပြီလအတွင်း ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် KIA အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် KIA က မြစ်ကြီးနားမြို့တွင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ဦးအောင်မင်းထံ ဧပြီလ ၂၉ ရက်နေ့တွင် စာပေးပို့ ခဲ့ကြောင်း၊ ယင်းစာပေးပို့မှု၏ နောက်ဆက်တွဲ မြစ်ကြီးနားတွင် တွေ့ဆုံဆွေးရန် နှစ်ဖက်သဘောတူကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက “KIA နဲ့ တွေ့ဆုံပွဲက ၂ရက် ဖြစ်မယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေကိုဆွေးနွေးဖို့များတယ်။ တပ်ပိုင်းဆိုင်ရာ ကလည်း တက်မှာပါ။ တပ်ပိုင်း ဆိုင်ရာတွေလည်း ဆွေးနွေးမှာပါ။ ပြီးခဲ့တဲ့အောက်တိုဘာမှာ ဆွေးနွေးမှုမှာ နှစ်ဖက် သဘောတူ ထားတဲ့အပေါ်ကိုဆွေးနွေးမှာပါ။ သမ္မတကြီးဘက်က အကောင်းဆုံးပုံနဲ့ ချဉ်းကပ်လုပ်ဆောင်ဖို့ပြောထားတယ်” ဟု ပြောသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ ကျင်းပခဲ့သည့် KIAနှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနား တွေ့ဆုံပွဲတွင် အချက် ၇ ချက် သဘောတူညီခဲ့ပြီး နိုင်ငံရေး ဆွေး နွေးမှုများ ဆက်လက် ဆောင်ရွက်ရန်၊ နှစ်ဖက် တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု လျှော့ချရေးနှင့် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေး ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ နှစ်ဖက်ကိုယ်စား လှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ကို ရပ်မိရပ်ဖ များနှင့်ဖွဲ့စည်းရန် ၊ အဆိုပါ အဖွဲ့လိုက်နာရမည့် အခြေခံမူ ၅ချက် နှင့် စည်းကမ်း ချက် ၁၈ချက် ရေးဆွဲရန်၊ စစ်ဘေး ဒုက္ခသည်များ ကို ပြန်လည် ထူထောင်နိုင်ရေး အတွက် ရွာ ၄ ခုကို ကနဦး စတင် ပြောင်းရွေ့ ရန်၊ အများပြည်သူသုံး လမ်းများ ပြန်လည် ဖွင့်လှစ်ရန်၊ ကေအိုင်အိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လွတ်လပ် စွာ တွေ့ဆုံခွင့် ပြုရန်၊ ရှေ့လုပ်ငန်း စဉ်များကို နှစ်ဖက်စောင့်ကြည့်ရေး အဖွဲ့က ဆက်လက် ဆွေးနွေးရန် နှင့် နောင် ဆွေးနွေးပွဲကို အမြန်ဆုံး လုပ်ဆောင်ရန် တို့ပါဝင်ခဲ့သည်။
KIA အရာရှိတဦးကမူ လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများကိစ္စကို ဦးအောင်မင်းနှင့် တွေ့ဆုံပွဲတွင် အဓိကဆွေးနွေး အဖြေရှာမည်ဟု ပြောဆိုသည်။
“ကချင်ဘက်က အရင်ဆွေးနွေးပြီးသား အချက်တွေရယ်၊ တိုက်ပွဲပြန်ဖြစ်နေတဲ့အပေါ်ရယ် ဆွေးနွေးမယ်။အောက်တိုဘာ သဘောတူညီချက် တွေထဲက မလုပ်ရသေးတဲ့ ဥပမာ Joint monitoring ဖွဲ့ဖို့ ကိစ္စတွေလည်း ပြောကြမယ်”ဟု KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဧရာဝတီသို့ ပြောသည်။
ဧပြီလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် KIA နှင့် အစိုးရစစ်တပ်မှ စစ်သည်နှင့် အရာရှိများ ကျဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ KIA နှင့် အစိုးရစစ်တပ်အကြား အပြန်အလှန် အပြစ်တင်ဝေဖန်နေကြသည်။