မားစ် (MERS) ရောဂါ ခံစားနေရသည်ဟု ယူဆရသော အမေရိကန်နိုင်ငံသား တဦးသည် မကြာမီ ဆေးရုံမှ ဆင်းနိုင်ပြီဟု အမေရိကန် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မေလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ ဆေးရုံမှ ဆင်းခွင့်ရသော်လည်း နေအိမ်တွင် သီးခြားဆက်လက်နေထိုင်ရဦးမည် ဖြစ်သည်။
အဆိုပါလူနာသည် ဆော်ဒီအာရေးဗျ နိုင်ငံတွင် ကျန်းမာရေး လုပ်သားတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လွန်ခဲ့သောလက အမေရိကန်နိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် အင်ဒီယားနားပြည်နယ်မှ ဆေးရုံတခုသို့ ဧပြီလ ၂၈ ရက်နေ့တွင် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ မားစ်ရောဂါ (Middle East Respiratory Syndrome) ဟု တာဝန်ရှိသူများက ပြောခဲ့ကြသည်။
လက်ရှိအချိန်တွင် အနည်းဆုံး လူပေါင်း ၄၀၀ ခန့် မားစ်ရောဂါကို ခံစားနေကြရပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ရောဂါဖြစ်ပွားသူ၊ သေဆုံးသူ အားလုံးသည် အရှေ့အလယ် ပိုင်းဒေသတွင် နေထိုင်သူ သို့မဟုတ် အရှေ့ အလယ်ပိုင်းသို့ ခရီးသွားရောက်ခဲ့သူများ ဖြစ်သည်။
မားစ်ရောဂါသည် ကြီးမားစွာ ပြန့်ပွားနိုင်သည့် ရောဂါတခု မဟုတ်သော်လည်း ပျောက်ကင်းစေသည့် ဆေးလည်း မရှိသေးကြောင်း ပညာရှင်များက ဆိုသည်။ မားစ်ရောဂါပိုးသည် သာမန်အအေးမိခြင်းနှင့် ၂၀၀၃ ခုနှစ်အတွင်းက ကမ္ဘာနှင့် အဝှမ်း လူ ၈၀၀ ခန့် သေဆုံးခဲ့ရသည့် ဆားစ် (SARS) ရောဂါပိုးတို့ကဲ့သို့ Corona virus အမျိုးအစားထဲက ဖြစ်သည်။
အသက် ၆၀ ကျော်အရွယ်ရှိသည့် အမေရိကန်နိုင်ငံသား လူနာ၏ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များကို စစ်ဆေး ကြည့်သည့်အခါ ရောဂါပိုး ကူးစက်သည်ကို မတွေ့ရှိရကြောင်း အင်ဒီယားနားပြည်နယ် အစိုးရ၏ ကျန်းမာရေးဌာန အကြီးအကဲ William VanNess က ဆေးရုံဝန်ထမ်းများ၊ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ပြုလုပ်သည့် မေလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မားစ်ရောဂါပိုးသည် ပေါက်ဖွားရန်အတွက် ၂ ရက်မှ ၁၄ ရက်အထိ အချိန်ကြာပြီး များသောအားဖြင့် ၅ ရက်ကြာကြောင်းလည်း သိရသည်။
ကြိုတင်ကာကွယ်သည့် အနေဖြင့် လူနာ၏ မိသားစုများ အိမ်တွင်သာနေကြရန်နှင့် အပြင်သွားပါကလည်း နှာခေါင်းစည်း ဝတ်ဆင်သွားကြရန် ဆေးရုံမှတာဝန်ရှိသူတဦးက အကြံပြုခဲ့သည်။
လူနာသည် ဆော်ဒီအာရေးဗျနိုင်ငံ ရီယာဒ့် မှ အမေရိကန်နိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး လေယာဉ်က လန်ဒန်မြို့တွင် တထောက်နားခဲ့သည်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် လေယာဉ်ပေါ်မှ ဆင်းလာပြီး အင်ဒီယားနား ပြည်နယ်သို့ ဘတ်စ်ကားဖြင့် ဆက်လာခဲ့သည်။ ဧပြီလ ၂၈ ရက်နေ့တွင် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း ဝေဒနာများခံစားရပြီး ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။
အမေရိကန် အစိုးရတာဝန်ရှိသူများက လူနာနှင့် လေယာဉ်အတူ၊ ဘတ်စ်ကား အတူ စီးခဲ့သော ခရီးသည်များကို ဆက်သွယ်နိုင်ရန် ကြိုးစားနေသည်။ လေယာဉ်စီး ခရီးသည် ၃ ပုံ ၂ ပုံ ခန့်ကို ဆက်သွယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ ကူးစက်ရောဂါ ပညာရှင် ဒေါက်တာ Daniel Feikin ကပြောသည်။ အမေရိကန် နိုင်ငံသို့ မားစ်ရောဂါ ရောက်ရှိလာသည်မှာ အံ့အားသင့်ဖွယ်ရာ မရှိဟုလည်း သူကဆိုသည်။
“ကူးစက်တတ်တဲ့ ရောဂါတွေက နိုင်ငံတကာ နယ်နိမိတ်တွေကို အမှုမထားဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒီနေ့ ခေတ်အခါမှာက တကမ္ဘာလုံး အတိုင်းအတာနဲ့ ကုန်သွယ်နေကြ၊ ခရီးသွားနေကြတော့ ကူးစက်တတ်တဲ့ ရောဂါတွေကလည်း နေရာတိုင်းကို ပျံ့နှံ့နိုင်ပါတယ်” ဟု ဒေါက်တာ Daniel Feikin ကပြောသည်။
မားစ်ရောဂါပိုး၏ မူလဇစ်မြစ်နှင့် မည်သို့ ကူးစက် ပျံ့နှံ့သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။ ရောဂါပိုးကို ကုလားအုပ်များတွင် တွေ့ရှိခဲ့ပြီး လူသားများကို မည်သို့ ကူးစက်သည်ကို မသိရသေးပါ။ ရောဂါကာကွယ်ဆေးနှင့် ကုသနိုင်မည့် ကုထုံးလည်း မရှိသေးပါ။
မေလ ၅ ရက်နေ့အထိ ဆော်ဒီအာရေးဗျ နိုင်ငံတွင် မားစ်ရောဂါ ဖြစ်ပွားသူ ၄၁၄ ဦး တွေ့ရှိရပြီး ၎င်းတို့ထဲမှ ၄ ပုံ ၁ ပုံ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ဆော်ဒီအာရေးဗျ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ မြို့တော် ရီယာ့ဒ်၊ ကမ်းရိုးတန်းမြို့ ဂျက်ဒါ နှင့် ဘာသာရေး အထွဋ်အမြတ်မြို့များ ဖြစ်သည့် မက္ကာနှင့် မဒီနာတို့တွင် တွေ့ရှိခဲ့ကြကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုတ်တွင် ဖော်ပြထားသည်။
ထိုသို့ ရောဂါ ပြန့်ပွားနေခြင်းက ဇူလိုင်လ အတွင်း၌ မက္ကာ နှင့် မဒီနာ မြို့များတွင် နိုင်ငံခြားသား ဘုရားဖူးဧည့်သည် သန်းနှင့်ချီ၍ လက်ခံနေသည့် ဆော်ဒီအာရေးဗျနိုင်ငံ အတွက် စိုးရိမ်စရာတခု ဖြစ်လာသည်။ အောက်တိုဘာလ အတွင်းတွင်လည်း သန်းပေါင်းများစွာ ထပ်မံလာရောက်ရန် ရှိနေသည်။
ဂျော်ဒန်နိုင်ငံတွင်လည်း မားစ်ရောဂါ ဖြစ်ပွားမှုတခု တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။
ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အိုမန်၊ တူနီးရှားနှင့် ဥရောပ နိုင်ငံအများအပြားတွင်လည်း မားစ် ရောဂါ ဖြစ်ပွားမှု တွေ့ရှိရကြောင်း သိရသည်။ အီဂျစ်နိုင်ငံကလည်း အသက် ၆၀ အရွယ် အီဂျစ်အမျိုးသမီးကြီးတဦး သေဆုံးရခြင်းသည် မားစ်ရောဂါနှင့် သက်ဆိုင်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြောင်း မေလ ၅ ရက်နေ့တွင်ကြေညာခဲ့သည်။
ဆော်ဒီ အာရေးဗျတွင် မားစ်ရောဂါ ကူးစက်မှုကို လွန်ခဲ့သော ၂ နှစ်က စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ဧပြီလမှ စတင်၍ ရောဂါဖြစ်ပွားမှု ၂ ဆ ဖြစ်လာခဲ့သည်။ ရောဂါပိုးကြောင့် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း နှင့် အဆတ်အအေးမိခြင်းများ ဖြစ်ပွားနိုင်သော်လည်း လွယ်ကူစွာ ကူးစက်ပျံ့နှံခြင်း မရှိဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆော်ဒီအာရေးဗျနိုင်ငံသို့ သွားရောက်ခြင်းကို ကန့်သတ်ထိန်းချုပ်ရန် အကြံမပြုသေးပေ။
ကိုးကား – Reuters, AP