လူပေါင်း သောင်းချီ သေဆုံးခဲ့ပြီး လူနေအိမ် သိန်းချီ ပျက်စီးခဲ့ရသော၂၀၀၈ ခုနှစ် မေလဆန်းက မြန်မာနိုင်ငံသို့ နာဂစ် မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့သည်မှာ ၆ နှစ် ပြည့်ပြီး ခဲ့ပါပြီ။
နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့ဖူးသည့် ယခုကဲ့သို့သော မိုးဦးလေဦး ကာလများတွင် မြန်မာနိုင်ငံသို့ ဝင်ရောက် လာတတ်သည့် မုန်တိုင်း များ၊ မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး ခေတ်မီ စက်များ အပါအဝင် အများပြည်သူအား အသိပေး လုပ်ဆောင် သင့် သည်တို့ကို မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ကို ဧရာဝတီ သတင်းထောက် မင်းဗညား က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး ၆နှစ်ကျော် ကြာတဲ့ အခုလို အချိန်ကာလမှာ သဘာဝ ဘေးအန္တရာယ် အခြေအနေ အမျိုးအစား နဲ့ အန္တရာယ်ရှိမှုပြ မြေပုံတွေ ပြည်တွင်းမှာ ရှိလာပြီလား ဆရာ။
ဖြေ။ ။ ကျနော်လည်း မသိတော့ဘူး။ ကျနော်က (ဝန်ထမ်း အဖြစ်ကနေ) အပြင် ရောက်လာတော့ မသိတော့တာ။ ကျနော် သိသလောက်တော့ မရှိသေး ပါဘူး။
မေး။ ။ မုန်းတိုင်းနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်တဲ့ နေရာမှာ အဓိကကျတဲ့ အခက်ခဲတွေက ဘာတွေလဲ ခင်ဗျ။
ဖြေ။ ။ အဓိကက နှစ်ပိုင်းပါ။ အစိုးရပိုင်းကလည်း သတိပေး စနစ်မှာ ဒေသခံ လူထုကြားမှာ အတားအဆီးမရှိ တိုက်ရိုက် စနစ်ပေါ့၊ အဲဒါကလည်း အခုမှ လုပ်နေတယ်။ အဲ့ဒီ Project ကလည်း ကျနော် ရှိတုန်း (ယခင် တာဝန်ထမ်းဆောင်တုန်း) က တင်ထားတာပါ။ မပြီးသေးဘူး။ လုပ်တော့ လုပ်နေပြီ။ အဆင်သင့် မဖြစ်သေးဘူး။ အဆိုးဆုံးက ဒေသခံတွေရဲ့ သဘာဝဘေး အသိ မြှင့်တင်ပေးဖို့ အများကြီး လိုအပ်တယ်။
အထူးသဖြင့် လူကြီးပိုင်းတွေက သတိပေးချက်ကို နားကို မလည်ဘူး။ အခုထိလည်း နားမလည်ဘူး။ အခက်အခဲတွေ အများကြီး ရှိတယ်။ နောက်ပြီးတော့ သတိပေးချက်တွေ သိရင်လည်း သာမန်ပဲ သိကြတယ်။ အခုထိ အဲ့ဒါ ပြဿနာ ရှိတုန်းပဲ။ နောက်တခုက သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးက နာဂစ်မုန်တိုင်း ဖြစ်ပြီး နောက်ပိုင်းမှာ နည်းနည်းတော့ တိုးတက်တယ်၊ ဒါပေမယ့် လုံလုံလောက်လောက် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။
နောက်ပြီးတော့ မုန်တိုင်းခို အဆောက်အအုံတွေ ဆောက်လုပ်တာ ကျနော် ရှိတုန်းက အစိုးရက ဆောက်တာ ၂၈ လုံး၊ နောက်ထပ် ပုဂ္ဂလိက ဆောက်တာနဲ့ဆို အလုံး ၄၀ နဲ့ ၅၀ လောက်ပဲ ရှိသေးတယ်။ အနည်းဆုံး နောက်ထပ် တဝက်လောက်ကို လိုနေသေး တယ်။ နောက်တကြိမ် နာဂစ်လိုမျိုး အကယ်၍ လာခဲ့မယ် ဆိုရင်တော့ နည်းနည်းတော့ အသေအပျောက် နည်းမှာ ပေါ့လေ။ ဘာကြောင့်လဲ ဆိုတော့ အတွေ့အကြုံက ရှိခဲ့တာကိုး။ သို့သော်လည်း လုံခြုံ စိတ်ချရတဲ့ အဆင့်ကတော့ မရောက်သေးပါဘူး။
မေး။ ။ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ ၆ နှစ်ခန့် ကြာသည့်တိုင် ဒီရေတောတွေ ဘယ်လောက် ရာခိုင်နှုန်းလောက် စိုက်ပျိုးနိုင် မှု ရှိခဲ့လဲ။
ဖြေ။ ။ ဒီရေတောတွေ ကိုလည်း အခုမှ စိုက်နေတုန်းပါ။ အဓိက လုပ်နေတာက ဖရီဒါက ဦးအုန်းတို့ပါ။ သူတို့ စိုက်နေကြတယ်။ ဧက ၅ ထောင်လောက်ပဲ ရှိသေးတယ်။ တကယ်တော့ အမှန်တကယ် လိုအပ်နေတာက ဧက ၂ သိန်းလောက်ကို လိုအပ်နေတာ။ အများကြီး လိုနေ ပါသေးတယ်။
မေး။ ။ နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့ပြီး ၆ နှစ်ပြည့်တဲ့ အခုအချိန်ထိ မြန်မာပြည်သူနဲ့ အစိုးရပိုင်းမှာ အသိပညာပိုင်း၊ စီမံခန့်ခွဲမှု စတဲ့ အပိုင်းတွေမှာ လူထု ပါဝင်လာမှုကရော ဘယ်လို ရှိလာပြီလဲ။
ဖြေ။ ။ အပြင်လူ အနေနဲ့ ပြောရရင် မရှိဘူးလို့ ပြောပြန်ရင်လည်း မတရား ပြောရာ ကျမယ်။ အထိုက်အလျောက်တော့ ရှိတယ်။ ဒါပေမယ့် မကျေနပ်တာ တခုက အရှိန်အဟုန် မြှင့်ပြီးတော့ ပြီးမြောက်တဲ့အထိ မလုပ်တာဘဲ။ နာဂစ်နဲ့ ဖြစ်ပြီးကာစ အလွန်ဆုံး ၂ နှစ် ၃ နှစ်ပဲ လုပ်ဆောင်တာတွေ ရှိတယ်။ အခု ဘာမှ မရှိတော့ဘူး။ အဲဒီတော့ ပြည့်စုံသွားလို့ ဆိုတာမျိုးတော့ ကျနော် မထောက်ခံနိုင် ဘူး။ မလုပ်ဘူးလား ဆိုပြန်တော့ မဟုတ်ဘူး၊ လုပ်နေတယ်။ ဒါပေမယ့် ကောက်ရိုးမီးလိုပဲ။ ပွဲပြီး မီးသေ ဖြစ်နေတယ်။ အဲဒါ မကောင်း ဘူး။ အလုပ်တခုကို လုပ်တယ် ဆိုရင် လုပ်ငန်း စီမံချက် ရှိရမယ်။ ပြီးမြောက်အောင်၊ ပြည့်စုံအောင် လုပ်ရမယ်။ အဲဒီဘောင် နဲ့ အဲဒီစံတွေနဲ့ ကြည့်ရင်တော့ မရသေးပါဘူး။
မေး။ ။ မုန်တိုင်း အန္တရာယ်နဲ့ ပတ်သက်လာရင် ရေတို၊ ရေရှည် အနေနဲ့ ဘာတွေ လုပ်ဆောင်ထားသင့်လဲ ခင်ဗျ။
ဖြေ။ ။ အပိုင်း နှစ်ပိုင်းရှိပါတယ်။ နံပါတ် ၁ အပိုင်းက သတိပေးစနစ်ကို ဒီထက်ကောင်းအောင် လုပ်ရမယ်။ ခေတ်မီအောင် လုပ်ရမယ်။ မုန်တိုင်းဖြစ်လာရင်…၊ ဥပမာ နာဂစ်တုန်းက ကျနော်လုပ်ခဲ့တုန်းက မုန်တိုင်းပြရေဒါ မရှိခဲ့ဘူး၊ အခုက ရေဒါတွေ တပ် မယ့် အစီစဉ်တွေ ရှိနေပြီ။ အဲ့ဒါတွေကို မြန်မြန်ပြီးအောင် လုပ်ရမယ်။ နောက် ၄၊ ၅၊ ၁၀ နှစ် ကြာမှ ပြီးမယ်ဆိုတာမျိုး မလုပ်နဲ့ပေါ့။
နောက်ပြီး သတိပေး စနစ်ကလည်း အရင်က အဆင့်ဆင့် အထက်ကို တင်ပြီးမှ သွားနေခဲ့ရတာမျိုး၊ သူများကတဆင့် ပြောရတာမျိုး ဆိုတာတွေ မဖြစ်သင့်တော့ဘူး။ သတင်းထုတ်ပြန်တာ မိုးလေဝသ ထုတ်တယ်။ မိုးလေဝသ သတင်းနဲ့ တိုက်ရိုက်ပတ်သက်တာ ဒီဒေသခံတွေ။ မိုးလေဝသနဲ့ ဒေသခံတွေ ကြားမှာ ဘာမှ မရှိသင့်ဘူး။ တိုက်ရိုက်စနစ် အခုပေး အခုရောက် စနစ်ဖြစ်ဖို့ လိုတယ်ပေါ့။ အရင်က မိုးလေဝသက ထုတ်ပြန်လိုက်ရင် ဟိုးအထက်ကို တင်နေရတယ်။ အထက်ကနေ ပြန်ဆင်းလာတယ်။ အဲဒီမှာ အချိန်တွေက ကုန်။ ပြန်ကျလာလည်း ရှိ၊ မကျတာလည်းရှိ ပေါ့။ သတိပေးချက် ထုတ်ပေမယ့် ဒီသတိပေးချက်ရဲ့ ထိရောက်မှုက အာမခံချက် မရှိဘူး။ အဲဒါကို နံပါတ် ၁ အချက်အနေနဲ့ ပြုပြင်ရမယ်။ ပြီးတော့ ကိရိယာတွေ မြှင့်တင်ရမယ်။ တတ်ကျွမ်း နားလည်တဲ့ ပညာရှင် တွေ မွေးရမယ်။ အထူးသဖြင့် ခေတ်မီတဲ့ မုန်တိုင်း ခန့်မှန်းရေး နည်းဖြစ်တဲ့ သချၤာ ပုံစံသုံး ခန့်မှန်းနည်း ဆိုတာကို မိုးလေဝသဌာနမှာ တတ်ကျွမ်းသူ များများ မရှိဘူး။ ကျွမ်းကျင်သူတွေ မွေးထုတ်ရမယ်။ အဲ့ဒါ သတိပေးခြင်း အပိုင်းပေါ့။
နောက် ကာကွယ်ရေး အပိုင်းကတော့ အလိုဆုံးပါပဲ။ အလွန် အားနည်းတယ်။ သဘာဝ ဘေးအန္တရယ် ကာကွယ် စောင့်ရှောက်ရေး အပိုင်းကတော့ နာဂစ်တုန်းကဆို ဘယ်သူမှ ပေမီစံမီ မရှိဘူး။ မြေပုံ မရှိဘူး။ ကယ်ဆယ်ရေး လုပ်ငန်း လုပ်တဲ့ လူတွေ ကလည်း ဖိဖိစီးစီး မရှိဘူး။ ဥပဒေ မရှိဘူး၊ စည်းမျဉ်း မရှိဘူး။ မုန်တိုင်း ရှောင်တဲ့အခါ နေရမယ့် ပုံစံတွေ ဘယ်လို နေရာတွေမှာ နေရမယ်၊ ဘယ်လို နေရာတွေမှာ မနေရဘူးဆိုတာ မရှိဘူး။ မနေရင် အရေးယူမယ်ဆိုတဲ့ ဥပဒေလည်း မရှိဘူး။ မရှိတာတွေ ချည်းပဲ။ အဲဒါတွေ ကလည်း အခုချိန်ထိ မပြည့်စုံသေးဘူး။ ဘာတွေ လုပ်ရမလဲ ဆိုရင် လိုတာတွေ အကုန်လုပ်ရမှာပဲ။ ကျနော့် ပေပါ (စာတမ်း) မှာ ဘယ် အပိုင်းတွေ အားနည်းနေလဲ ဆိုတာ အကုန်ပြောထားတယ်။ တကယ်လုပ်ချင်ရင်၊ သိချင်တယ်ဆိုရင် နည်းပညာတွေ ရှိပြီး သား လေ့လာရင် ရပါတယ်။
မေး။ ။ Defence Act Section လို သဘာဝ ဘေးအန္တရာယ်မှာ သုံးတဲ့ ဥပဒေမျိုး အပေါ် မြန်မာပြည်သူတွေ နားလည်မှု အခြေနေ ကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ Defence Act Section ဆိုတာ အိန္ဒိယလို နိုင်ငံမှာ ရှိတယ်။ မြန်မာနိုင်ငံမှာ ရှိမှ မရှိတာ။ သဘာဝ ဘေးအန္တရာယ်မှာ သုံးတဲ့ ဥပဒေ ဆိုတော့ ရှိရင်လည်း ဘယ်သူမှ မသိဘူး။ မလုပ်ဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ တခါတလေမှာ လုပ်နေတာ တွေ ရှိတယ်။ အကောင်အထည် ဖော်တဲ့ အပိုင်းမှာ အားနည်းနေတယ်။ တချို့ဟာတွေ သူ့တို့ ဘာသာ ဥပဒေတွေ ပြဋ္ဌာန်းတာပဲ ရှိတယ်။ တကယ်တမ်း ဥပဒေအတိုင်း လိုက်နာ လုပ်ကိုင်တယ် ဆိုတာ အားနည်းတယ်။ မြန်မာပြည်မှာ ဥပဒေတွေက ဆွဲညှိလို့ ရတယ် လေ။ မြန်မာပြည်ရဲ့ အုပ်ချုပ်ရေး ယန္တရားနဲ့ အလုပ်တွေလုပ်တဲ့နေရာမှာ မအောင်မြင်ဘူး။ အဲဒီဟာတွေက အစစ ယိုပေါက် တွေ ဖြစ်၊ ဆိုရွားနေတယ်လေ။
မေး။ ။ အခုအချိန်မှာ မြစ်ဝကျွန်းပေါ် ဒေသနဲ့ အခြား ဒေသတွေမှာ မုန်တိုင်း ဝင်ရောက်နိုင်မှု အခြေအနေ ယှဉ်ကြည့်ရင် ဘယ်နေရာက ဝင်ရောက်ဖို့ ရာခိုင်နှုန်း ပိုများလဲ ခင်ဗျ။
ဖြေ။ ။ မြစ်ဝ ကျွန်းပေါ်ဆိုတာ မုန်တိုင်း ဝင်ခဲပါတယ်။ ဒါပေမယ့် မဝင်ဘူးလို့လည်း ပြောလို့ မရဘူး။ ဝင်လေ့ ဝင်ထရှိတဲ့ ဒေသ တော့ မဟုတ်ဘူး။ ရံဖန် ရံခါတော့လည်း အန္တရာယ်ရှိတဲ့ အတွက် မြစ်ဝကျွန်းပေါ် ဒေသမှာ မုန်တိုင်း အန္တရယ် နောက်ထပ် မရှိနိုင်ဘူး လို့တော့ မပြောနိုင်ဘူး။ ဘယ်တော့ ရှိလာနိုင်မလဲ မေးရင်လည်း မပြောနိုင်ဘူး။ မုန်တိုင်း ဝင်တတ်တဲ့ ကာလလေးက မကြာပါဘူး။ ရက်၂၀ လောက်ပဲ ရှိတယ်။
မိုးကြိုကာလ ဧပြီ ၂၀ ကနေ မေ ၁၀ အထိ ကာလ အတွင်းပါပဲ။ အဲဒါကို နားစွင့်ပေါ့။ သတိထားပေါ့။ ကြေညာရင် ကိုယ်က အရန် သင့် ဖြစ်အောင် လုပ်ပေါ့။ မြစ်ဝကျွန်းပေါ် ဒေသတင် မဟုတ်ဘူး မြန်မာပြည် အနေနဲ့ ကြည့်ရင် မိုးကြိုကာလက ဘင်္ဂလား ပင်လယ် အော်မှာ ဖြစ်တဲ့ မုန်တိုင်း အလုံး ၁၀၀ မှာ ၃၈ လုံးလောက် ဝင်တတ်တယ်။ ဝင်တတ်တဲ့ အစဉ်အလာလည်း ရှိတယ်။ သို့သော် မုန်တိုင်းဖြစ်တိုင်း မဝင်ဘူး ဆိုတာ နားလည်ရမယ်။ နောက် မြန်မာပြည် အနေနဲ့ ကြည့်ရင် မြန်မာကို ဝင်တဲ့ မုန်တိုင်းတွေရဲ့ ၅၁ ရာခိုင်နှုန်း၊ တဝက်ကျော်လောက်က မိုးကြို ကာလမှာ ဝင်တယ်။ ဒီနှစ်ခုကို မျှတွေးပေါ့။ အဲဒီတော့ သတိရှိပါ၊ ဒါပေမယ့် အကြောက် မလွန်နဲ့။ အကြောက် မလွန်နဲ့ ဆိုတာ မကြောက်ပါနဲ့လို့ ပြောတာ မဟုတ်ဘူး။ အကြောက် မလွန်နဲ့ဆိုတာ ခြေမကိုင်မိ၊ လက်မကိုင် မိ မဖြစ်စေပါနဲ့။ အသိနဲ့ အလုပ်လုပ်ပါ…၊ ဒါကို ပြောချင်တာပါ။
မေး။ ။ နောက်တကြိမ် နာဂစ်လို မုန်တိုင်းဖြစ်လာခဲ့ရင် နာဂစ်လို ဆုံးရှုံးမှုတွေ မဖြစ်အောင် အဓိက ဘာတွေ လုပ်ဖို့ လိုအပ်သလဲ ခင်ဗျ။ မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင် ကာကွယ်မှု အပိုင်းကို ဘယ်လို လုပ်ဆောင်သင့်လဲ ပြောပေးပါ။
ဖြေ။ ။ မုန်တိုင်းဆိုတာ ပင်လယ်ကမ်းရိုးတန်းပဲ တိုက်ခတ်တာ၊ မြန်မာပြည် တပြည်လုံး ရှမ်း၊ ကချင်နဲ့ အလယ်ပိုင်း ဒေသတွေ ဆိုတာ မုန်တိုင်း အန္တရာယ် မရှိပါဘူး။ ကမ်းရိုးတန်း ဒေသတွေ ကတော့ မုန်တိုင်း အန္တရာယ်ကို ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်။ မုန်တိုင်း အကြောင်း နားလည်ထားရမယ်။ မုန်တိုင်း သဘာဝကို သိရှိ နားလည်ရမယ်။ ကျနော် နာဂစ်ဖြစ်ပြီး နောက်ပိုင်းမှာ ပြုစု ထားတဲ့ စာအုပ်လေး ရှိတယ်။ မုန်တိုင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာ၊ လမ်းညွှန် ထားတာလေးတွေ၊ ပညာပေးလေးတွေ၊ ပြီးတော့ အချက်အလက် တိတိကျကျနဲ့ ရေးထားတဲ့ စာအုပ်လေးပါ။ အဲဒါလေးကို လေ့လာထားပါလို့ ပြောချင်တယ်။ ။