မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူ့မှုအဖွဲ့အစည်း ၉၇ အဖွဲ့ က ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက် ကြသည်။
နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအဝင် ဘာသာရေးကို အခြေခံသော နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှတခု ဖြစ်ကြောင်း မေလ ၅ ရက်က ထုတ် သည့် ကြေညာချက်၌ ဖော်ပြ ထားသည်။
ပြည်သူအများစု လိုလားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအား အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းမှု အရှိန်ကို နှောင့်နှေးစေသည်ဟု အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
မျိုးစောင့်ဥပဒေ ထွက်ပေါ်လာရေးသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှ တခုဖြစ် သည်ဟု ပြောဆိုချက် အပေါ် မန္တလေးမြို့ မစိုးရိမ်ကျောင်း ဆရာတော် ဦးဝီရသူက“အစိုးရ အနေနဲ့ အာရုံလွွှဲတာတော့ မမြင်ဘူး၊ အစိုးရဆိုတာ ကဏ္ဍအသီးသီး လုပ်ရမှာပဲ။ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်။ မျိုးစောင့်ဥပဒေက ပြည်သူ လိုအပ်ချက် အရ လုပ်တာပါ”ဟု ဧရာဝတီကို မိန့်သည်။
အဆိုပါ ကြေညာချက်တွင် အမျိုးသမီးများ၏ တန်းတူရေးနှင့် လွတ်လပ်မှုကို ကန့်သတ် ချုပ်ချယ်မှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် လုံးဝ ကိုက်ညီမှု မရှိဘဲ နိုင်ငံတော် အစိုးရမှ ၁၉၉၇ ခုနှစ်တွင် သဘောတူ လက်မှတ် ရေးထိုး ထားသော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (စီဒေါ) ကို အတိအလင်း ချိုးဖောက် ရာ ရောက်သည်ဟုလည်း ပါဝင် ဖော်ပြထားသည်။
ထို့အပြင် အမျိုးသမီးများ လုံခြုံမှုနှင့် ကာကွယ်စောင့်ရှောက်မှု ပေးရန် အတွက် နိုင်ငံတဝန်း တရားဥပဒေ စိုးမိုးမှုရှိရေးနှင့် တရားမျှတမှုသည် အဓိကအကျဆုံး ဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်နေမှုများ အတွက် ထိရောက်စွာ အပြစ်ပေး အရေးယူရန်နှင့် ကာကွယ်မှု ပေးနိုင်ရန် အရေးတကြီး လိုအပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“မျိုးစောင့်ဥပဒေက လူတယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ ခံစားရတယ်။ ပြီးတော့ စီဒေါကိုလည်း ချိုးဖောက်တယ်လို့ ခံစားရတယ်။ ဘာသာတရား ဆိုတာ ဥပဒေ ပြဌာန်းလို့ မရပါဘူး။ အဓိကက ယုံကြည် သက်ဝင်မှုနဲ့ ဆိုင်ပါတယ်။ မျိုးစောင့် ဥပဒေ က အမျိုးသမီးတွေကိုပဲ ကွက်ကွက်ကွင်းကွင်း စောင့်ကြဖို့ အတွက် ကျနော် သဘော မကျပါဘူး”ဟု Student Christian Movement (SCM) မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။
အမျိုးသမီးတိုင်းတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိရမည် ဖြစ်ကြောင်း၊ မျိုးစောင့်ဥပဒေတွင် အမျိုးသားများကို ကန့်သတ်ထားခြင်း မရှိကြောင်း၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံသည်ဟု ယုံကြည်ကြောင်း၊ မျိုးစောင့်ဥပဒေသည် လူတယောက်၏ အိမ်ထောင်ရေးကိုကန့် သတ်ထားခြင်း မဟုတ်ဘဲ လူတယောက်၏ လွတ်လပ်ခွင့်ကို ပိတ်ပင်သည့် အတွက် မသင့်လျော်ကြောင်းလည်း ဦးထွန်းထွန်းဦး က ဆက်လက် ပြောဆိုသည်။
အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (Women’s League of Burma) မှ အကြံပေးအဖွဲ့ဝင် ဒေါ်သင်းသင်းအောင် က“ဒီဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ အနေအထားမရှိတဲ့အတွက် အမျိုးသမီးအဖွဲ့အစည်းနဲ့ လူမှုအဖွဲ့အစည်း အားလုံးက ကန့်ကွက် လိုက်တာပါ။ လူမျိုး ဘာသာမရွေး အမျိုးသမီးများကို စောင့်ရှောက်နိုင်တဲ့ ဥပဒေ ပြဌာန်းမှသာ အကျိုးရှိမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် သာသာရေးကို အခြေခံပြီး ပဋိပက္ခ ဖြစ်ပွားရန် လှုံ့ဆော်မှုများ ရှိနေကြောင်း၊ ယခုအခါ ဘာသာရေးကို အခြေခံပြီး လက်ထပ်ခြင်းသည် ဘာသာတခုနှင့်တခု ပိုမို အမြင်မှားစေကြောင်း၊ ငြိမ်းချမ်းရေးကိုလည်း ပိုမို ထိခိုက်စေသည့် အတွက် မျိုးစောင့် ဥပဒေကို ကန့်ကွတ်ရခြင်း ဖြစ်ကြောင်း Equality Myanmar မှ ဦးအောင်မျိုးမင်းက ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ လူမျိုးစု တိုင်းရင်းသားများ အကြားတွင် ဘာသာရေး မတူညီမှုများ ရှိသည်ဖြစ်ရာ ဘာသာရေး အပေါ် အခြေခံ၍ ဦးတည် လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်အား အဟန့်အတား ဖြစ်စေကြောင်း၊ မြန်မာနိုင်ငံ အတွင်း မှီတင်း နေထိုင်သော အခြားဘာသာဝင်နှင့် တိုင်း ရင်းသူ အမျိုးသမီးများ အကြား တိုက်ရိုက် ခွဲခြားဆက်ဆံသည့် သဘောကို ဆောင်သည့်အပြင် အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ် ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ကို အမျိုးသမီးများ အပေါ် လုံးဝ ပုံချလိုက်ခြင်း ဖြစ်သည်ဟု ရေးသား ဖော်ပြထား သည်။
သမ္မတ၏ ညွှန်ကြားချက်ဖြင့် ရေးဆွဲနေသည့် ကိုးကွယ်ရာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေကြမ်းများကို ရေးဆွဲ ပြီးစီးနေပြီ ဖြစ်ပြီး မကြာမီ ပြည်သူကို ချပြ အသိပေးသွားမည် ဖြစ်သည်ဟု သိရသည်။