ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဖြုတ်ချလိုက်ပြီး ကုန်သွယ်ရေးဝန်ကြီး Niwatthamrong Bunsongphaisan ကို ယာယီ ဝန်ကြီးချုပ်အဖြစ် ယနေ့ ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခွင့် မရှိတော့ကြောင်း မေလ ၇ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၁ ခုနှစ်က ထိုင်းအမျိုးသား လုံခြုံရေးဌာန အကြီးအကဲ အစားထိုး ပြောင်းလဲခန့်အပ်ခဲ့တာဟာ ရှင်နာဝပ် မိသားစုရဲ့ ဖွေထိုင်းပါတီအတွက် အကျိုးအမြတ်တွေရခဲ့ပြီး ဒါဟာ အာဏာကို အလွဲသုံးစား လုပ်ခြင်းဖြစ်ကြောင်း Paiboon Nititawan ဦးဆောင်တဲ့ ထိုင်း အထက်လွှတ်တော် အမတ်တွေက စွဲဆိုထားတာပါ။
မစ္စ ယင့်လတ်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက အာဏာ အလွဲသုံးစားမှုနဲ့ ယမန်နေ့က စတင်က ကြားနာ စစ်ဆေးခဲ့အပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အခုလို ဆုံးဖြတ်ချက်ကြောင့် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေတဲ့ မစ္စ ယင့်လတ် အပြင် ဝန်ကြီး အဖွဲ့ဝင် ၉ ဦးဟာလည်း သူတို့ရဲ့ တာဝန်တွေက အဆုံးသတ် ထွက်ပေးကြရမှာဖြစ်တယ်လို့ ထိုင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
အဲဒီ ဆုံးဖြတ်ချက်အရ မစ္စ ယင့်လတ်ဟာ နိုင်ငံရေးလုပ်ပိုင်ခွင့်လည်း ၅ နှစ် ပိတ်ပင်ခံရမှာဖြစ်သလို လစ်လပ်သွားတဲ့ ဒီနေရာတွေအတွက် ထိုင်း ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ဥပဒေခုံရုံးက တပါတည်း တာဝန်ပေးအပ်ရမှာလည်း ဖြစ်ပါတယ်။
ထိုင်းအမျိုးသား လုံခြုံရေးဌာန အကြီးအကဲ မစ္စတာ Thawil ကို ထိုစဉ်က ဝန်ကြီးချုပ် မစ္စ ယင့်လတ်ဟာ ၂၀၁၁ ခုနှစ်က ဖယ်ရှားခဲ့ပြီး မစ္စ ယင့်လတ်ရဲ့ ဆွေမျိုးတော်စပ်သူ ရဲဗိုလ်ချုပ် Wachean Potephosree ကို အစားထိုးကာ ဆက်ခံစေခဲ့ပါတယ်။ ဒီကိစ္စကို အထက်လွှတ်တော် အမတ်တွေက အာဏာ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွဲချက်တင်ခဲ့တာမှာ မစ္စ ယင့်လတ် အခုလို ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်ထဲမှာ မစ္စ ယင့်လတ် ဖယ်ရှားခဲ့တဲ့ မစ္စတာ Thawil ကို မူလ ရာထူးကိုလည်း ပြန်လည် ခန့်အပ်ကြောင်း အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
မစ္စ ယင့်လတ်ကတော့ သူ့ရဲ့ ဝန်ကြီးချုပ် ရာထူးနဲ့ တရားဝင် လုပ်ပိုင်ခွင့်အရ ရာထူးတာဝန် ပြောင်းလဲ ခန့်အပ်ခဲ့တာဖြစ်ပြီး သူ့ကို စွပ်စွဲထားသလို အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး စွပ်စွဲမှုတွေ အားလုံးကိုလည်း ငြင်းဆန်သွားမှာ ဖြစ်တယ်လို့ မနေ့က ပြောခဲ့ပါတယ်။
အခုလို ဖြစ်ပျက်မှုဟာ ထိုင်းနိုင်ငံရေးမှာ မစ္စ ယင့်လတ်နဲ့ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေအကြား အားပြိုင်မှု အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်။