မြန်မာနိုင်ငံ၌ စစ်တပ်နှင့် ဆက်နွယ်သည့် လုပ်ငန်းများတွင် အမေရိကန် အနေနှင့် ရင်းနှှီးမြှုပ်နှံမှု မလုပ်ရန် တားမြစ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုကို ဆက်လက်သက်တမ်းတိုးရန် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့ ၂၉ ဖွဲ့က သမ္မတ အိုဘားမားအား တောင်း ဆို တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။
အမေရိကန် အခြေစိုက် U.S Campaign For Burma အပါအဝင် နိုင်ငံတကာရှိ မြန်မာ့အရေး လှုပ်ရှားသည့် Burma Campaign UK ၊ ကချင် ငြိမ်းချမ်းရေး ကွန်ရက်(Kachin Peace Network) ၊ ကရင်အမျိုးသမီး အစည်းအရုံး၊ လားဟူ အမျိုးသမီး အစည်းအရုံး၊ မယ်တော် ဆေးခန်း၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်(NDD)၊ ထားဝယ် အမျိုးသမီး သမဂ္ဂ၊ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) စသည့် အဖွဲ့များက အမေရိကန် သမ္မတ အိုဘားမား ထံသို့ မေလ ၆ ရက်နေ့က စာပို့ တောင်းဆိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ဆောင်နေခြင်း ရှိ၊ မရှိ အစီရင်ခံစာ တင်ပြရန်နှင့် မြန်မာ စစ်တပ်နှင့် တာဝန် ရှိသူများ ဆက်စပ်သည့် လုပ်ငန်းများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် တားးမြစ်ထားချက်ကို ၂၀၁၃ ခုနှစ်က စတင် ချမှတ်ထားခဲ့ပြီး ယခု မေလအတွင်း သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။
အဆိုပါ အရေးယူမှုကို အမျိုးသား အရေးပေါ် အခြေအနေဆိုင်ရာ လုပ်ပိုင်ခွင့်က ထောက်ခံထားကြောင်းလည်း သိရသည်။
“၂၀၁၅ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ သေချာပေါက် ဖြစ်လာမလား၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ နည်းလမ်းကျ တိုးတက်မှုတွေကို အမေရိကန်က ထောက်ခံနေတာကို ရှင်းရှင်းလင်းလင်း ပြသဖို့ မြန်မာ နိုင်ငံမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်ကို သမ္မတ အိုဘားမားက မဖြစ်မနေ သက်တမ်း တိုးရမယ်” ဟု USCB ဒါရိုက်တာ Rachel Wagley က သတင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
အိုဘားမား အစိုးရကလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်း အားထုတ်နေသော်လည်း လိုအပ်ချက်များ ရှိနေခြင်း၊ မြန်မာစစ်တပ်သည် မြောက်ကိုရီးယားနှင့် အဆက်အသွယ်ရှိနေခြင်း၊ လယ်သမား၊ အလုပ်သမား၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီး၊ ထိန်းသိမ်းနေမှုများ၊ လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ စသည်တို့ အပေါ် စိုးရိမ်ကြောင်း ယမန်နှစ်က အခိုင်အမာပြော ဆိုခဲ့ပြီး ယခုအခါ အခြေအနေ ပိုမိုဆိုးဝါးလာကြောင်း အဆိုပါ ၂၉ ဖွဲ့၏ သတင်း ထုတ်ပြန်ချက်၌ ထောက်ပြထားသည်။
မြန်မာအစိုးရသည် လူသိရှင်ကြား သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး လုပ်ပြခဲ့သော်လည်း နာမည်ပျက် စာရင်းသွင်း ထား သော နိုင်ငံခြား သတင်းဋ္ဌာနများနှင့် ဒီမိုကရေစီ လိုလားသော သတင်းမီဒီယာများအပေါ် လက်သိပ်ထိုး အနီးကပ်စောင့်ကြည့်ခြင်း၊ ဆင်ဆာ ဆက်လက် ရှိနေခြင်း၊ မီဒီယာဥပဒေများဖြင့် တင်းကျပ်မှု လုပ်ဆောင်လာခြင်းများ ရှိနေကြောင်း မြန်မာ့အရေး လှုပ်ရှားကြသည့် အဖွဲ့များက ပြောဆိုသည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်က အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင ်ရေး ကြိုးစားနေကြောင်းလည်း ထိုအဖွဲ့များက ထောက်ပြထားသည်။
ယင်း ဥပဒေအရ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများအား ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားမှုကို ကန့်သတ်ပိတ်ပင်မည်လည်းဖြစ်သည်။ ထို့အပြင် ဘင်္ဂါလီ အမျိုးသမီးများအား ကလေးမွေးဖွားမှုကိုလည်း ကန့်သတ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာအစိုးရသည် နေပြည်တော်ရှိ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံတမန်များနှင့် ကောင်းမွန်သည့် ဆက် ဆံ ရေး ကို ဆက်လက် ထိန်းသိမ်းထားကြောင်း တချို့ သတင်း အချက်အလက်များအရ စစ်လက်နက်ပစ္စည်း အစီအစဉ်များ အတွက် မြောက်ကိုရီးယားနှင့် တွဲဖက် အလုပ်လုပ်နေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“တိုင်းရင်းသား လူနည်းစုတွေအပေါ် စနစ်တကျ ခွဲခြားနှိမ်ချ ဆက်ဆံနေတာ၊ နိုင်ငံရေးသမားတွေကို ထိန်းသိမ်း တာ၊ ရက် စက်မှုတွေနဲ့ အတူလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ နိုင်ငံရေး နောက်ပြန်ဆွဲနေတာနဲ့ တင်းကျပ်ဖိနှိပ်တဲ့ ဥပဒေမူကြမ်းတွေ ရေးဆွဲနေတာတွေကို အမေရိကန် အစိုးရအနေနဲ့ သည်းခံနေဖို့ မလိုဘူး ဆိုတာ အခိုင်အမာ သတင်း စကားပေးတာပါ”ဟု Rachel Wagley က ဆိုသည်။
၎င်းက ဆက်လက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် သူများသာမကဘဲ မြန်မာနိုင်ငံသား အားလုံး ပြုပြင် ပြောင်းလဲ ရေး၏ အသီးအပွင့်များ ခံစားရရှိလာစေရေး အတွက် အခိုင်အမာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။