ယူကရိန်းနိုင်ငံထဲက ခွဲထွက်ပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းသွားတဲ့ ခရိုင်းမီးယားဒေသလို အဖြစ်မျိုး မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ‘ဝ’ ဒေသမှာ ဖြစ်လာစရာ အကြောင်းမရှိကြောင်း ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေးပါတီ (UWSP) ရဲ့ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။
ခရိုင်းမီးယားဒေသ ရုရားနိုင်ငံနဲ့ ပူးပေါင်းသွားပြီးတဲ့နောက် မြန်မာနိုင်ငံထဲမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ် တည်ထောင်ရေး တောင်းဆိုနေတဲ့ ‘ဝ’ ဒေသဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အဆင်မပြေဖြစ်ရင် ခရိုင်းမီးယား ပုံစံမျိုး တရုတ်နိုင်ငံနဲ့ ပူးပေါင်းသွားနိုင်ဖွယ် ရှိမလားလို့ ဝေဖန် ပြောဆိုနေကြတာကို UWSP ဗဟို ဌာနချုပ်ရုံး အတွင်းရေးမှူး ဦးအောင်မြင့်က တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော်တို့ ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်ကတည်းက ကြေညာချက်ထုတ်ပြီးပြီ။ ‘ဝ’ တိုင်းရင်းသားတွေဟာ ဗမာပြည်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တခုဖြစ်တယ်။ ဘယ်တော့မှ နိုင်ငံတော်ကနေ ခွဲထွက်မှာ မဟုတ်ဘူး။ ခွဲထွက်ဖို့လည်း ကြေညာမှာ မဟုတ်ဘူး ဆိုပြီးတော့ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက သဘောထား ထုတ်ပြန်ပြီးပြီ ဖြစ်တယ်။ အခု တလျှောက်လုံးလည်း ဒီသဘောထားကို ရပ်တည်ထားတယ်၊ ကိုင်ဆွဲထားတယ်၊ ဒီသဘောထားနဲ့ပဲ ပြည်တွင်းရဲ့ အရာရာကို ကျနော်တို့ စဉ်းစား၊ ဆွေးနွေး၊ ဆုံးဖြတ်တယ်” လို့ ဦးအောင်မြင့်က ဧရာဝတီကိုပြောပါတယ်။
ရုရှားနိုင်ငံနဲ့ ပူးပေါင်းသွားတဲ့ ခရိုင်းမီးယားဒေသမှာ ရုရှားလူဦးရေ ၆၀ ရာခိုင်နှုန်း၊ ယူကရိန်းက ၂၅ ရာခိုင်နှုန်း၊ တာတာ (မွတ်စလင်) တွေက ၁၂ ရာခိုင်နှုန်း ရှိပြီး လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရုရှားစကားကို အဓိက ဘာသာစကားအနေနဲ့ အသုံးပြုကြတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံထက် အင်အားကြီးပြီး နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်သလို အဓိက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားဟာ ယူကရိန်းရဲ့ အကြီးဆုံး ကြွေးမြီရှင်ဖြစ်ကြောင်းလည်း သိရပါတယ်။ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံရဲ့ ဒီအခြေအနေတွေဟာ မြန်မာနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ အခြေအနေတွေနဲ့ ဆင်တူနေကြတယ်ဆိုပြီး ဝေဖန်သုံးသပ်နေကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ‘ဝ’ ဒေသထဲမှာ UWSP/UWSA ခေါင်းဆောင်များ အပါအဝင် အများစုက တရုတ်စာ၊ တရုတ်စကားတွေကို အသုံးပြုကြသလို အင်တာနက်လိုင်း၊ ဖုန်း၊ လျှပ်စစ်ဓာတ်အား အပါအဝင် အိမ်သုံး၊ လူသုံးကုန် ပစ္စတွေက အစ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေကိုပဲ အဓိက သုံးစွဲနေကြတဲ့အပေါ် ထင်မြင်ချက်မျိုးစုံနဲ့ ပြောဆိုနေကြတာတွေ တွေ့မြင်ရပါတယ်။
ဒါ့အပြင် ကချင်နဲ့ အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်စဉ်ကာလမှာလည်း UWSA ကို တရုတ်နိုင်ငံက လက်နက်တွေ ထောက်ပံ့ပေးတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို “ဝ” စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ သြဇာခံဖြစ်တယ်ဆိုပြီး ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။
သမ္မတ ဘားရက် အိုဘားမားရဲ့ အရှေ့အာရှဒေသဆိုင်ရာ သံတမန် ဒန်နီရယ် ရပ်ဆဲလ်က အာရှဒေသတွင်းမှာ ခရိုင်းမီးယား ပြဿနာပုံစံမျိုး မလုပ်ဖို့ တရုတ်နိုင်ငံကို သတိပေးထားပါသေးတယ်။ ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာကို ရုရှားက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ခရိုင်းမီးယား ဒေသကို ရုရှားက နယ်မြေပိုင် ပြုလုပ်တဲ့အတွက် အမေရိကန်၊ ဥရောပ သမဂ္ဂတို့က ရုရှားနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်မှု လုပ်လိုက်ခြင်းဟာ နမူနာတခုအဖြစ် တရုတ်နိုင်ငံကိုလည်း သတိပေးရာ ရောက်တယ်လို့ ဒန်နီရယ် ရပ်ဆဲလ်က ဆိုပါတယ်။
ဦးအောင်မြင့်က “ခင်ဗျားတို့လည်း ကြားမှာပေါ့ဗျာ၊ ယူကရိန်းမှာ ရုရှားနဲ့ ပြဿနာတက်လို့ ဒီလိုဖြစ်တယ်၊ အကယ်၍ တရုတ်နဲ့ မြန်မာ ပြဿနာတက်လို့ရှိရင် ‘ဝ’ က ပြဿနာ တက်လာနိုင်တယ်ဆိုတဲ့ ခရိုင်းမီးယား ပြဿနာကို ဆွဲပြီး ပြောနေကြတာ ဖြစ်တယ်။ ဒါတွေက နိုင်ငံရေး နောက်ခံသမိုင်းတွေ ရှိပါတယ်။ သူတို့ ဘာပြောချင်တယ်၊ ဆိုချင်တယ်ဆိုတာ သူတို့ပြောလိုက်တာနဲ့ ကျနော်တို့ နားလည်ပါတယ်၊ သိတဲ့လူတွေကတော့ ရှင်းမှာပါ၊ မသိတဲ့လူတွေကတော့ ဆွပေးတဲ့ သဘောပဲ၊ နားမလည်ဘဲနဲ့ ဆန္ဒပြကြမှာပေါ့” လို့ ဆိုပါတယ်။
UWSP ဟာ ၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ထဲမှာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း” အဖြစ် ခရိုင် ၂ ခု၊ မြို့နယ် ၆ မြို့နယ်အုပ်ချုပ်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ UWSP ခေါင်းဆောင်တွေကတော့ နောက်ပိုင်း အစိုးရနဲ့ ဆွေးနွေးပွဲတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ် တည်ဆောက်ဖို့ တစိုက်မတ်မတ် ဆွေးနွေးခဲ့ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ် တည်ဆောက်ဖို့အတွက် UWSP ဖွဲ့စည်းထားတာကတော့ မိုင်းမော၊ မိုင်းပေါက်၊ ဝင်းကောင် စတဲ့ ခရိုင် ၃ ခု အပါအဝင် မြို့နယ်ပေါင်း ၂၀ ဝန်းကျင်ရှိတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ရရှိရေးအတွက် တောင်းတယ်ဆိုတာလည်း ကိုယ့်ပစ္စည်းကိုယ် တောင်းတာပါ၊ သူများဆီက ဖဲ့ထုတ်ဖို့ မဟုတ်ပါဘူး။ တိုင်းပြည်က ခွဲထွက်မယ်လို့လည်း မဟုတ်ပါဘူး” လို့ ဦးအောင်မြင့်က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ၁၉၈၉ မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တွေမှာတော့ အပစ်အခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ထိုးထားပါတယ်။