စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး အတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောသည်။
KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ရန်ကုန်မြို့တွင် မေလ ၇ ရက်နေ့ တွေ့ဆုံပွဲ အပြီး ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နော်စီဖိုးရာစိန်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးသာမက တပြည်လုံးငြိမ်းချမ်းရေး ရရှိရန်လည်း အားလုံး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။
“တတိုင်းပြည်လုံး ပြုပြင် ပြောင်းလဲမှုမှာ အခြေခံ ဥပဒေကလည်း အရေးကြီးတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက တပိုင်း၊ ဖွဲ့စည်းပုံက တပိုင်း၊ ဒါပေမယ့် ဆက်စပ်မှု ရှိပါတယ်။ ပူးပေါင်း လုပ်ဆောင်ရမယ့် အချက်တွေပါပဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ကျမတို့ လိုချင်တဲ့ ဥပဒေမဟုတ်တဲ့ အတွက် ပြု ပြင်သင့် ပါတယ်” ဟု နော်စီဖိုးရာစိန်က ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသာမက တပြည်လုံး အပစ်အခတ် ရပ်စဲရေး ၊ စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရေး လုပ်ဆောင်ရာတွင် တိုင်းရင်းသားများ၏ တာဝန် တခုတည်း မဟုတ်ဘဲ လူမှုအဖွဲ့ အစည်းများ၊ ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ အားလုံး ပါဝင်မှသာ ပြုပြင် ပြောင်းလဲအောင်မြင်နိုင်ကြောင်း နော်စီဖိုးရာစိန်က ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် တိုင်းရင်းသားများ၏ တန်းတူညီမျှ အခွင့်အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းအပြင် ဖွဲ့စည်းပုံ အကျပ်အတည်းကို တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဆိုသည်။
“အဓိက ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အကျပ်အတည်း၊ ဖွဲ့စည်းပုံ အကျပ်အတည်း၊ ငြိမ်းချမ်းရေး ကိစ္စတွေပါ။ ဖွဲ့စည်းပုံကို ပြန်ပြင်ရမယ် ဆိုတာ အားလုံးက သဘောတူတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ တိုင်းပြည် ဖွ့ံ့ဖြိုးရေးကိစ္စ ဒီမိုကရေစီရေး ကိစ္စတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကြီးနဲ့ လုံးဝ အလုပ်မဖြစ်ဘူး ဆိုတာ ကျနော်တို့ သဘောတူပြီးသားပါ” ဟု ဦးမင်းကိုနိုင်က ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် ပါဝင်သူ KNU ဗဟို ကော်မတီဝင် ပဒိုစောသမိန်ထွန်း ကမူ “၂၀၀၈ ဖွဲ့စည်းပုံဟာ ကျနော်တို့ တိုင်းရင်းသားတွေ အတွက် ဘာအခွင့်အရေးမှ မရပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ တရပ် တည်ထောင် လို့ မရဘူး။ ဒါကြောင့် အခြေခံ ဥပဒေကို တခုချင်းစီ ပြင်သွားမယ်။ ဘာလို့လဲဆိုတော့ အားလုံး ပြောင်းလဲ လိုက်ရင်လည်း ပြဿနာ တရပ် ပေါ်လာမယ်” ဟု ဆိုသည်။
KNU ဒုဥက္ကဌ နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မေလ ၆ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့်တွေ့ဆုံခဲ့ကြောင်း၊ အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ KNU ကိုယ်စားလှယ် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်တွင်းနိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့စည်းများနှင့် ထပ်မံ တွေ့ဆုံသွားရန်ရှိပြီး ရန်ကုန်မြို့ရှိ ကရင်ပြည်သူလူထု နှင့်တွေ့ဆုံသွား မည် ဖြစ် ကြောင်း သိရသည်။