Politics

သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူရန် ၂ လ ထပ်မံ တိုးချဲ့ထားပြီး ကချင်ပြည်နယ်တွင် ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်တွင် ခရိုင် ၅ ခုအနက် ခရိုင် ၃ ခုတို့ စာရင်းကောက်ယူရန် ကျန်သေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေလ ၇ ရက်နေ့က ကျင်းပသည့် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စာရင်းပေါက်တာ ၁၆၀၄ ရွာ ရှိပါတယ်။ အဲဒီထဲက ကျေးရွာ အုပ်စုပေါင်း ၂၅ အုပ်စုက ကျေးရွာ ၉၇ ရွာမှာ လုံခြုံရေး အခြေအနေအရ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပါဘူး” ဟု ကချင်ပြည်နယ်နှင့် ပတ်သက်၍ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံမှု အခြေအနေနှင့် ပတ်သက်၍လည်း ဝန်ကြီး ဦးခင်ရီက “တနိုင်ငံလုံးမှာ ဘင်္ဂါလီဦးရေက အရင်က ကောက်ခံထားတဲ့ စာရင်းအရ ၁. ၃၃ မီလီယံ ရှိပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ နေထိုင်တဲ့ ဘင်္ဂါလီက ၃ သိန်းကျော် ရှိတယ်။ အဲဒီ ၃ သိန်းကျော်လုံးကို ကောက်လို့ ရပါတယ်။ ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခု ရှိပါတယ်။ ခရိုင် ၂ ခုက ဘင်္ဂါလီတွေက သန်းခေါင်စာရင်း အကောက်ခံပါတယ်။ ခရိုင် ၃ ခုပဲ ကျန်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ၂ သောင်းကျော်လောက် ထပ်မံ ကောက်ခံရရှိပြီးပါပြီ” ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နယ်မြေလုံခြုံမှု မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ခံမှုကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဧပြီလ ၁၀ ရက် နောက်ဆုံး သတ်မှတ်ရက်အပြင် နောက်ထပ် ၂ လခန့် နောက်ဆုတ်ထားကြောင်း သိရှိရသည်။

ထပ်တိုးထားသည့် ၂ လအတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တတ်နိုင်သမျှ ကောက်ခံသွားရန် စီစဉ်ထားပြီး အားလုံး ကောက်ခံ၍ မရခဲ့လျှင် ခန့်မှန်းလူဦးရေစာရင်းဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်လျှင် ကချင်နှင့် ရခိုင်ပြည်နယ်မှ စာရင်းအရေအတွက်သည် ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံထားသည့် တနိုင်ငံလုံးရှိ လူဦးရေစာရင်း အရေအတွက်များကို လာမည့် သြဂုတ်လ အတွင်း မြို့နယ်အဆင့်ရှိ လူဦးရေ စာရင်းအထိ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading