ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ကျေးရွာ ဥက္ကဋ္ဌ တဦးကို အစိုးရ စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရသည်။
ဖမ်းဆီးခံရသူမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နမ့်လင်းမိန်အဲန် ကျေးရွာ ဥက္ကဌ ဦးအိုက်ကိန် ဖြစ်ကြောင်း သိရသည်။
“နမ့်လင်းမိန်အဲန် ကျေးရွာက ပါတီဥက္ကဌ ကို စစ်သား လေးငါးယောက်လောက်က ဝိုင်းထိုးပြီး ခြေထောက်နဲ့ကန်တယ်။ ဆွဲခေါ်သွားတယ်။ အစိုးရအနေနဲ့ ဥပဒေမဲ့ လုပ်တာတွေကို ကျေးရွာ ပြည်သူတွေက အရမ်းစိုးရိမ် နေကြတယ်။ သူ့မှာ အပြစ်ရှိရင်တောင် ဥပဒေ အရ အရေးယူသင့် ပါတယ်”ဟု ကျိုင်းတုံမြို့နယ် မိုင်းခမ်းမြို့နယ် SNLD ဥက္ကဌ ဦးစိုင်းလုံက ဧရာဝတီကို ပြောသည်။
အဆိုပါ ကျေးရွာခေါင်းဆောင်ကို ကျိုင်းတုံ အခြေစိုက် အစိုးရ ခြေလျင်တပ်ရင်း(ခလရ) ၂၄၅ မှ စစ်သားများက မေ ၅ ရက်က ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဦးစိုင်းလုံက ဆက်ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာပြည်သူများက မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် ပါတီဝင်များထံ အကြောင်းကြားထားပြီး ဥပဒေ ကြောင်း အရ ပြန်လွှတ်ပေးရန် ကြိုးစားနေကြောင်း ၎င်းက ပြောဆိုသည်။
အစိုးရနှင့် တိုင်းရင်းသားများ အကြား ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ချိန်တွင် ငြိမ်းချမ်းရေး ပျက်ပြားစေသည့် အပြုအမူများ မလုပ်သင့်ကြောင်းလည်း ဦးစိုင်းလုံက ဆက်ပြောသည်။
SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီတခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီကို ပြန်လည် မှတ်ပုံ မတင်သဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၂၀၁၂ ခုနစ်၌ ပါတီကို ပြန်လည် မှတ်ပုံတင်ပြီး ရှမ်းပြည်နယ် တွင် ပါတီရုံးခွဲများစွာ ဖွင့်လှစ်ထားလျက် ရှိသည်။