ဟိုတုန်းက သီချင်းတပုဒ်ရှိတယ်။
“ကိုယ်ချစ်တာမှ ကိုယ်ယူမယ်
မောင်မောင်ရယ်
အဖေစပ် အမေစပ်
မကျေနပ်နိုင်ပေါင်ကွယ်
ကိုယ်ထင်ရာ ကိုယ်ယူမယ်
နောင်ခါလာ နောင်ခါဈေးကွယ်
နှစ်ထပ်ဦးထုပ်
ကိုဗရုတ် ကြိုက်တော့မယ်”
အဲသည်သီချင်းဟာ နန်းတော်ရှေ့ဆရာတင် ရေးတာပါ။ ဒါကို အိုးဝေမှာလည်းဖော်ပြခဲ့ဖူးတယ်။ ဟိုခေတ်တုန်း ကတော့ ကိုယ်ချစ်တဲ့သူနောက် ကောက်ကောက်ပါအောင် လိုက်သွားပြီး မယ်နှင့်မောင်တို့ဟာ အိုအောင်မင်း အောင် ပေါင်းသင်းကြလေသတည်းပါပဲ။ မိဘနှစ်ပါးတော့ အောင့်သက်သက်ဖြစ်ပေတဲ့ များသောအားဖြင့် ပျက်စီးတယ်လို့ မရှိပါ။ ယခုကော ဘယ်လိုလဲ။ သမိုင်းမှာ လွတ်လွတ်လပ်လပ်ရှိကြတဲ့ မြန်မာအမျိုးသမီးတွေကို ဘာကြောင့်များ ကြောင့်ကြကြတာပါလိမ့်။
မြန်မာအမျိုးသမီးတွေဟာ ခေသူတွေ မဟုတ်ပါ။ အရှေ့ အနောက် နိုင်ငံတကာနဲ့ ယှဉ်ချင် ယှဉ်ပါ။ လွတ်လပ် ရေးမှာတော့ မလျှော့ပါ။ တရုတ်ခြေသေးမ၊ အာရပ် အိမ်တွင်းပုန်းတွေနဲ့ မြန်မာမတွေ တခြားစီပါပဲ။ ဥရောပ မှာလည်း အိမ်ထောင်ပြုရင် ယောက်ျားနာမည်ကို မိန်းမပြောင်းယူရတယ်။ ယောက်ျားက သော့ကိုင်တယ်။ လင်သေရင် သေတမ်းစာမှာ လင်ဖြစ်သူ သဘောအတိုင်း ဝေပေးသမျှပဲ ဇနီးက ရတယ်။ ကျုပ်တို့ မြန်မာမတွေ က သူတို့ထက် သာတယ်။
အဲသလို လွတ်လပ်ပေတဲ့လည်း လွတ်လပ်တယ်ဆိုရုံနဲ့ ကမြင်းကြောမထကြပါဘူး။ မြန်မာ့လူ့ဘောင်က သူ့ဟာနဲ့သူ အထိန်းအကွပ် ရှိတာပဲ မဟုတ်လား။
ဝေဖန်တတ်သူတွေပါ
မြန်မာအမျိုးသမီးတွေက ဝေဖန်တဲ့ အမြော်အမြင်အရာမှာ သတ္တိကောင်းရာမှာလည်း ကျနော့်အနေနဲ့ မြန်မာ ကဗျာဆရာမကြီး ကြည်အေးရဲ့ ကဗျာကို နမူနာပေးချင်တယ်။
“တရားသခင်
ကြည်လင်ရုပ်သွင်၊ သခင်လာသည်ကို
ကြည်ညိုမြတ်နိုး၊ ကျွန်ရှိခိုးဆဲ
မာန်ငြိုးကင်းစင်၊ ဆုထူးမြင်ဆဲ
သင်မိစ္ဆာလား၊ သမာလား
မေးအားရက်လှသည်။
ကြည်လင်ရုပ်သွင်၊ သခင်ဟူသည်
တဆူဂင်္ဂါသဲမှ၊ ရှင်ဗုဒ္ဓလား
ထမြောက်ပြန်သစ်၊ ခရစ်တော်လား
ကျော်လွင့်လူ့ရွာ၊ အလ္လာဟုလား
စကားမွန်မြတ်၊ ကွန်ဖြူးရှပ်လား
ကားလ်မတ်၊အိန်ဂျယ်
လယ်နင်၊ စတာလင်လား။
ကြည်လင်ရုပ်သွင်
သခင်မွန်ကို၊ ကျွန်ရှိခိုးလဲ
လူကိုရှိမခိုး၊ တရားကို ရှိခိုး၏
စိုးစဉ်ချွတ်ယွင်း၊ ခေတ်နှင့်မလျင်းက
ခြွင်းချက်ဖြင့် ပူဇော်၏။
ကြည်လင်ရုပ်သွင်၊ သခင်တို့သည်
သူမှီတင်းသော၊ လူ့ခေတ်ပြောကျယ်
လိုက်လျောကျင့်ဝတ်၊ ပညတ်မြဲရှင့်။
ဖြူ ဖြောင့်ချစ်တတ်၊ အပြစ်ခွင့်လွှတ်
နားလည်ညွှတ်ပျောင်း
လွတ်မြောက်ကင်းလျက်
အသက်လှူရက်၊ ဆင်းရဲဖက်ခဲ့
ကိုယ်ပျက်ငြူစူ၊ နူသူကိုပင်
ကြည်ဖြူလက်ကမ်း၊ ဖက်ယမ်းပေါင်းသင်း
သနားခြင်းဖြင့် ၊ တရားမင်းဟု
စစ်မှန်ခြင်းတည်ရာ၊ သခင်လာသည်
နာမည်မရှိ၊ အသိဝေငှ
အလှတရားမျှဖြစ်၏။”
ရှုမဝ၊ ၁၉၇၁၊ ဇန်နဝါရီ
တရားဆိုတာ ဘာတုန်း။ ဖြူစင်တယ်၊ ဖြောင့်မတ်တယ် အပြစ်ကို ခွင့်လွှတ်တယ်။ သနားကြင်နာတယ်။ သနားခြင်းဖြင့်၊ တရားမင်းဟု၊ စစ်မှန်ခြင်းတည်ရာ သခင်လာသည်၊ နာမည်မရှိ၊ အသိဝေငှ၊ အလှတရားမျှ ဖြစ်သော တဲ့။ အဲသည်အပိုဒ်ကို သေသေချာချာ စေ့ငုစမ်းပါ။ အဲသလို ဝေဖန်တတ်တဲ့ မြန်မာအမျိုးသမီးတွေ ကို အထင်မသေးပါနဲ့။
မရောင်ရာ ဆီမလူးပါနဲ့
ဥပဒေကလည်း မြန်မာမတွေကို လွတ်လပ်စေတယ်။ လွတ်လပ်ရုံတင် ဘယ်ကမလဲ အကာအကွယ်ပေးထား တယ်။ ဟိုတလောက ပဲ့တင်သံဂျာနယ်က သတင်းဆောင်းပါးတပုဒ်မှာ ဖတ်ရတယ်။ ၁၉၅၄ လက်ထပ်ခြင်းနှင့် ထိမ်းမြားခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေအကြောင်းပါပဲ။
“တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုးက ဆက်လက်ပြောဆိုရာတွင် “အမျိုးစောင့်ရှောက်ဖို့၊ဘာသာစောင့်ရှောက် ဖို့ ကိုယ့်အမျိုးဘာသာ သာသနာ ချစ်တာက စိတ်ဓာတ်နဲ့ပဲဆိုင်တာ၊ ဥပဒေပြဋ္ဌာန်းလို့ မရဘူး။ နောက် ၁၉၅၄ ထိမ်းမြားလက်ထပ်ခွင့် ဓလေ့ထုံးတမ်းဥပဒေကို ပြင်မယ်ပြောတာဟာ ဂဃနဏ မသိလို့ပြောတာ၊ ၅၄ ဥပဒေကို ရေးဆွဲထားခဲ့တဲ့ ပညာရှင်တွေရဲ့ စေတနာကို မသိလို့ နားမလည်လို့ပြောတာ၊ ၁၉၅၄ ထက် ကောင်းမွန်ပြည့်စုံ တဲ့ ဥပဒေကို ဘယ်သူမှ ရေးဆွဲနိုင်မှာ မဟုတ်သေးဘူး။ နောက် အမျိုးသမီးတယောက် လက်ထပ်တယ်ဆိုတာ သူ့နှလုံးသားနဲ့ပဲ ဆိုင်တယ်။ ဘယ်ဘာသာဝင်ကိုမဆို ယူမှာပဲ။ တားမြစ်တာက လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်တာပဲ။ အစ္စလာမ်နဲ့ ယူလည်း ဘာသာပြောင်းစရာမလိုဘူး။ သူ့ဘာသာ မဝင်လို့ ကွာရှင်းမယ်ပြောရင် အဲဒီအမျိုးသမီးကို လက်ထပ်ထားတဲ့ အမျိုးသားရဲ့ ပိုင်ဆိုင်မှုတွေကို ရပိုင်ခွင့်ရှိတယ်လို့ ၁၉၅၄ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်” ဟုပြောသည်။
“၁၉၅၄ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေကိုပြဋ္ဌာန်းရခြင်းအကြောင်းအရင်းမှာ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေများက အချုပ်အချယ်မရှိ လွတ်လပ်စွာ ပေးထားသော်လည်း ဘာသာခြားများ၏ ဓလေ့ထုံးတမ်းများမှာ တင်းကျပ်သည်ကို တွေ့ရသည်။ ဓမ္မသတ် များကသော် လည်းကောင်း၊ မြန်မာဓလေ့ ထုံးတမ်းများ ကသော်လည်းကောင်း ဘာသာခြားများနှင့် ထိမ်းမြားမှု ကို တားမြစ်မထားပေ။ ထို့ကြောင့် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများသည် ဘာသာခြားယောက်ျားများနှင့် ထိမ်းမြား ရသောအခါ တရားဝင်မယားဖြစ်မြောက်ရန် မိမိတို့၏ ကိုးကွယ်ရင်း ဗုဒ္ဓဘာသာကို စွန့်လွှတ်၍ ဘာသာခြားသို့ ကူးပြောင်းရပြီး သားသမီးများမှာလည်း ဖခင်၏ ဘာသာဝင်သူများဖြစ်ကြရသည်။
“ထို့ကြောင့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေကို (၁၉၅၄ ခုနှစ် အက်ဥပဒေပုဒ်မ ၃၂) ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ ဤဥပဒေပြဋ္ဌာန်းချက်များသည် အခြားတည်ဆဲဥပဒေများ၊ ဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးတမ်းများနှင့်မည်သို့ပင် ဆန့်ကျင်စေကာမူ၊ ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌ အာဏာသက်ရောက်ရမည်ဟု ပုဒ်မ ၄ တွင် ပြဆိုထားသည်။ ထိုပုဒ်မအရ ဘာသာခြားတို့သည် ၎င်းတို့၏ တရားဥပဒေဓလေ့ထုံးတမ်းများကို အကာ အကွယ်မယူနိုင်တော့သလို ဘာသာခြားယောက်ျားနှင့် လက်ထပ်လိုသော ဗုဒ္ဓဘာသာအမျိုးသမီးသည် ဘာသာ မပြောင်းလဲ မှတ်ပုံအရာရှိထံတွင် တရားဝင် လက်ထပ်နိုင်ပေသည်။” (ဘာသာပြောင်းစရာမလိုဘူးဆိုတာ ထင်လင်းပါတယ်။ နှိပ်စက်ကလူပြုရင်လည်း အကာအကွယ်ပေးထားတာက အောက်ပါအတိုင်းပါ။)
“ဘာသာအယူဝါဒ မတူသောကြောင့် မိမိ၏ ဇနီးအား နှိပ်စက်ကလူပြုခဲ့မည်ဆိုပါက ၁၉၅၄ ဥပဒေပုဒ်မ ၂၅ အရ ဘာသာခြား ယောက်ျားဖြစ်သူသည် မိမိ၏ မယားကို ဘာသာရေးကြောင့် ကွာရှားလိုလျှင် သို့မဟုတ် ကိုယ်ထိ လက်ရောက် ညှင်းပန်းနှိပ်စက်လျှင် ဖြစ်စေ ရက်စက်သည့် အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင်ပြုလုပ်လျှင် ဖြစ်စေ (က) ထိုယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစုကို စွန့်ရသည်။ ထို့အပြင် ထိုမိန်းမ အား လျော်ကြေးပေးရမည်။ (ခ) မိန်းမသည် သားသမီးအားလုံးကို ထိန်းသိမ်းခွင့် ရရှိမည်။ (ဂ) ထိုသူသည် အရွယ်မရောက်သေးသည့် ကလေးများအတွက် ကလေးစရိတ် ပေးရမည်ဟု ပြဆိုထားသည်။”
(မြန်မာမတွေကို လက်ထပ်ရင် တရားဝင် မယားပြိုင်သာဖြစ်တယ်။) “၁၉၅၄ ခုနှစ် အထူးအက်ဥပဒေသည် ဗုဒ္ဓဘာသာဝင် မိန်းမတို့ တရားဝင် ထိမ်းမြားပြီး မယားအဖြစ် အသိအမှတ်ပြု၍ အခြား တရားဝင် မယားများရှိလျှင် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ တန်းတူရည်တူ အမွေကို ဆက်ခံနိုင်ခွင့်ရှိသည့် တရားဝင် မယားပြိုင်ဖြစ်ပေ၏။ အထူးအက်ဥပဒေကပေးသော အခွင့်အရေးကို တရားရုံးက နုတ်ပယ်၍ မရ။ လင်ဖြစ်သူ၏ သေတမ်းစာဖြင့် ဖျက်၍မရ။ အပြည့်အဝခံစားရမည်သာဖြစ်သည်။ ထို့ကြောင့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ ဓလေ့ထုံးတမ်း ဥပဒေအရသာ ဆုံးဖြတ်ပေးရမည်ဟူသော အထူးအခွင့်အရေးကို ရရှိလာပါသည်ဟု အတိအလင်းပြဆိုထားသည်ကို တွေ့ရသည်။
“အမျိုးစောင့်ဥပဒေအား ဂျိန်းဖောအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ဖန်မီးအိမ်၊ ကာလာဖူးလ်ဂဲလ်၊ ထရွိုင်ဂင်ဝူးမင်းစပို့ဂရုဖ်၊ ၈၈ မျိုးဆက်ကျောင်းသူများအဖွဲ့၊ ဒေါ်ရွှေဇီးကွက်တို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။”
ပဲ့တင်သံဂျာနယ်၊ အမှတ် ၁၁၊ ၄ ဇူလိုင် ၂၀၁၃။
“မရောင်ရာ ဆီလူး”၊ “မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင့်” ဆိုတဲ့ စကားတွေကို သတိရတယ်။ ကျနော့်ဘကြီး ဦးချစ်စ ပြောသလို ကြုံမှ ကြုံရပေလေတယ်လို့ ညည်းမိပါတယ်။
တကယ်တော့ ဥပဒေပြုရင် အခြေခံ စံပြုရတဲ့ အချက် ၃ ချက် ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက မိန့်တာ ကြားဖူးတယ်။ မည်သည့် ဥပဒေမဆို
၁။ လူ့အခွင့်အရေး အခြေခံစံနဲ့ ကိုက်ညီရမယ်။ မကိုက်ညီရင် မတရားတဲ့ ဥပဒေဖြစ်မှာပဲ။
၂။ တိုင်းပြည်တပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ညီရမယ်။
၃။ တည်ဆဲဥပဒေနဲ့လည်း အညီအညွတ်ဖြစ်ရမယ်။ ဆန့်ကျင်နေသော် တည်ဆဲ ဥပဒေကို ဖျက်သိမ်းဖို့ လုပ်ရမယ်။
မြန်မာပို့စ် ဂလိုဘယ်ဂျာနယ်၊ အမှတ် ၁၁၇ ၊ ဇူလိုင် ၁၂၊ ၂၀၁၃ က အထူးဆောင်းပါး ရှေ့နေကြီး ဦးဇော်ဝင်းလှိုင် ရေးသားထားတာကလည်း အတော့်ကို ရှင်းလင်းပါတယ်။ ဖတ်ရှု့ကြည့်တော်မူကြပါ။
စဉ်းစဉ်းစားစား ဆောင်ရွက်တော်မူကြပါလို့သာ တောင်းပန်ချင်တာပါပဲ။
(ကိုတာသည် ရန်ကုန်အခြေစိုက် စာရေးဆရာဖြစ်ပြီး ပညာရေး၊ တွေးခေါ်မျှော်မြင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများကို လစဉ်ထုတ်မဂ္ဂဇင်းများတွင် ပုံမှန်ရေးသားနေသည်)