သတင်း

မြေသိမ်းခံ တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း ဒေသကြီး သဲကုန်းမြို့နယ်မှ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူများနှင့် ရဲ တပ်ဖွဲ့ဝင်များကြား အချင်းများပြီး ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားရာ လူ ၃ ဦး အရေးပေါ် ဆေးကုသမှု ခံယူရကြောင်း သိရသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ သပိတ်စခန်းမှ တရားစွဲခံထားရသည့် လယ်သမား၄ ဦးနှင့် လယ်သမားအရေး ကူညီပေးသူ တဦးတို့ကို မေ ၆ ရက် က ပထမဆုံး ရုံးချိန်းထုတ်ရာ သဲကုန်းမြို့နယ် တရားရုံးတွင် စစ်ဆေးမှု ခံယူစဉ် ထို ၅ ဦးထဲမှ တဦးမှာ အာမခံ မရရှိသဖြင့် ပေါင်းတည်ထောင်သို့ ထောင်ကြီးချုပ်ဖြင့် ထားရှိရန် ပို့ဆောင် စေခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပို့ဆောင်စဉ် ပေါင်းတည်ထောင်ရှေ့ အရောက်တွင် တောင်သူများက ထောင်တွင်းသို့ ပို့ဆောင် မချူပ်နှောင်ရန် ပိတ်ဆို့ထား သဖြင့် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က အင်အားသုံး ဖြိုခွင်းသောကြောင့် တောင်သူ ၂ ဦးနှင့် သတင်းလာရောက် ယူနေသည့် အလွတ် သတင်းထောက် တဦးတို့ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဒေသခံ သတင်းသမား ကိုမာနော်က ဧရာဝတီ သို့ ပြောသည်။

“ထောင်ရှေ့ရောက်တော့ လယ်သမားက ဆယ်ဦးလောက်ပဲ ရှိတာ၊ ရဲတွေက ငါးဆယ်လောက် ရှိတယ်၊ သူတို့က ဆွဲဆွဲဆိုပြီး အမိန့် ပေးတော့ ရဲတွေက ကျနော့်ကို အရင်ဆုံး ဆွဲတယ်။ ပြီးတော့ ဒေါ်ဝင်းကို ဆွဲတော့ ဒေါ်ဝင်းက လဲကျသွားပြီး ခေါင်းထိ သွားတယ်။ သူ့ကို ကျနော် ပွေ့ချီပြီး ဆေးရုံရောက်တော့ ကျနော်ပါ ဆေးရုံ တက်လိုက်ရတယ်၊ အခု ဗိုက်က အရမ်းအောင့်နေလို့”ဟု ကိုမာနော်က ဆိုသည်။

အရေးပေါ် ဆေးကုသမှု ခံနေရသူ တောင်သူ ၂ ဦးမှာ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရပြီး အာမခံ ရရှိထားသူမှာ ဒေါ်ညို ဖြစ် ကြောင်း၊ ကျန်တဦးမှာ လယ်သိမ်းခံရသော တောင်သူ ဒေါ်ဝင်းဖြစ်ကြောင်း လယ်သမားအရေး ကူညီပေးသူ မဇင်မာဝင်း ကလည်း ဧရာဝတီသို့ ပြောသည်။

“ဒေါ်ဝင်းက အခြေအနေ တော်တော်ဆိုးတယ် ခေါင်းကို ထိထားတယ်။ အောက်ဆီဂျင် ပေးထားရတယ်။ ခေါင်းကို အထိမခံနိုင်ဘူး ဖြစ်နေတယ်။ ဒေါ်ညိုလည်း ရင်ဘတ်ကို စောင့်တွန်းခံထားရတာ၊ ကိုမာနော်က တောင်သူ အဒေါ်ကြီးတွေ အရိုက်ခံရမှာ စိုးလို့ ဝင်ခံ လိုက်တာ၊ ရဲက ငါးဆယ်လောက် ဝိုင်းရိုက်ကြတာ”ဟု မဇင်မာဝင်းက ပြောပြသည်။

လယ်သမားအရေး ကူညီပေးသူ ကိုသန့်ဇင်ထက်နှင့် လယ်သိမ်းခံရသူများ ဖြစ်ကြသော ကိုပေါက်စ၊ ကိုကျော်သူ၊ ဒေါ်ညို နှင့် ဒေါ်မုန်းတို့သည် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရပါ။

တရားစွဲဆို ခံထားရသည့် လယ်သိမ်းခံ တောင်သူများသည် သဲကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးရှေ့နှင့် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးစိုးအောင်၏ နေအိမ်ရှေ့တွင် သွားရောက် ဆန္ဒပြ ကျိန်စာတိုက်ခဲ့ကြသည်ကို အာဏာပိုင်များက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေပြီး ဆူပူမှု ဖြစ်စေသည့် အတွက် ပုဒ်မ ၅၀၅(ခ)ဖြင့် သဲကုန်း ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည် ဟု သိရသည်။

လယ်သိမ်းခံ တောင်သူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်က သဲကုန်းမြို့ မြို့တော် ခန်းမအနီးတွင် သပိတ်စခန်း ဖွင့်လှစ်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြရာ ယင်းသပိတ်စခန်းကို မြို့နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်တွင် အင်အားသုံး ဖြိုခွင်းခဲ့သဖြင့် အောင် ကုန်းကျေးရွာတွင် သပိတ်စခန်းကို ပြောင်းရွှေ့ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

သိမ်းဆည်းခံရသည့် လယ်မြေများမှာ ၁၉၉၉ ခုနှစ် ဧပြီလ ၇ ရက်က ပြည်ခရိုင်ဦးစီးမှူးက အောင်ကုန်း၊ သင်တော၊ ကစွန်းအင်း၊ ရင်း တိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီး ကျေးရွာ တဝိုက် လယ်မြေ ၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖော်ထုတ်ရန် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အမှတ်(၃) လယ်ယာလက်ကား သမဝါယမ အသင်း လီမိတက်မှ ၂၀၀၁ နှစ်မှ စတင်၍ လွှဲပြောင်းရယူပြီး ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း တောင်သူများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading