ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ပေါ်ရှိ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ရဲ့ ဆက်ဆံရေးရုံးကို သေနတ်တွေ ကိုင်ထားတဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) က မေ ၆ ရက် ညနေပိုင်းက အကြောင်းပြချက် မရှိဘဲ ဝင်ရောက် စီးနင်း ရှာဖွေခဲ့တယ်လို့ သိရပါတယ်။
“ရုံးမှာရှိတဲ့ လူတွေ ပြန်ပြောပြတာက ရုတ်တရက် သေနတ်တွေနဲ့ ဝင်လာပြီး ရုံးထဲမှာ ရှိတဲ့ လူတွေကို တယောက်မှ မထနဲ့ အားလုံး အကုန်ထိုင်ဆိုပြီး အခန်းတွေ၊ သေတ္တာတွေ၊ ဗီရိုတွေ အဖွင့်ခိုင်းပြီး ရှာတယ်။ ဘာကို ရှာတယ် ဆိုတာကို စဝင်ရှာတဲ့ အချိန်ကနေ ဒီနေ့ အထိ ကျနော်တို့ကို မပြောဘူး။ ဖုန်းဆက် မေးကြည့်တော့ သိချင်ရင် စရဖ ရုံးကို လာခဲ့လို့ ပြောတယ်”ဟု RCSS/SSA ကျိုင်းတုံ ဆက်ဆံရေးရုံး တာဝန်ခံ ဒု ဗိုလ်မှူးကြီး စိုင်းစိုးမိဏ်းက ဧရာဝတီကို ပြောပါတယ်။
ကျိုင်းတုံ အခြေစိုက် စရဖ အဖွဲ့ တပ်ဖွဲ့မှူး ဗိုလ်မှူး ရဲနေလင်း ဦးဆောင်တဲ့ စစ်ဝတ်စုံ ဝတ်ထားပြီး သေနတ်တွေ ကိုင်ထားတဲ့ စရဖ အဖွဲ့တွေနဲ့ အတူ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေလည်း ပါဝင်တယ်လို့ RCSS/SSA က ပြောပါတယ်။
စရဖ အဖွဲ့က RCSS/SSA ဆက်ဆံရေးရုံးကို ဝင်ရောက် ရှာဖွေကြချိန်မှာ ဆက်ဆံရေးရုံး တာဝန်ခံရဲ့ မိသားစုတွေနဲ့ ရုံးတာဝန်ရှိသူ တချို့သာ ရှိနေပြီး၊ ရုံးတာဝန်ခံ ဖြစ်တဲ့ ဒုဗိုလ်မှူးကြီး စိုင်းစိုးမိဏ်း ကိုလည်း စရဖ ရုံးက လှည့်ဖျား ခေါ်ဆောင်ပြီး အချိန်ဖြုန်းခဲ့တယ် လို့ ၎င်းတို့က ပြောဆိုပါတယ်။
“အဲဒီ မတိုင်ခင် G1 နဲ့ ကျနော် စကား ပြောတယ်၊ တိုင်းမှူးက ညွှန်ကြားလိုက်တယ်တဲ့၊ ကျနော်နဲ့ စရဖ တပ်မှူး ဗိုလ်မှူး ရဲနေလင်း စရဖရုံးကို သွားတိုင်ပင် ဆွေးနွေးပါတဲ့။ ကျနော်သွားတော့ သူ့တပည့်နဲ့ပဲ တွေ့တယ်၊ တွေ့တော့ ကျနော့်ကို ထိုင်ခိုင်းတယ်၊ ခဏ စောင့်ပါဦး ကျနော်တို့ လူကြီးက အစည်းအဝေး သွားတက်တယ်တဲ့၊ အဲဒါနဲ့ ကျနော်လည်း အဲဒီ စရဖ ရုံးမှာပဲ တနာရီလောက် ရှိတယ်၊ အဲဒီအချိန်မှာ ဗိုလ်မှူး ရဲနေလင်းတို့က ကျနော်တို့ ရုံးမှာ သွားစစ်ဆေးတာပဲ”လို့ ဒုဗိုလ်မှူးကြီး စိုင်းစိုးမိဏ်းက ပြောပါတယ်။
RCSS/SSA ဆက်ဆံရေးရုံးကို ဝင်ရောက် ရှာဖွေမှုနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ အတွက် ကျိုင်းတုံ အခြေစိုက် စရဖ ရုံးကို ဧရာဝတီက ဆက်သွယ် ခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD) အဖွဲ့ဝင် တဦးကို အစိုးရ စစ်တပ်က မေလ ၅ ရက်က ဖမ်းဆီး ရိုက်နှက်ထားမှုနဲ့ ပတ်သက်ပြီး RCSS/SSA ဆက်ဆံရေးရုံး တာဝန်ရှိသူတွေက လိုက်ပါ ဖြေရှင်းပေးဖို့ SNLD ပါတီ တာဝန်ရှိသူတွေ အပါအဝင် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ (SNDP) နဲ့ ရှမ်းလူငယ်အဖွဲ့တို့ ဆွေးနွေးဖို့ လာရောက်ကြတယ်လို့ သိရပါတယ်။
အဆိုပါ အဖွဲ့တွေ လာရောက် ဆွေးနွေးအပြီး ပြန်သွားကြချိန်မှာ သေနတ် ကိုင်ထားတဲ့ စရဖ အဖွဲ့တွေ RCSS/SSA ဆက်ဆံရေးရုံးကို ဝင်ရောက် ရှာဖွေမှုတွေ ပြုလုပ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းပြချက်မရှိ ရှာဖွေခံရမှုနဲ့ ပတ်သက်ပြီး RCSS ဗဟိုကို အချက်အလက်တွေနဲ့ တကွ တင်ပြထားတယ်လို့ သိရပါတယ်။
ဆက်ဆံရေးရုံးကို ဒေသခံတွေ၊ နိုင်ငံရေး ပါတီတွေက မူးယစ်ဆေးဝါး ပပျောက်ရေး၊ မြေယာပြဿနာနဲ့ ဒေသ အခက်အခဲတွေကို လာရောက် ဆွေးနွေး တင်ပြကြတာတွေ ရှိပေမယ့်၊ အခုလို ဆက်ဆံရေးရုံးကို စရဖ အဖွဲ့တွေ ဝင်ရောက် ရှာဖွေသွားတာကြောင့် ဒေသခံတွေ ထိတ်လန့်ပြီး ဝင်ထွက်သွားလာမှု မရှိတော့ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းစိုးမိဏ်း ပြောပါတယ်။
အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးနောက် တရားဝင် ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးကို အခုလို အင်အားသုံး စီးနင်း ရှာဖွေမှု အပေါ် စုံစမ်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရ ၊စစ်တပ် တာဝန်ရှိသူတွေ အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကိုလည်း တင်ပြ သွားမယ်လို့ RCSS အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့မှာ နိုင်ငံတော်က တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ အတွက် ပဏာမ အပစ်အခတ် ရပ်စဲရေး လုပ် ထားတဲ့ အဖွဲ့ဖြစ်တယ်ဆိုတော့ တဖက်နဲ့ တဖက် သံသယတွေ၊ ယုံမှားစရာတွေ တခုခု ရှိလာပြီ ဆိုရင် မလိုလားအပ်တဲ့ အကြမ်း ဖက် ပုံစံမျိုးနဲ့ လုပ်မယ့် အစား ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတာက အကောင်းဆုံး၊ အသင့်တော်ဆုံး ဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါတယ်။
RCSS/ SSA အဖွဲ့က အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ၂၀၁၁ ခုနှစ်ထဲမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး ၂၀၁၂ ခုနှစ်ထဲမှာ ပြည်ထောင်စု သဘောတူညီမှုတွေ ရရှိထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အဆင့် သဘောတူညီမှု ရရှိပြီးနောက်ပိုင်းမှာ နှစ်ဘက်အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။