Human Rights

ကြိုးတိုက် ဋီကာ (၂)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ စစ်တပ်က ပစ်ခတ် ဖြိုခွင်းမှုတွေနဲ့ အတူ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီမှာ စစ်တပ်က အာဏာသိမ်းတဲ့ အကြောင်း ကြေညာပြီးနောက် ကျနော်လည်း တောခိုဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။

အိမ်က ကျနော့် မိခင်ကိုတော့ “ခဏ” ဆိုတဲ့ စကားတခွန်းသာ ပြောပြီး နှုတ်ဆက်စကား ဆိုခဲ့တာပါ။ အဲဒီ အချိန်က ကျောင်းသား တက်ကြွလှုပ်ရှားသူတွေ ရာနဲ့ချီပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ အခက်အခဲ အမျိုးမျိုးကြားက နယ်စပ်ဒေသ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေ တည်ရှိရာ အရပ်တွေကို ကိုယ့်အဆက် အသွယ်တွေနဲ့ သွားသူတွေ ရှိကြသလို ဘာ အဆက်အသွယ်မှ မရှိဘဲ မှန်းဆသွားကြသူတွေလည်း ရှိခဲ့ကြ တယ်။ အဲဒီလို တောခိုကျောင်းသားတွေထဲမှာ မထင်မရှား ကျောင်းသား တက်ကြွလှုပ်ရှားသူ ကျနော်လည်း တဦး အပါအဝင်ဖြစ်ပါတယ်။

နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတခုဖြစ်တဲ့၊ အဲဒီအချိန်က အင်အားအကြီးဆုံး အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေကို ကျနော် ရောက်ခဲ့တယ်။ ကျနော်ရောက်တဲ့ အချိန်မှာ တွေ့မြင်လိုက်ရတဲ့ ကျောင်းသား အပါအဝင် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ အရွယ်စုံ အဆင့်အတန်းစုံ လူတွေက ထောင်နဲ့ချီ ရှိနေတာပါပဲ။

အဲဒီမှာ ပြောစမှတ် စကားတခုကိုတောင် အခုအထိ မှတ်မိနေပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် တချိန်က မြန်မာ့လွတ်လပ်ရေး ကနဦး သူရဲကောင်းတွေ ဖြစ်တဲ့ ရဲဘော် ၃ ကျိပ်လောက် ဖြစ်မယ်လို့ စိတ်ကူးယဉ်ခဲ့ ကြပေမယ့် တကယ်တမ်း တောထဲ ရောက်ချိန်မှာ ရဲဘော် ၃ သောင်းကျော် မက ရှိနေခဲ့တာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာလူငယ် ရဲဘော် ၃ ကျိပ်ကို ကျနော်တို့ အားကျခဲ့တာလည်း ရှိပါတယ်။

ကျနော်လည်း မဲဆောက်က KNU ထောက် လှမ်းရေးတာဝန်ခံ ဗိုလ်မှူး စိုးစိုးအိမ်မှာ ခဏနေခဲ့ပြီး မာနယ်ပုလောကို ရောက်ခဲ့တယ်။ ဗိုလ်မှူး စိုးစိုးအိမ်မှာပဲ KNU ခေါင်းဆောင် ဗိုလ်ချုပ်မြ အပါအဝင် တခြား ခေါင်းဆောင်တွေနဲ့ ဆုံဖြစ်ခဲ့တယ်။

အဲဒီကနေ KNU ဌာနချုပ် မာနယ်ပုလော နယ်မြေတွင်းက သောင်ရင်းစခန်းလို့ လူသိများတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်ရင်း (၂၀၈) မှာ အဖွဲ့ဝင် အဖြစ်နဲ့ ရပ်တည်ခဲ့ရင်း သူပုန်ကျောင်းသား အဖြစ် တောတွင်းကာလ တဒင်္ဂကို ဖြတ်သန်းခဲ့တယ်။ သူပုန် ကျောင်းသားဖြစ်ခဲ့စဉ် ကာလ တလျှောက် ကိုယ်နေစရာ ကိုယ်တိုင်ဖန်တီး တည်ဆောက်၊ ကိုယ်နဲ့ ကိုယ့်ရဲဘော် အချင်းချင်း ရိုင်းပင်းရင်းနဲ့ စစ်ပညာ လေ့လာသင်ယူရင်း ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ တိုင်းပြည်အကျိုး အတွက် စစ်တပ်ကို ပြန်အန်တုမယ်လို့ စိတ်ကို တုံးတုံးချခဲ့တယ်။

တဖက်က အစိုးရစစ်တပ်ကို ရင်ဆိုင်အံတုဖို့ လုပ်နေချိန်နဲ့ တပြိုင်တည်း သူပုန်ကျောင်းသားတိုင်း ရင်ဆိုင်ရလေ့ ရှိတဲ့ ရန်သူတော်ကြီး ကတော့ “မစ္စတာ မလေးရီးယား ဂုရု” လို့ တင်စားခေါ်ဝေါ်တဲ့ ငှက်ဖျားရောဂါ ပါပဲ။ အစိုးရ စစ်တပ်က ပစ်သတ်လို့ ကျဆုံးသွားရတဲ့ ကျောင်းသားရဲဘော်တွေ ရှိသလို ငှက်ဖျားရောဂါနဲ့ အသက်ဆုံးပါးရတဲ့ သူတွေလည်း မနည်းလှပါဘူး။ အသက်ဆုံးပါး သွားကြရသူတွေဟာ အာဟာရ မပြည့်မီမှု၊ ဆေးဝါးမစုံလင်မှုနဲ့ တခြား လိုအပ်ချက်တွေ ကြောင့်လည်း ပါပါတယ်။

တောတွင်း ကျောင်းသားဘဝ နေ့စဉ်စားခဲ့ရတဲ့ ဆန်ကျိုးထမင်း၊ ငါးပိရည်၊ ငှက်ပျောအူပြုတ်နဲ့ ငရုတ်သီးမှုန့်တွေက အာဟာရဖြစ်စေခဲ့သလို တခါတရံ ကရင် လူကြီးအိမ်တွေက ပို့လာတဲ့ ဝက်သား၊ အမဲသားနဲ့ တောတွင်း အမဲလိုက်လို့ ရလာတဲ့ တောကောင် သားတွေ စားရချိန်တွေကတော့ နတ်သုဒ္ဓါ တမျှပါ။

တချိန်က အမေ့အိမ်က ဟင်းလျာတွေကို စိတ်ကူးနဲ့သာ မှန်းပြီး သူပုန်ကျောင်းသား အာဟာရ ဖြစ်ခဲ့ရပါတယ်။ KNU နယ်မြေမှာ ရှိစဉ် တလျှောက် မိဘငတ်နေကြသူ ကျနော်တို့တွေ ပါးစပ်ဖျားမှာတွေ့သမျှ သက်ကြီးရွယ်ကြီး မှန်သမျှကို အမိုးနဲ့ ဖထီးဆိုတဲ့ စကားလုံးတွေ ကလည်း မြိန်ရေယှက်ရေ ရှိခဲ့ပါတယ်။

ရှစ်လေးလုံးက မွေးဖွားပေးလိုက်တဲ့ တောခိုကျောင်းသားနဲ့ လူငယ်တွေဟာ ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံ နယ်စည်းမျဉ်း ဖြစ်နေတဲ့ သောင်ရင်းမြစ်ကို ကမ်းတဖက်နဲ့ တဖက် လက်ပစ်ကူး ဖြတ်သန်းရင်း တချိန်က မနီးစပ်ခဲ့တဲ့ ဗမာနဲ့ တခြားတိုင်းရင်းသားတွေကြား ပျက်ပြားခဲ့တဲ့ ယုံကြည်မှု တစုံတရာကို ရစေခဲ့တယ်လို့ ပြောရမယ် ထင်ပါတယ်။

တချိန်က ဗမာ တိုင်းရင်းသားတွေနဲ့ ရှမ်း၊ ချင်း၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေ အကြား ဆယ်စုနှစ်နဲ့ချီ ယုံကြည်မှု ကင်းမဲ့ နေခဲ့တာ အခုအထိ ရိုက်ခတ်နေဆဲ ပါပဲ။

အဲဒီ ကာလမှာ ABSDF ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော် ဖြစ်ပြီး ကိုကျော်ကျော်ကတော့ KNU နယ်မြေတာဝန်ခံ လည်းဖြစ်၊ ABSDF အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ နောက် ၁၉၈၉ ခုနှစ်၊ သင်္ကြန်အလွန်မှာပဲ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ တဖြစ်လဲ ကိုမိုးသီးဇွန်တယောက် KNU နယ်မြေကို ရောက်လာခဲ့ပြီး ABSDF ဥက္ကဋ္ဌ တာဝန် ယူခဲ့ချိန်ပါ။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ DAB လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရေစီ မဟာမိတ် အဖွဲ့၊ ၁၉၈၃ ခုနှစ် ကတည်းက ဖွဲ့စည်းထားခဲ့တဲ့ NDF လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ နိုင်ငံ ဖြစ်ထွန်းရေး၊ လူ့အခွင့်အရေး အပြည့်ရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး စတဲ့ ရည်ရွယ်ချက် ကောင်းတွေနဲ့ ရုန်းကန်လှုပ်ရှားခဲ့ကြတဲ့ ယန္တရားထဲမှာ ကျနော်လည်း အုတ်တချပ်၊ သဲတပွင့် အဖြစ် ပါဝင်ခွင့် ရခဲ့ပါတယ်။

၈၈ မျိုးဆက်သစ် သူပုန်ကျောင်းသား တဦးအနေနဲ့ ဒီမိုကရေစီရေး အတွက် စွန့်လွှတ် စွန့်စားလိုစိတ်က ပြင်းထန်ခဲ့ပြီး ပြည်တွင်း တော်လှန်ရေး လှုပ်ရှားမှုတခု အတွက် ကျနော်လည်း တာဝန်ယူခဲ့ ပါတယ်။ အဲဒီနောက် KNU ဖောက်ခွဲရေး တာဝန်ခံ ဗိုလ်အိုင်းဇက် ဆီက လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်ယူလာခဲ့ပြီး ပြည်တွင်းလှုပ်ရှားမှု တခုအတွက် အစီအစဉ်တွေ အဆင်သင့် ဖြစ်ခဲ့ပါပြီ။

ကိုမြင့်ဆွေ၊ ကိုမြင့်စိုးတို့နဲ့ အတူရန်ကုန်ကိုသွားဖို့ ပြင်ဆင်ခဲ့ကြတယ်။ ဒီခရီးစဉ် အတွက် အဲဒီတုန်းက ကျောင်းသား တပ်မတော်က ဘတ်ငွေ တဦးအတွက် ၁ ထောင်နှုန်းနဲ့ ဘတ် ၃ ထောင်နဲ့ အတူ ရန်ကုန်ကို မာနယ်ပုလောစခန်း ကစပြီး ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလက တောလမ်းခြေကျင် ခရီးကြမ်းတခုကို စတင်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ ကျောင်းသားတပ်မတော်က ကျနော်နဲ့ အတူပါလာသူတွေ ဖြစ်တဲ့ ကိုမြင့်ဆွေဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံကာလ ရန်ကုန် မြို့လှိုင်မြို့နယ် လူငယ့်ရေးရာ ညကျောင်းသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့သူ၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒခန်း တာဝန်ခံ ဆရာ ဦးအေးဆွေရဲ့ သားတဦး ဖြစ်ပြီး အစ္စလမ် ဘာသာဝင် တဦးပါ။ တောတောင်ထဲ ပင်ပန်းဆင်းရဲစွာနဲ့ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းရချိန်တွေမှာ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ကိုမြင့်ဆွေဟာ ၁၉၉၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က သရက်အကျဉ်းထောင် အတွင်းမှာ စိတ် ဝေဒနာသည် ရာဇဝတ် အကျဉ်းသား တဦးဖြစ်တဲ့ ဦးလှရွှေဆိုသူက ထမ်းပိုးနဲ့ ရိုက်ခဲ့တဲ့ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ ပါတယ်။

ကိုမြင့်စိုး ကတော့ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ရန်ကုန်တိုင်း လှိုင်မြို့နယ်ကနေ ဒီမိုကရေစီပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးအုန်းကြိုင်ရဲ့ သားတဦး ဖြစ်ပါတယ်။

ကျနော်တို့ ၃ ဦးဟာ မာနယ်ပုလော ဌာနချုပ် ကနေ KNU တပ်မဟာ ၃ နယ်မြေကို ဦးတည်ထွက် လာတာမှာ KNU တပ်စိတ် တစိတ် က လမ်းတလျှောက် လုံခြုံရေး ယူပေးရင်း ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီ အကုန်က စတင်ထွက်လာခဲ့ကြတယ်။

တောလမ်းခရီး တလျှောက် ခြေကျင် တောင်တက်၊ တောင်ဆင်းနဲ့ စစ်မြေပြင်တွေကို ရှောင်ကွင်းသွားရင်း တရက်မှာ ရှေ့ကင်းထောက် အဖွဲ့ရဲ့ အချက်ပေးမှုနဲ့ အတူ အစိုးရစစ်တပ် စစ်ကြောင်းတကြောင်းနဲ့ ရင်ဆိုင် တွေ့လိုက်ရတဲ့အခါ ကျနော်တို့ ၃ ယောက် အန္တရာယ် ကင်းစေဖို့ ကရင် စစ်သားတွေက စွန့်စားခန်းဝင်ခဲ့ကြပါတယ်။

အဲဒီမှာ ကျနော်တို့ သယ်ယူလာခဲ့တဲ့  KNU လုပ် လက်ပစ်ဗုံး ၁ လုံးလည်း အခြေအနေအရ အသုံးပြုခဲ့ကြ ပါတယ်။ လမ်းခရီး တလျှောက် လိုအပ်ရင် အသုံးပြုဖို့ ပါလာတဲ့ ဆေးဝါးတွေနဲ့ လမ်းမှာ တွေ့ခဲ့ကြတဲ့ လူနာတချို့ကိုလည်း ကုသပေးဖြစ်ခဲ့တယ်။

မြစ်ကူးချောင်းကူး ခြေကျင်တောင်ဆင်း၊ တောင်တက် ခရီးရှည်ကြောင့် ကိုမြင့်ဆွေနဲ့ ကိုမြင့်စိုးတို့လည်း လမ်းခရီးတဝက်မှာ ငှက်ဖျားရောဂါ ထချိန် ပါလာတဲ့ ဆေးဝါးတွေနဲ့ ကြိုးစား ကုသရင်း ခရီးဆက်ခဲ့တယ်။ ကိုမြင့်ဆွေ ကိုတော့ လမ်း မလျှောက်နိုင်တဲ့ အခြေအနေ ဖြစ်လာလို့ အထမ်းနဲ့ ခေါ်လာရင်း ပင်ပန်းစွာ လမ်းခရီးကို ဖြတ်သန်းခဲ့ကြတယ်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဘေး ပိန်းဇလုပ်မြို့အနီး စစ်တောင်းမြစ် ကမ်းဘေး ကရင်ရွာ တရွာအရောက်မှာ ငှက်ဖျားရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ကိုမြင့်ဆွေနဲ့ ကိုမြင့်စိုးတို့ ၂ ဦးကို KNU တပ်မဟာ ၃ အရာရှိ တဦးဆီမှာ ထားရစ်ခဲ့ပြီး အစီအစဉ် အရ တကိုယ်တည်း ရန်ကုန်ကို ထွက်ခွာဖို့ ပြင်ဆင်ခဲ့တယ်။

 သောင်ရင်းမြစ်ကမ်းရှိ ABSDF ဗဟိုဌာနချုပ် ရုံးဟောင်း တည်ရာ လောကွာလူကုန်း
သောင်ရင်းမြစ်ကမ်းရှိ ABSDF ဗဟိုဌာနချုပ် ရုံးဟောင်း တည်ရာ လောကွာလူကုန်း

ပါလာတဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ တခြား အသုံးအဆောင် ပစ္စည်းတချို့နဲ့ စစ်တောင်းမြစ်ကို နံနက်မိုးသောက်ယံမှာ ဝါးတလုံး အကူနဲ့ လက်ပစ်ကူးခဲ့ရတယ်။ ပိန်းဇလုပ်မြို့ ရှိရာကိုသွားဖို့ လာကြိုတဲ့ လှည်းတစီးနဲ့အတူ လိုက်ပါသွားခဲ့ပြီး ပါလာတဲ့ လက်နက်ပစ္စည်းတွေကို ပိန်းဇလုပ် ကရင်သချႋုင်း တနေရာမှာ မြှုပ်နှံတယ်။ အဲဒီက တဆင့် ကားလမ်းဘေး တံတားတခု အောက်မှာမြေတူးပြီး ပစ္စည်းတွေကို ဝှက်ထားခဲ့ လိုက်တယ်။

ဒီနောက်တော့ ပါလာတဲ့ ကျပ်ငွေ အနည်းငယ်နဲ့ ရန်ကုန်-မန္တလေး အမြန် ကားလမ်းမဘေး ပိန်းဇလုပ် မြို့ကလေးကနေ ညောင် လေး ပင်မြို့အထိ ဟိုင်းလပ် လူတင်ကား တစီးခေါင်မိုးပေါ်ကနေ လိုက်ပါခဲ့တယ်။ ညောင်လေးပင်ကနေ ပဲခူးကား ထပ်စီးကာ ပဲခူးက တဆင့် ရန်ကုန်ကို ခရီးဆက်ရင်းစောင့်ကြိုနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့ ကိုမျိုးမင်းနဲ့ ကိုမင်းဇင် တို့ဆီ ဆက်သွယ်ခဲ့ပြီး ပါလာတဲ့ပစ္စည်းတွေ ရန်ကုန်ကို သယ်ယူရေး စီစဉ်ကြ တော့တယ်။

ဒီလို စီစဉ်နေဆဲကာလ တခုအတွင်း ပြည်သူ့ ရင်ပြင်ထဲက ဘီယာဆိုင်မှာ ထိုင်ခဲ့ကြတယ်။ ပြည်သူ့ ရင်ပြင်ထဲမှာ စစ်ထောက်လှမ်းရေး တွေနဲ့ ထောက်လှမ်းရေး သတင်းပေးတွေက ဒုနဲ့ဒေးဆိုတာ ထိုစဉ်က ပြည်သူ့ရင်ပြင် တာဝန်ခံ စစ်ဗိုလ်တဦးနဲ့ တဝိုင်းတည်း မတော်တဆ ထိုင်မိတော့မှ သိလိုက်ရတယ်။

ဒီကြားထဲ ရယ်စရာတခုက ကျနော့်ကို စစ်ထောက်လှမ်းရေး အရာရှိလို့ ထင်မှတ်မှားပြီး သတင်းလာပို့တဲ့ ထောက်လှမ်းရေး သင်တန်းသား တချို့နဲ့လည်း ကြုံခဲ့ဖူးသလို ဆံပင်တိုတိုထားလေ့ရှိတဲ့ ကျနော့်ကို စစ်အရာရှိ အထင်နဲ့ အလေးပြုတာမျိုးလည်း ကြုံခဲ့ရတယ်။

ဒီလိုနဲ့ တရက်မှာတော့ ကိုမျိုးမင်း၊ ကိုမင်းဇင်တို့နဲ့ အတူ ကိုမျိုးမင်းရဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ ကားလေးနဲ့ ကျနော့် ပစ္စည်းတွေ သိုဝှက် ထားခဲ့တဲ့ ပိန်းဇလုပ်မြို့ တံတားတခု အနီးရှိရာကို ဦးတည်မောင်းနှင် လာခဲ့ကြတယ်။ အဲဒီတုန်းက ကိုမျိုးမင်းကတော့ သူ့မိဘတွေကို ပဲခူးမှာ ခွေးသွားဝယ်မယ် ဆိုပြီးပြောဆိုခဲ့တာလည်း မှတ်မိနေပါ သေးတယ်။

ဒီကားပေါ်မှာတော့ ကျနော်နဲ့ အတူ ကိုမျိုးမင်းတို့ ဇနီးမောင်နှံရယ်၊ ရဲလွင်ဆိုတဲ့ အကူလူငယ် တဦးရယ် ကိုမင်းဇင်တို့ လိုက်ပါလာကြတာပါ။ ရန်ကုန် ကတည်းက လိုအပ်တဲ့ ပစ္စည်းသယ်ယူရေး အတွက် ကြိုး စတဲ့ အသုံးအဆောင် တချို့ကို ဝယ်ယူလာခဲ့တယ်။

ဒီလိုနဲ့ ရန်ကုန်ကနေ မိသားစုပျော်ပွဲစား ထွက်တဲ့ ပုံစံနဲ့ ထွက်လာတဲ့ ကျနော်တို့ ကားကလေးဟာ ပိန်းဇလုပ်မြို့ကို နေ့လယ်ပိုင်း လောက် ရောက်လာပါတယ်။ ကျနော် ဝှက်ထားတဲ့ တံတားအနီး ရောက်တာနဲ့ ကားကို ခဏနားပြီး အနီးပတ်ဝန်းကျင်မှာ ပစ္စည်းတွေထားခဲ့တဲ့ နေရာမှာ ခြေရာလက်ရာ ပျက်၊ မပျက်နဲ့ စောင့်ကြည့်သူရှိ၊ မရှိအကဲခတ်ပြီး စောင့်ကြည့်တယ်။

စိတ်ချရတဲ့ အခြေအနေကို သိလိုက်ရတော့မှ တံတားအောက်က ချုံတခုအောက်မှာ ဝှက်ထားတဲ့ ပစ္စည်းတွေကို ကျနော်က ထုတ်ယူပြီး ကားပေါ်ကို လူသူ သတိ မထားမိအောင် တင်ခဲ့ကြတယ်။ အဲဒီနောက် ကားကို တနေရာကို မောင်းသွားခဲ့ပြီး လမ်းဘေးတနေရာမှာ ကားပျက်တဲ့ ဟန်မျိုးနဲ့ ကားဘော်ဒီအောက်နဲ့ ကားဘော်ဒီထဲမှာ သယ်လာတဲ့ ပစ္စည်းတွေကို ဝှက်ကြကာ ရန်ကုန်ကို ဦးတည်ပြီးကားကို ပြန်မောင်းလာခဲ့ကြ တော့တယ်။

ထူးခြားတာက ကျနော်တို့ကားနဲ့ ပစ္စည်းတွေ သယ်တဲ့နေ့မှာ ထိုစဉ်က နဝတ အတွင်းရေးမှူး ၁ လည်းဖြစ် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်က ပိန်းဇလုပ်အနီး ကျောက်တံခါးမြို့က တန် ၁၀ဝ ဆန်စက်ကို လာခဲ့တဲ့ အချိန်နဲ့ တိုက်ဆိုင်နေခဲ့တယ်။ ဒါကြောင့် အပြန်လမ်းတလျှောက် ဓာတ်တိုင် ၂ တိုင်ကျော် စစ်သားတဦးနှုန်းနဲ့ လုံခြုံရေး အပြည့်ယူထားတာကို သတိထားမိခဲ့ တယ်။

ဒီတော့ အရပ်ဝတ် စစ်ထောက်လှမ်းရေး အရာရှိ ပုံစံမျိုးနဲ့ ကျနော်တို့ ကားလေးက ရန်ကုန်ပြန်လာမယ့် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ရှေ့တော်ပြေးအလား လမ်းတလျှောက်က စစ်တပ်လုံခြုံရေး ယူထားခဲ့တဲ့ ပဲခူးတပ်မ ၇၇ ဂိတ်၊ အင်းတကော်ဂိတ်၊ ထောက်ကြံ့ဂိတ် စတာတွေကို အိန္ဒြေ မပျက် ဖြတ်သန်း ကျော်လွှားနိုင်ခဲ့ကြတယ်။ ရန်ကုန်ကို ပစ္စည်းတွေ ရောက်တဲ့အချိန်က စပြီး လုပ်ရမယ့် လုပ်ငန်းတွေ အတွက် လေ့လာမှုတွေ ဆက်တိုက် ဆိုသလို လုပ်နေခဲ့ကြရ တာပါ။

အဲဒီ နောက်တော့ ပိန်းဇလုပ်မှာ ကျန်ရှိ နေခဲ့တဲ့ ကိုမြင့်ဆွေနဲ့ မြင့်စိုးတို့ကလည်း ရန်ကုန်ကို တက်လာခဲ့ပြီး ရန်ကုန်မှာ ပြန်ဆုံစည်းခဲ့ ကြတယ်။ အဲဒီမှာ ရည်မှန်းထားတဲ့ လုပ်ငန်းတိုင်း အားလုံးနီးပါး အတွက် လုပ်ခွင့် မသာတဲ့ အခြေအနေတွေက ဆက်တိုက် ရင်ဆိုင်ခဲ့ရ ပါတယ်။ အထူးသဖြင့် အခက်အခဲဆုံး ရင်ဆိုင်ရတာက နေစရာ အိမ်ပါပဲ။ ကျနော်တို့ အခေါ် “ဘိ”ပေါ့။ ဒါတောင်မှ ကျနော်တို့မှာ မှတ်ပုံတင်က အစ အထောက်အထား အပြည့်အစုံ လက်ဝယ်ရှိနေ ကြပြီးသား။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading