အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက် မည်ကို စိုးရိမ်ေကြောင်း KNU ဒု ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောသည်။
ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များ ကောင်စီတွင် ကရင်ပြည်သူလူထုနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့ တွေ့ဆုံရာတွင် အစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) အကြား တိုက်ပွဲများ ဖြစ်ပေါ်နေမှု အပေါ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး ခရီးစဉ်များ၊ အပစ်အခတ် ရပ်စဲရေး ခရီးစဉ်များ အတွက် အနှောင့်အယှက် ဖြစ်ရကြောင်း၊ လက်ရှိအချိန်ထိ အစိုးရ နှင့် KNU သည် ပဏာမ အဆင့် လက်မှတ်ရေးထိုး ထားပြီး ရှေ့ဆက်လှမ်းရန် နှစ်ဖက်တပ်များ လိုက်နာ ရမည့် စည်းကမ်းချက်များ သေချာချမှတ်ရန် အရေးကြီးကြောင်း နော်စီဖိုးရာစိန်က ပြောဆိုသည်။
“တခြားနိုင်ငံတွေရဲ့ အပစ်အခတ် ရပ်စဲရေးကို လေ့လာတဲ့ အခါမှာ အဲဒီလို စည်းကမ်းချက်တွေ ခိုင်ခိုင်မာမာ သတ်မှတ်ထားတာ မရှိတဲ့ အတွက် တချို့သော အပစ်အခတ် ရပ်စဲရေး ပျက်ပြယ် သွားတာကို တွေ့ရတယ်။ အဲဒီလို မဖြစ်ဖို့ အတွက် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စည်းကမ်းချက်တွေ နှစ်ဖက်တပ်က လိုက်နာရမယ့် စည်းကမ်းတွေ ချမှတ်နိုင်ဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
KNU က ကရင်ပြည်သူလူထုကို တွေ့ဆုံခြင်းသည် လက်ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချပြခြင်း ဖြစ်ကြောင်း၊ ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းကို ကရင်ပြည်သူများ ပူးပေါင်း ပါဝင်ရန် အတွက် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ကရင်တိုင်းရင်းသားများဘက်မှ ငြိမ်းချမ်းရေး အကျိုးဆောင် ပဒိုစောလှထွန်းက စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် အတွက် ကရင် တိုင်းရင်းသားများ သာမက တပြည်လုံးရှိ တိုင်းရင်းသားများ၊ လက်နက်ကိုင် တပ်ဖွဲ့များ အားလုံး ဝိုင်းဝန်း ကြိုးစားနေကြကြောင်း၊ မြန်မာပြည်အတွင်းရှိ တိုင်းရင်းသားများ အားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန် အတွက် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက် ရန် လိုအပ်ကြောင်း ပြောသည်။
“ကျနော်တို့တွေ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတာမှာ အောင်မြင်မှု ခရီးစဉ်ရောက်ဖို့ စိန်ခေါ်မှုများစွာ ဖြတ်သန်း ရပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လူထု ပါဝင်မှု မရှိရင် အောင်မြင်မှု ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကရင်ပြည်သူလူထု ၁၅၀ ကျော် တက်ရောက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လွတ်လပ်စွာ ဆွေးနွေးကြ သည်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူတွေ ပါဝင်ဖို့နဲ့ လက်ရှိ လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လာရောက် ချပြတာပါ။ ပြည် သူတွေကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လို ပူးပေါင်း ပါဝင် ကူညီ ပေးရမလဲ။ ဘယ်လို လက်တွဲ ဆောင်ရွက်ကြမှာလဲ ဆိုတာ မေးကြတာပါ”ဟု KNU နှင့် ကရင်ပြည်သူများ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ကိုစောထွန်းလင်းက ဧရာဝတီသို့ ပြော သည်။
နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ကရင်ပြည်သူများနှင့် ပုသိမ်မြို့၊ ပန်းတနော်မြို့၊ ပုသိမ် အနောက်ပိုင်း အုန်းချောင်းရွာ၊ မြောင်းမြတွင် သွားရောက် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။
မေလ ၁၀ ရက် နောက်ပိုင်းတွင် ပဲခူးတိုင်း ကျောက်ကြီး နှင့် ဘားအံတို့တွင် ကရင်ပြည်သူများနှင့် ထပ်မံ တွေ့ဆုံသွားမည်ဟု သိရ သည်။
မေလ ၆ ရက်နေ့ ညနေပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့်တွေ့ဆုံခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့နောက် မေလ ၇ ရက် မနက်ပိုင်းတွင် ၈၈ မျိုးဆက် အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သည်။
ယခု ခရီးစဉ် အတွင်း KNU ကိုယ်စားလှယ် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်တွင်း နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဆက်လက် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။