နိုဗဲလ်ဆုနဲ့ ဆယ်လ်မွန်ငါး သို့မဟုတ် ဒလိုင်းလားမားရဲ့ နော်ဝေ ခရီးစဉ်

ထက်အောင်ကျော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၈၉ ခုနှစ်ရဲ့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား မေလ ၇ ရက်နေ့ မနက် ၁၁ နာရီ လောက်မှာ အော်စလို ပါလီမန်ရှေ့ ရောက်လာမယ် လို့ သတင်းကြားထားတဲ့ အတွက် ၁၀ နာရီခွဲလောက် ကတည်းက အဲဒီရှေ့ကို ကျနော် ရောက်နေပါတယ်။ အော်စလို နွေဦးရာသီဟာ ဒီနေ့ကျမှ နေမသာဘဲ မိုးဖွဲဖွဲ့လေးရွာနေပြီး အပူချိန် ကလည်း ၄ ဒီဂရီ စင်တီဂရိတ် လောက်သာ ရှိတဲ့ အတွက် အေးစိမ့်စိမ့် ဖြစ်နေပါတယ်။

ဒီလို ရာသီဥတု မကောင်းလှပေမယ့် ဘုန်းတော်ကြီးကို ကြိုဆိုဖို့ ရောက်လာသူတွေ ကတော့ နောက်တွန့် မသွားကြပါ။ တိဘက်အလံငယ် တဖက်၊ ဘုန်းတော်ကြီးရဲ့ ဓာတ်ပုံတဖက် ကိုင်ထားတဲ့ လူအုပ်ကြီးဟာ တထောင်ကျော် နှစ်ထောင် နီးပါးအထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက ဒီနေရာဆီ ရောက်လာခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှ ၁၉၉၁ ခုနှစ် နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်က ထက် ကြိုဆိုသူ ပိုများတာကို သတိထားမိပါတယ်။

“များမှာပေါ့ဗျာ။ တရုတ်အစိုးရကို မကြိုက်သူရော၊ လက်ရှိ နော်ဝေးအစိုးရရဲ့ ရပ်တည်ချက်ကို မကြိုက်သူရော အတော်များနေ တာကိုး”လို့ ဒလိုင်းလားမား ဓာတ်ပုံကို ကိုင်ပြီး ကြိုဆိုပွဲဆီ ချီတက်လာတဲ့ နော်ဝေးရောက် မြန်မာ တဦးက ပြောပါတယ်။

သူနဲ့အတူ ငြိမ်းချမ်းရေး တေးသံရှင် ကိုမွန်းအောင် အပါအဝင် နိုင်ငံရေး စိတ်ဝင်စားတဲ့ မြန်မာအင်အားစု ၁၀ ဦး ခန့်ကို တွေ့ရပါတယ်။ သူတို့ အုပ်စုကို ကျော်ပြီး ပါလီမန်ရှေ့ ရင်ပြင်ထဲ ဝင်လိုက်တော့ တိဘက်နယ်မြေက နိုင်ငံရေး ဖိနှိပ်ခံရ မှုတွေ အကြောင်း ဟောပြောနေတဲ့ ပွဲတခုကို တွေ့ရပါတယ်။

ပါလီမန်ရဲ့ ဒီဘက်၊ နိုဗဲလ်ဆုရှင်တွေ တည်းနေကျ Grand Hotel ဘေးက လမ်းထောင့် တခုမှာတော့ “Stop Lying Dalai Lama”ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး အော်ဟစ် ဆန္ဒပြနေသူ ၃၀ ခန့်ရှိ နေပါတယ်။ အဲဒီလို ထောက်ခံသူ တွေရော၊ ကန့်ကွက်သူတွေပါ ရှိနေတဲ့ ကြားထဲ ၁၁ နာရီ အတိလောက်မှာ ဒလိုင်းလားမားရဲ့ ယဉ်တန်း ဆိုက်ရောက် လာပါတယ်။

”Velkommen Dailai Lama” ဆိုတဲ့ ကြိုဆိုသံတွေက ဆန္ဒပြနေသူတွေရဲ့ အသံကို လွှမ်းမိုး သွားပါတယ်။ ဒလိုင်းလားမားရဲ့ ဘေးနား မှာတော့ နော်ဝေးလုံခြုံရေး တာဝန်ရှိသူတွေ အပြင် အော်စလို အခြေစိုက် Voice of Tibet (VOT) တိဘက်အသံ ရေဒီယိုမှ ဝန်ထမ်းတွေကိုပါ တွေ့ရပါတယ်။ တိဘက် အသံ VOT ဟာ ဒီမိုကရက်တစ် မြန်မာ့ အသံ DVB ထက် ၄ နှစ်လောက် နောက်ကျပြီး ၁၉၉၆ မှ စတင် ပေါ်လာတာ ဖြစ်ပေမယ့် အခုချိန်ထိ အော်စလိုမှာ အခြေစိုက် အသံလွှင့်နေဆဲပါ။

ခဏာအကြာ မှာတော့ သက်တော် ၇၈ နှစ်ရှိ ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ နိုဗဲလ်ဆုရှင်တွေ စကားပြောလေ့ ရှိတဲ့ Grand Hotel ရဲ့ ဝရံတာဆီ ထွက်လာကာ “ကျနော်ဟာ ဒီမိုကရေစီကို ထောက်ခံ အားပေးသူ ဖြစ်ပါတယ်”လို့ အော်ပြောပြီး ပြည်သူလူထုကို လက်ပြနှုတ်ဆက်ပါတယ်။ ပြီးတော့ သူက “နှလုံးသားထဲက လာတဲ့ ချစ်ခြင်းမေတ္တာ ကရုဏာတရားနဲ့ ကြိုဆိုတဲ့ နော်ဝေး ပြည်သူတွေကို ကျေးဇူးတင် ပါတယ်၊ ဒီလိုစံနှုန်းတွေကို ငွေနဲ့ ဝယ်လို့ မရနိုင်ပါဘူး” လို့ ပြောတော့ ပရိသတ်က လက်ခုပ်တီး အော်ဟစ် အားပေးကြပါတယ်။

ဒီခရီးစဉ်ဟာ သူရဲ့ နိုဗဲလ်ဆု ၂၅ နှစ်ပြည့် ငွေရတု ခရီးစဉ်ဖြစ်လို့ အခုလို သောင်းသောင်းဖျဖျ ကြိုဆို နေကြတာပါ။ ဒါပေမယ့် နော်ဝေးအစိုးရနဲ့ နော်ဝေးပါလီမန် တာဝန်ရှိသူတွေ ကတော့ တရုတ်အစိုးရ ဘက်က ငြိုငြင်မှာ စိုးတဲ့ အတွက် နိုဗဲလ်ဆုရှင် ဘုန်းတော်ကြီးကို လက်ခံတွေ့ဆုံမှာ မဟုတ်ဘူး လို့ ကြိုတင် ကြေညာထား ပါတယ်။

တိဘက်နယ်မြေ အား တရုတ်အစိုးရက သိမ်းပိုက်မှု အပေါ် အကြမ်းမဖက်တဲ့ နည်းနဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင်မှုကြောင့် နိုဗဲလ်ဆုရခဲ့သူ ဘုန်းတော်ကြီးဟာ ၁၉၅၉ ခုနှစ် ကတည်းက တိဘက်နယ်ကနေ ထွက်ခွာလာ ရသူပါ။ အဲဒီ အချိန်က စပြီး ထောင်နဲ့ချီတဲ့ တိဘက်တွေဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Dharamshala မှာ အခြေစိုက်ပြီး တိဘက်မှာ ဒီမိုကရေစီ ရရှိရေး ရုန်းကန်လှုပ်ရှား လာတာ ဒီနေ့အထိ ပါပဲ။

ဒါပေမယ့် တရုတ်အစိုးရ ကတော့ ငြိမ်းချမ်းရေး ဆုရှင် ဒလိုင်းလားမားကို တရုတ်ပြည် နိုင်ငံရေး မငြိမ် မသက် ဖြစ်အောင် လုပ်နေသူ အဖြစ် စွပ်စွဲ ပြောဆိုလေ့ ရှိပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ခုနှစ်မှာ တရုတ် လူ့အခွင့်ရေး လှုပ်ရှားသူ၊ စာပေ ဝေဖန်ရေးဆရာ Liu Xiaobo ကို နော်ဝေးနိုင်ငံကနေ နိုဗဲလ်ဆု ထပ်ပေးလိုက်တဲ့ အခါမှာတော့ တရုတ်နဲ့ နော်ဝေးအစိုးရ ကြား ဆက်ဆံရေးဟာ လုံးဝနီးပါး ပျက်စီးသွားခဲ့ ပါတယ်။ ဒါကြောင့် နော်ဝေးအစိုးရဘက်က ဒလိုင်းလားမားကို တွေ့ဆုံဖို့  ငြင်းပယ်လိုက်တာပါ။

နော်ဝေးမီဒီယာ တချို့ကတော့ နော်ဝေး အစိုးရဟာ “နိုဗဲလ်ဆုနဲ့ ဆယ်လ်မွန်ငါးကို လဲလိုက်ပြီ”လို့ လှောင်ပြောင် ဝေဖန် ကြ ပါတယ်။ ဆိုလိုတာက နိုဗဲလ်ဆုပေးမှု အပေါ် တရုတ်အစိုးရက မကျေလည်တဲ့ အတွက် နော်ဝေးကနေ တရုတ်နိုင်ငံဆီ တင်ပို့နေတဲ့ ဆော်လမွန်ငါးတွေကို ဆက်မဝယ်တော့ပါ။ ဒီတော့ ငါးပြန်တင်ပို့ခွင့် အပါဝင် တခြား စီးပွားရေး ကိစ္စတွေ အတွက် နိုဗဲလ်ဆုကို ဘေးဖယ်ထားလိုက်တဲ့ သဘော၊ သိက္ခာနဲ့ ရိက္ခာကို လဲလှယ်လိုက်တဲ့ သဘောမျိုး ဝေဖန်သူတွေက ထောက်ပြလာကြတာ ဖြစ်ပါတယ်။

နော်ဝေးနဲ့ တရုတ်ကြားက ပြဿနာဟာ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ဘာမှ မဆိုင်ဘူးလို့ ထင်စရာရှိပေမယ့် တကယ်က ဆိုင်သင့်သလောက် ဆိုင်နေပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဖြစ်ပြီး မြန်မာအစိုးရ အပေါ် သြဇာ လွှမ်းမိုးမှု အများဆုံး ရှိနေတဲ့ နိုင်ငံတခုပါ။ တဖက်မှာလည်း တရုတ်က Liu Xiaobo လို၊ တိဘက်က တလိုင်းလာမားလို နော်ဝေးက ချီးမြင့်တဲ့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ မှာ ရရှိထားပါတယ်။

တခါ တယ်လီနော အပါဝင် နော်ဝေး အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံဆီ ဝင်လာနေပြီ ဖြစ်ပြီး အခြား တဖက်မှာလည်း ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ အတွက် နော်ဝေးအစိုးရက မြန်မာအစိုးရကို များစွာ ကူညီပေးထားပါတယ်။

ဒါပေမယ့် မတူတဲ့ အချက်ကတော့ တရုတ်ပြည်က နိုဗဲလ်ဆုရှင်ဟာ အခုချိန်ထိ ထောင်နန်းစံနေရဆဲ၊ တိဘက် ဘုန်းတော်ကြီးက အခုချိန်ထိ ပြည်ပမှာ ခိုလှုံနေရဆဲ ဖြစ်ပေမယ့် မြန်မာနိုဗဲလ်ဆုရှင်က တော ၂၀၁၁ မှာ အကျယ်ချုပ် ကနေ လွတ်လာပြီး ၂၀၁၂ မှာ ပါလီမန်တက်ခွင့် ရတဲ့အထိ အခြေနေတွေ တဟုန်ထိုး တိုးတက်ပြောင်းလဲ သွားခြင်း ဖြစ်ပါတယ်။

ဒီအတွက် ပြည်ပအခြေစိုက် ၂၅ နှစ်ကြာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုဟာလည်း ပြီးဆုံးသွား သလိုလို ဖြစ်သွားပြီး ပြည်ပက အဖွဲ့တွေ ပြည်တွင်း ပြန်ဝင်ခွင့် ရသွားခဲ့ပါတယ်။ မြန်မာ့ လှုပ်ရှားမှုထက် နှစ် ၃၀ နီးပါး စောပြီး စတင်ခဲ့တဲ့ တိဘက်မှာတော့ အခြေနေတွေဟာ ဘာမှ မပြောင်းလဲ သေးဘဲ ဒုံရင်း ဒုံရင်း ရှိနေဆဲပဲလို့ ပြောရမှာပါ။

ဒါပေမယ့် မေးစရာ ကျန်နေတာတော့ ပြည်ပရောက် မြန်မာတွေရဲ့ ပြည်တော်ပြန်မှုက ဘယ်လောက် အထိ အာမခံချက် ရှိပြီလဲ။ နိုဗဲလ်ဆုရှင် ပါဝင်နေတဲ့ လွှတ်တော်နိုင်ငံရေး ကကော မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိအောင် တကယ် ဆောင်ရ့ွက်ပေးနိုင်ပါ့မလား။

လောလောဆယ်မှာတော့ ဒီမိုကရေစီရဲ့ အနှစ်သာရ ထဲမှာ ပါဝင်တဲ့ ဖွဲစည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ နည်းကျ ပြုပြင်ဖို့တောင် လွှတ်တော်က မဆောင်ရွက်နိုင်သေးပါ။ အပစ်ခတ် ရပ်စဲရေးနဲ့ ငြိမ်း ချမ်းရေး အတွက် မဆောင်ရွက်နိုင် သေးပါ။ သတင်းထောက်တွေ အပါဝင် ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် မဆောင်ရွက် နိုင်သေးပါ။ နေ့စဉ် ဆန္ဒပြနေတဲ့ လယ်သမားတွေရဲ့ သိမ်းဆည်းခံ လယ်တွေ ပြန်ရအောင် မဆောင်ရွက်နိုင်သေးပါ။

ဒါပေမယ့် သေချာတာကတော့ ဒီလို အတွင်းရေး ကိစ္စတွေကို နိုင်ငံတကာက သိပ်မသိတော့ပါ။ အကြမ်းအားဖြင့် မြန်မာအခြေနေဟာ တိဘက်လို မဆိုးတော့ဘူး။ အစိုးရနဲ့ အတိုက်ခံကြား စေ့စပ်ညှိနှိုင်းမှု အဆင်ပြေလို့ နိုဗဲလ်ဆုရှင် တောင် ပါလီမန်ထဲ ရောက်နေပြီ၊ အစိုးရနဲ့ အတိုက်ခံ လက်တွဲပြီး ဒီမိုကရေစီ ပန်းတိုင်ဆီ ချီတက်နေပြီလို့ မြင်သွားနိုင် ပါတယ်။ ဒီအတွက် စစ်ဗိုလ်ဟောင်းတွေ ဦးဆောင်ဆဲ လက်ရှိ အစိုးရသစ်ရဲ့ အားနည်းချက်တွေ၊ ကတိကဝတ် ပျက်ကွက်မှုတွေ အပေါ် နိုင်ငံတကာက ထောက်ပြဝေဖန်ဖို့၊ ဖိအားပေးမှုလုပ်ဖို့ ပိုမိုခက်ခဲ သွားဖွယ်ရှိနေပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading