ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် တိုက်ခတ်ရာ လမ်းကြောင်းပေါ်ရှိ ကျီးသဲတိုက်နယ်၊ ညောင်ကုန်းရွာဟောင်း ကျေးရွာက အိမ်ခြေ ၃၃ လုံး ပျက်စီးသွားပြီး လူဦးရေ ၁၀၀ ဝန်းကျင် အိုးအိမ်မဲ့ ဖြစ် သွားတယ်လို့ သိရပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်မှုဟာ မေ ၇ ရက် မွန်းလွဲပိုင်းက တိုက်ခတ်ခဲ့တာ ဖြစ်ပြီး လူအသေအပျောက် မရှိပေမယ့် လူနေ အိမ်များ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး ကျပ် သိန်း ၁၀၀ ခန့် ရှိတယ်လို့ ညောင်ကုန်းရွာဟောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦသန်းထွဋ် က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တသက်နဲ့ တကိုယ် တခါမှ အဲဒီလို လေဆင်နှာမောင်း မမြင်ဖူးဘူး၊ မနေ့က ညနေ ၃ နာရီခွဲလောက်က လေနီလုံးကြီး ဝေါဝေါဆိုပြီး ရွာထဲကို ဝင်လာတယ်။ ၂ မိနစ် ကျော်လောက်ပဲ ကြာတယ်။ ပြီးတာနဲ့ ချက်ချင်း လေငြိမ်သွားတယ်။ အဖြစ် အပျက်က အရမ်းမြန်တယ်”လို့ ဦ်းသန်းထွဋ်က ဆိုပါတယ်။
ပျက်စီးသွားတဲ့ လူနေအိမ် ၃၃ လုံး အနက် ၂၂ လုံးက အလုံးလိုက် ပျောက်သွားတာ ဖြစ်ပြီး လယ်ကွင်းတွေထဲမှာ ပြန်တွေ့တယ်လို့ ၎င်းက ဆိုပါတယ်။ ကျန်တဲ့ ၁၁ လုံးကတော့ အမိုး၊အကာတွေ လန်ထွက်ကုန်တာ ဖြစ်ပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၅ ပေ၊ ၆ ပေခန့် ရှိတဲ့ လက်ပံပင်နဲ့ ကုက္ကိုလ်ပင် တချို့ဆိုရင် ထက်ပိုင်းပြတ်တဲ့ အထိ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
လေဘေးသင့် ဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထ ရုန်းကန်နေကြပြီး တချို့က ဘုန်းကြီးကျောင်းမှာ သွားရောက် ခိုလှုံနေကြသလို တချို့မှာလည်း ယာယီတဲတွေ ထိုးနေကြတာကို တွေ့မြင် ရပါတယ်။ စားသောက်ဖို့ အတွက် ဆန် အကူအညီ ပေးသူတချို့ ရှိပေမယ့် လုံလောက်မှုတော့ မရှိဘူးလို့ ရွာခံတွေက ပြောပါတယ်။
“အကူအညီက လွှတ်တော်ကိုယ်စားလှယ်က ဆန် ၅ ပြည်၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ၁၀ ပြည်နဲ့ ရွာဦးကျောင်းဆရာတော် က အားလုံးအတွက် ဆန် ၄ အိတ် ဒါပဲ ရသေးတယ်။ အကူအညီကတော့ မြင်တဲ့အတိုင်းပဲ အိမ်ပြန်ဆောက်ဖို့ ဆိုတာ ငွေကြေး အများကြီး လိုအပ်ပါတယ်။ သိန်း ၁၀၀ ကျော် ဖိုးလောက်တော့ ရှိမယ်ထင်တယ်”ဟု ဦ်းသန်းထွဋ်က ဆိုပါတယ်။
ညောင်ကုန်းရွာဟောင်းဟာ ရွှေတောင်မြို့ကနေ ၁၃ မိုင်ခန့် အကွာအဝေးမှာ တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာ ဖြစ်ပြီး ရေလမ်းခရီးကိုသာ အဓိက အသုံးပြုနေကြတဲ့ နေရာ ဖြစ်ပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် ရွှေတောင်မြို့နယ် မီးသတ် တပ်ဖွဲ့ တချို့ရောက်ရှိလာကြပြီး သစ်ပင်တွေ ကျိုးပိနေ တဲ့ နေအိမ် တချို့ကို ကူညီရှင်းလင်း ပေးခဲ့ကြတာကို တွေ့ရပါတယ်။
အရန်မီးသတ် တပ်ဖွဲ့ဝင် ကိုမင်းမင်းထွန်းက “ဝင်ကူညီပေးတဲ့ မီးသတ် ၂ ယောက်ပဲ ဒဏ်ရာရတယ်၊ သွပ်ပြားရှတာ။ သွပ်ပြား တွေက သစ်ပင်ပေါ်တွေ တက်ချိတ်တာက ချိတ်၊ လယ်ကွင်းတွေထဲ လွင့်ကုန်တာလည်း အများကြီးပဲ။ လိုက်ကောက် ပေးရ တယ်။ သစ်ပင်ပိတဲ့ အိမ်များတယ်။ အဲဒီသစ်ပင်တွေ လိုက်ခုတ်ပေးရတာလည်း ရှိတယ်။ အိမ်ဖျက် ပေးရတာလည်း ရှိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
လေဘေးသင့် ညောင်ကုန်းရွာဟောင်း ရွာသားတွေက သူတို့ဟာ ကိုင်းလုပ်ငန်းတွေကို အမှီသဟဲပြုပြီး လုပ်ကိုင်ကြရသူတွေ ဖြစ်တဲ့ အတွက် နေအိမ်တွေကို ချက်ချင်း ပြန်တည်ဆောက်ဖို့ ငွေကြေး အခက်အခဲ ရှိနေတယ်လို့ ပြောဆို ကြပါတယ်။
မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က မြန်မာပြည်ကို ဝင်တတ်သည့် မုန်တိုင်းများသည် ဧပြီ ၂၀ ရက်မှ မေ ၁၀ ရက် အထိ ကာလ အတွင်း ဝင်တတ်ကြောင်း ဧရာဝတီ အင်တာဗျူးတွင် ပြောဆိုထားသည်။
“မိုးကြိုကာလ ဧပြီ ၂၀ ကနေ မေ ၁၀ အထိ ကာလ အတွင်းပါပဲ။ အဲဒါကို နားစွင့်ပေါ့။ သတိထားပေါ့။ ကြေညာရင် ကိုယ်က အရန် သင့် ဖြစ်အောင် လုပ်ပေါ့။ မြစ်ဝ ကျွန်းပေါ် ဒေသတင် မဟုတ်ဘူး မြန်မာပြည် အနေနဲ့ ကြည့်ရင် မိုးကြိုကာလက ဘင်္ဂလား ပင်လယ် အော်မှာ ဖြစ်တဲ့ မုန်တိုင်း အလုံး ၁၀၀ မှာ ၃၈ လုံးလောက် ဝင်တတ်တယ်။ ဝင်တတ်တဲ့ အစဉ်အလာလည်း ရှိတယ်။ သို့သော် မုန်တိုင်းဖြစ်တိုင်း မဝင်ဘူးဆိုတာ နားလည်ရမယ်။ နောက် မြန်မာပြည် အနေနဲ့ ကြည့်ရင် မြန်မာကို ဝင်တဲ့ မုန်တိုင်းတွေရဲ့ ၅၁ ရာခိုင်နှုန်း၊ တဝက်ကျော်လောက်က မိုးကြို ကာလမှာ ဝင်တယ်။ ဒီနှစ်ခုကို မျှတွေးပေါ့။ အဲဒီတော့ သတိရှိပါ၊ ဒါပေမယ့် အကြောက် မလွန်နဲ့။ အကြောက် မလွန်နဲ့ ဆိုတာ မကြောက်ပါနဲ့လို့ ပြောတာ မဟုတ်ဘူး။ အကြောက် မလွန်နဲ့ဆိုတာ ခြေမကိုင်မိ၊ လက်မကိုင် မိ မဖြစ်စေပါနဲ့။ အသိနဲ့ အလုပ်လုပ်ပါ…၊ ဒါကို ပြောချင်တာပါ”ဟု ၎င်းက ပြောဆိုသည်။