နာမည်ကြီး အစိုးရ အခြေခံပညာကျောင်းတချို့ မူလတန်း ကျောင်းသားကျောင်းသူသစ် လက်ခံရာမှာ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ တောင်းဆိုမှုတွေကြောင့် ကျောင်းအပ်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်နိုင်တဲ့ မြို့နယ်၊ ကလေးရဲ့ အသက်၊ မွေးစာရင်း၊ သန်းခေါင်စာရင်းစတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှန်ကန်မှု ရှိပေမယ့်လည်း ဝန်ကြီးတဦးဦးရဲ့ ထောက်ခံချက် လက်မှတ် မပါတာကြောင့် ကျောင်းသားအဖြစ် လက်မခံဘူးလို့ ရန်ကင်းပညာရေး ကောလိပ်မှာ မူလတန်းကျောင်း အပ်နှံဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားမိဘ မမြတ်သက်မွန်က ဧရာဝတီကို ပြောပါတယ်။
“မကျေနပ်လို့ ကျောင်းအုပ်ကို ဝင်တွေ့တော့ ဝန်ကြီးလက်မှတ် ယူလာခဲ့ဖို့ ပြောတယ်၊ အဲဒီလိုဆိုရင်တော့ စဉ်းစားပေးမယ်တဲ့၊ ဝန်ကြီးလက်မှတ်ပါတဲ့သူက VIP လို့ လည်း သိရတယ်” ဟု မမြတ်သက်မွန်က သူ့ရဲ့ကလေးအတွက်
ကျောင်းအပ်တုန်းက ကြုံခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
ရန်ကင်းမြို့နယ်မှာနေပြီး ရန်ကင်း ပညာရေးကောလိပ်မှာ ကျောင်းအပ်ခွင့်မရတဲ့ ကလေး အယောက် ၂၀ ကျော် လောက် ရှိတယ်လို့လည်း သူက ပြောပါတယ်။ အပ်ခွင့်မရခဲ့တဲ့ကလေးတွေကတော့ ဝန်ကြီးလက်မှတ် မပါလို့ဖြစ်တယ်လို့ သိရပါတယ်။
“မိဘတွေက မကျေနပ်ကြဘူး၊ အခုချိန်ကြမှ ကျန်တဲ့ကျောင်းကြီးတွေလည်း သူ့လူနဲ့သူ ပြည့်ကုန်ပြီ၊ ကလေးကို
ကောင်းတဲ့အသိုင်းအဝိုင်းကြားမှာ စာသင်စေချင်တယ်၊ တချို့ကတော့ ပိုက်ဆံပုံအောပြီး ကျောင်းကောင်းအပ်နိုင်ဖို့ လုပ်လိုက်ကြတယ်။ ကျမကတော့ ကလေးအတွက် မစီစဉ်ရသေးဘူး၊ အကုန်လွဲကုန်ပြီ” လို့ မမြတ်သက်မွန်က ပြောပါတယ်။
ဝန်ကြီးလက်မှတ် တောင်းနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ အမှတ် (၂) နဲ့ (၃)
အခြေခံပညာ ဦးစီးဌာနတွေက တာဝန်ရှိသူထံကို ဖုန်းဆက်မေးမြန်းပေမယ့် ဖြေကြားခြင်းမရှိပါဘူး။
ရန်ကုန်မြို့ရဲ့ နာမည်ကြီး အစိုးရ အထက်တန်း ကျောင်းကြီးတွေဖြစ်တဲ့ အ.ထ.က (၁) ဒဂုံ၊ အ.ထ.က (၂) မင်္ဂလာဒုံ၊ ပြည်လမ်း ပညာရေးကောလိပ်နဲ့ ရန်ကင်းပညာရေးကောလိပ် စတဲ့ ကျောင်းအများစုမှာ မူလတန်း ကျောင်းသားသစ် ရွေးချယ်ဖို့အတွက် ဧပြီ ၁၉ ရက်ခန့်က စပြီးလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ဧပြီ ၁၉ ရက်မှာ ကျောင်းသားသစ် လျှောက်လွှာ ဝယ်ယူပြီး ဧပြီ ၂၀ နဲ့ ၂၁ ရက်တွေမှာ လျှောက်လွှာတွေ ပြန်တင်ပြပြီးနောက် မေလဆန်းပိုင်းမှာတော့ သက်ဆိုင်ရာ ကျောင်းအလိုက် တက်ခွင့်ရတဲ့ ကျောင်းသားစာရင်းကို
ကြေညာပြီး ဖြစ်နေပါပြီ။
“ဘယ်ဥပဒေမှာမှ ဝန်ကြီးလက်မှတ် ပါရမယ်လို့ မရှိဘူး၊ မြို့နယ်ပညာရေးရုံးကို တိုင်သင့်တယ်၊ ကျောင်းတွေ ဒီလို လုပ်နေတယ်ဆိုတာ တရားမဝင် လုပ်နေကြတာ၊ မဖြစ်သင့်ဘူး” လို့ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးလည်းဖြစ်ပြီး
ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးကြင်သိန်းက ပြောပါတယ်။
နာမည်ကြီးကျောင်းတွေမှာ ကျောင်းအပ်ချင်တဲ့သူ များတာကြောင့် ကျောင်းအပ်နှံရေးကာလ မတိုင်မီ ကြိုတင်ပြီး မူလတန်းကျောင်းသားတွေကို လက်ခံလေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီလိုလက်ခံရာမှာ ကျောင်းမှာတက်နေတဲ့ ဆွေမျိုးသားချင်ရှိ မရှိ၊ ကျောင်းရဲ့ အကျိုးအတွက် မိဘတွေရဲ့ အထောက်အပံ့ ပေးနိုင်မှုနဲ့ ကျောင်းသားဟောင်း မိဘတွေရဲ့ကလေး စတဲ့ အခြေအနေရှိသူတွေကို ဦးစားပေး လက်ခံကြတယ်လို့ ဦးကြင်သိန်းက ရှင်းပြပါတယ်။
“အခြေခံပညာရေး ဥပဒေ ထွက်လာရင်တော့ ဒါတွေ ပြောင်းလဲလာမှာပါ” လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ အခြေခံပညာရေး ဥပဒေက မူကြမ်းအဆင့်ရှိပြီး မေလ ၂၉ ရက်မှာ စတင်ကျင်းပမယ့် ဒသမ အကြိမ်မြောက် လွှတ်တော်မှာ ဆွေးနွွေးကြတော့မှာပါ။
အ.ထ.က (၂) မင်္ဂလာဒုံ အထက်တန်းကျောင်းမှာ မူလတန်းကျောင်း အပ်နှံခဲ့ဖူးတဲ့ ကျောင်းသားမိဘ တဦးကတော့ အလှူငွေ များများ မထည့်နိုင်တာကြောင့် သူ့ရဲ့ ကလေးကို ကျောင်းက လက်မခံခဲ့ဘူးလို့ ပြောပြပါတယ်။
အမည်မဖော်လိုသူ အထက်တန်းပြဆရာမ တဦးကတော့ “နှစ်တိုင်း ကျောင်းတွေမှာ ပြဿနာတက်တယ်။ ဘယ်ကျောင်းသားမိဘက သူ့ကလေးကို လက်မခံလို့၊ သူ့ကလေးကျတော့ နောက်ဆုံးခန်းပဲရလို့ ဆိုတာမျိုးတွေအထိ ရှိတယ်။ ကျမတို့အနေနဲ့က ကျောင်းသား လက်ခံတယ်ဆိုတာ ဘက်စုံကြည့်ရတယ်၊ လူသိပ်များတဲ့ အခါကျတော့ ဟာသွားတာလေးတော့ ဖြစ်နိုင်တာပဲ” လို့ ရှင်းပြပါတယ်။
အခြေခံကစလို့ အဆင့်မြင့် ပညာရေးပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံး တာဝန်ရှိသူများက ဆန္ဒရှိပေမယ့် ပညာရေး ဝန်ကြီးဌာနက ပညာရေးဆိုင်ရာ အရာရှိတချို့က ဆက်လက် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ တက္ကသိုလ် ဆရာ/ဆရာမများ အသင်းက ဒေါက်တာ အာကာမိုးသူက သုံးသပ်ပါတယ်။
ဒီနှစ်တွေမှာ ပုဂ္ဂလိက စာသင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေ အများအပြား ပေါ်ထွက်လာပေမယ့်လည်း အဲဒီလို ကျောင်းတွေမှာက မြန်မာစာသင်ကြားပေးမှု အားနည်းတာ၊ ကျောင်းဝင်ကြေး၊ စာအုပ်စာတမ်းခ စတဲ့ အကုန်အကျ များခြင်း စတဲ့အချက်တွေကြောင့် တချို့မိဘတွေကတော့ ကိုယ့်သားသမီးတွေ အစိုးရကျောင်းတွေမှာ တက်ရဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။