Ethnic Issues

ဆက်ဆံရေးရုံး စီးနင်းမှု ဖြေရှင်းချက်ပေးဖို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က အစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးကို အကြောင်းပြချက်မရှိ စီးနင်းရှာဖွေခဲ့မှုကို ဖြေရှင်းချက်ပေးဖို့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဦးအောင်မင်းဆီ စာပို့ပြီး တောင်းဆို လိုက်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ပေါ်ရှိ (RCSS/SSA) ရဲ့ဆက်ဆံရေးရုံးကို သေနတ်တွေ ကိုင်ထားတဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) က အခုလ ၆ ရက်နေ့ ညနေပိုင်းက အကြောင်း ပြချက်မပေးဘဲ ရုတ်တရက် ဝင်ရောက် စီးနင်းရှာဖွေမှု အပေါ် ရှာဖွေရတဲ့ အကြောင်းအရင်းကို ဖြေရှင်းချက်ပေးဖို့အတွက် မေလ ၈ ရက်နေ့က စာပို့တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ RCSS အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“ကျိုင်းတုံမြို့ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာမျိုးဟာ ကျနော်တို့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေတဲ့ ကြားကာလမှာ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်။ ထို့အတူ ကျနော်တို့ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တပ်သားများအားလုံးနဲ့ ပြည်သူလူထုများ အားလုံး ကို အစိုးရနဲ့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးကိစ္စအပေါ် သံသယ ဖြစ်စေနိုင်တဲ့ အနေအထားမျိုး ဖြစ်နေလိမ့်မယ်ဆိုပြီး အများသိအောင် တရားဝင်ရှင်ပြပေးဖို့ တင်ပြထားပါတယ်”လို့ ဗိုလ်မှူးကြီး စိုင်းလ က ဧရာဝတီကိုပြောပါတယ်။

RCSS/SSA ဟာ အစိုးရနဲ့ တရားဝင် ပဏာမ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်က ဖော်ဆောင်နေတဲ့ တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့ လုပ်ငန်းတွေမှာ အကောင် အထည် ဖော်ဆောင်ရွက်ရာမှာ ပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ယုံကြည်မှုတွေ မပျက်စေလိုကြောင်း စာထဲမှာ ပါတယ်လို့ သိရပါတယ်။

“UPWC ကနေပြီး အစိုးရ ဒေသခံအာဏာပိုင်အဖွဲ့အစည်း၊ စစ်တပ်တွေနဲ့ ကျနော်တို့ အကြား ပြေလည်ရာ ပြေလည်ကြောင်း စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်လို့ မျှော်လင့်ကြောင်း တောင်းဆိုထားတဲ့စာထဲမှာပါတဲ့အကြောင်းပဲဖြစ်ပါတယ်”လို့ UPWC ကို ပို့တဲ့ စာပါအကြောင်းအရာကို ဗိုလ်မှူးကြီး စိုင်းလ က ပြောပြပါတယ်။

RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ပေးပို့လိုက်တဲ့ အကြောင်းကြားစာကို UPWC က လက်ခံရရှိတယ်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) ရဲ့ အစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဧရာဝတီကိုပြောပါတယ်။

“RCSS က ဝန်ကြီး ဦးအောင်မင်း ရုံးကို ပို့တဲ့စာတော့ ရောက်ပါတယ်။ ကျနော်လည်း ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် ဝန်ကြီးနဲ့ ကျနော်က သန်ဘက်ခါမှ လူချင်းတွေ့ဖြစ်မှာမို့ အဲ့ဒီအချိန်ကျမှ ကျနော် ဆွေးနွေးပြောပြနိုင်မှာပါ”လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။

အစိုးရနဲ့ သဘောတူညီမှုတွေရရှိထားတဲ့ အဖွဲ့အစည်းတခုရဲ့ တရားဝင်ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးကို လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စရဖ အဖွဲ့တွေ က အကြောင်း ပြချက် မပေးဘဲ စီးနင်းရှာဖွေမှုတွေလုပ်တာဟာ အစိုးရ စစ်တပ် အပေါ်မှာရော UPWC အပေါ်မှာပါ သံသယဝင်စရာတွေဖြစ်လာတယ်လို့ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

ဒါ့အပြင် စိုးရနဲ့ RCSS/SSA သဘောတူညီမှုတွေ ပြုလုပ်ထားတဲ့ ကြားက အခုလိုလုပ်ဆောင်လာမှုတွေကြောင့် အစိုးရအဖွဲ့ဟာ တပ်မတော်အပေါ် သြဇာသက်ရောက်မှုရှိရဲ့လားဆိုတဲ့ သံသယမျိုးလည်း ဖြစ်မိတယ်လို့ ဆိုပါတယ်။

အခုလ ၆ ရက်နေ့ ညနေပိုင်းက RCSS/SSA ကျိုင်းတုံ ဆက်ဆံရေးရုံး တရုံးလုံးကို စရဖ အဖွဲ့တွေဝင် မွှေနှောက်ရှာဖွေခဲ့ပေမယ့် ရှာဖွေရခြင်း အကြောင်းအရင်းကို ပြောဆိုခဲ့ခြင်းမရှိသလို ဆက်ဆံရေးရုံးက ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းကိုင်ဖြေ ကြားခြင်းမရှိဘူးလို့ RCSS/SSA ရဲ့ ကျိုင်းတုံ ဆက်ဆံရေးရုံး တာဝန်ခံ ဒု ဗိုလ်မှူးကြီး စိုင်းစိုးမိဏ်းက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ရုံးကို ဝင်ပြီးရှာဖွေတဲ့ အကြောင်းအရင်းကို ခုချိန်ထိ မေးလို့မရသေးဘူး။ သူတို့အဲလိုဝင်ပြီးတဲ့ ရက်မှာတော့ ပါတီအဖွဲ့ဝင်တွေ၊ ပြည်သူလူထုတွေ ရုံးကို မလာရဲကြတော့ပေမယ့်၊ အခုတော့ အခြေအနေလာမေးတာ၊ ရုံးကိုလာလည် တာတွေပြန်ရှိနေပါပြီ”လို့ ဒု ဗိုလ်မှူးကြီး စိုင်းစိုးမိဏ်းက ပြောပါတယ်။

RCSS/SSA ဆက်ဆံရေးရုံးကို ဝင်ရောက် ရှာဖွေမှုနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ အတွက် ကျိုင်းတုံ အခြေစိုက် စရဖ ရုံးကို ဧရာဝတီက ထပ်မံဆက်သွယ် ခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

RCSS/ SSA အဖွဲ့က အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ၂၀၁၁ ခုနှစ်ထဲမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး ၂၀၁၂ ခုနှစ်ထဲမှာ ပြည်ထောင်စု သဘောတူညီမှုတွေ ရရှိထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အဆင့် သဘောတူညီမှု ရရှိပြီးနောက်ပိုင်းမှာ နှစ်ဘက်အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading