Environment

ဧရာဝတီတိုင်းရှိ အိမ်ခြေ ၇၀၀၀ ကျော် သောက်သုံးရေ ပြတ်လပ်နေ

This article has been converted from Zawgyi One to Unicode

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲနှင့် ပုသိမ် – မော်တင် ကားလမ်းဘေး ကျေးရွာများရှိ ခန့်မှန်းခြေ အိမ်ခြေ ၇၀၀၀ ကျော်မှာ ရေတွင်းရေကန်များ ခမ်းခြောက်လာသဖြင့် သောက်သုံးရေ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“မိုးရေခံတဲ့ ကန်တွေက မတ်လ ဆိုရင် ခမ်းကုန်ပြီ။ အဲဒီတော့ လူရော၊ ကျွဲနွား တိရစ္ဆာန်တွေပါ သောက်သုံးရေ အခက်အခဲ ဖြစ်ကြ တယ်။ အခုဆို ရေပြတ်နေတာ ၂ လကျော် ရှိပြီ။ အနီးနား ပြင်ခရိုင် ကျေးရွာက လူတွေက ရေ အလကား ပေးတယ်။ ရွာကနေ မော်တော်နဲ့ သွားယူရတယ်။ တအိမ်ကို ၃ ရက်စာ အတွက် ၅ ဂါလံပုံး ၂ ပုံး ပဲ ရတယ်။ အဲဒီရေနဲ့ ဘယ်လိုမှ မလောက်ငဘူး၊ တချို့ဆို ရေမရှိလို့ ၁ လလောက် ရေမချိုးရတဲ့ လူတွေ ရှိတယ်”ဟု ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ မန်ကျည်းချိုင် ကျေးရွာသူ ဒေါ်သေးသေးက ပြောသည်။

ငပုတောမြို့တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်နှင့် စဉ့်အိုးဘို ရပ်ကွက်တို့မှ အိမ်ခြေ ၃၀၀၀ ကျော်၊ ပုသိမ် – မော်တင် ကားလမ်းပေါ်ရှိ သလပ်ခွာ ကျေးရွာအုပ်စု အတွင်းမှ အိမ်ခြေ ၂၀၀၀ ကျော်နှင့် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲရှိ ချောင်းဝ၊ ဒီးဒူးကုန်း၊ မန်ကျည်းချိုင် စသည့် ကျေးရွာများ အပါအဝင် ရွာပေါင်း ၁၅ ရွာမှ အိမ်ခြေ ၂၅၀၀ ကျော်မှာ သောက်သုံးရေ ပြတ်လပ်မှုများ ရင်ဆိုင် နေရခြင်း ဖြစ်သည်။

ပုသိမ်နှင့် ငပုတောမြို့ အနီးတဝိုက် ကျေးရွာများကို ပုသိမ်မြို့မှ လူမှုကူညီရေး အသင်းများနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ရေလှူဒါန်း ပေးနေပြီး ဟိုင်းကြီးကျွန်း မြို့နယ်ခွဲရှိ ရေပြတ်လပ်သော ကျေးရွာများကို ပြင်ခရိုင် ကျေးရွာမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက တနိုင်တပိုင် ရေလှူဒါန်း ပေးနေကြောင်း သိရသည်။

“ရွာတွေက ရေတွင်းရေကန်တွေ အကုန်ခမ်း ကုန်တော့ သောက်ရေရော၊ သုံးရေပါ အခက်အခဲ ဖြစ်နေကြတာ။ အခက်အခဲ ဖြစ် တယ်လို့ သတင်းပို့တဲ့ ရွာတွေကို ပုသိမ်မြို့က ကျနော်တို့ ကရုဏာအသင်း အပါအဝင် လူမှုကူညီရေး အသင်းတွေက စုပေါင်းပြီး ရေ လှူပေး ဖြစ်တယ်။ လတ်တလောမှာ ငပုတောမြို့က ရေပြတ်တဲ့ ရပ်ကွက်တွေကို ရေလှူပေးနေတယ်”ဟု ပုသိမ်မြို့ ကရုဏာ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးစိုးမြင့်က ဧရာဝတီကို ပြောသည်။

ရာသီဥတု ပူပြင်းမှုကြောင့် ငပုတောမြို့တွင် ယခင်နှစ်များထက် အချိန်စောစွာ ရေတွင်းရေကန်များ ခမ်းခြောက် သွားသဖြင့် မြို့ပေါ် ရပ်ကွက် အားလုံးနီးပါး သောက်သုံးရေ အခက်အခဲဖြစ်ပြီး လူပေါင်း ၁၀,၀၀၀ ကျော် ရေပြတ်လပ်မှုဒဏ် ခံရကြောင်း ငပုတောမြို့ ဓမ္မအလင်းတရား အလှူတော် အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်က ပြောပြသည်။

“ရေရှားတာတော့ တမြို့လုံး လိုလိုပဲ။ ဒီနှစ် ရေရှားတာက ခါတိုင်းနှစ်ထက် ပိုစောတယ်။ နှစ်စဉ် ငပုတော လူမှုကူညီရေး အသင်း တွေ က ရေလှူပေးခဲ့တာ လုံလောက်တယ်။ ဒီနှစ်ကျတော့ ဘယ်လိုမှ မနိုင်တော့လို့ ပုသိမ်က လူမှုကူညီရေး အသင်းတွေကို အကူ အညီ လှမ်းတောင်းရတာ။ ပုသိမ်ကနေ ငပုတောကို အကြီးအကျယ်ရေလှူရတာ ဒီနှစ်က ပထမဆုံးပဲ”ဟုလည်း ၎င်းက ပြောသည်။

ငပုတောမြို့နယ်သည် ပင်လယ်ပိုင်း ဒေသဖြစ်ပြီး အဝီစိတွင်း တူးမရသဖြင့် သောက်သုံးရေ အတွက် မိုးရေခံသည့် ရေကန်များကို သာ အားထားရသည့် ဒေသဖြစ်ကြောင်း သိရသည်။ နှစ်စဉ် မတ်၊ ဧပြီ၊ မေလ များတွင် သောက်သုံးရေ ရှားပါးမှုကို အမြဲ ကြုံတွေ့ရလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

“ရေရှားတာ ဧပြီလကတည်းက စတာ။ ဒီလဆန်းပိုင်း ရောက်တော့ ပိုဆိုးတယ်။ လူတင် မကဘူး၊ နွားတွေ ကျွဲတွေပါ ရေသောက် စရာ မရှိတော့ အကုန် ဒုက္ခရောက်တာ။ ရေကန်က လုံး၀ ခမ်းသွားတာလေ။ ရေကို မြို့ပေါ်ကနေ ဝယ်ရတယ်။ ဆိုင်ကယ်နဲ့ ၂ မိုင် လောက် ဝေးတဲ့ ရေကန်ကနေ သွားခပ်ရတယ်။ အခုကျတော့ ပုသိမ်က အဖွဲ့တွေရော တပ်မတော်သားတွေရော ရေလာလှူပေးလို့ အဆင်ပြေ သွားတာ”ဟု ငပုတောမြို့ စဉ့်အိုးဘို ရပ်ကွက်မှ ရပ်မိရပ်ဘ ဦးသောင်းရှိန်က ပြောသည်။

ရေပြတ်လပ်သည့် ယင်းဒေသများသို့ ပုသိမ်မြို့မှ ကရုဏာ၊ မေတ္တာရိပ်၊ တိုက်ကြီးကျောင်း၊ ဖြူစင် မေတ္တာ၊ မေတ္တာ စွမ်းအား၊ မြတ်ပါရမီ၊ သစ္စာ ရောင်ခြည် စသည့် လူမှုကူညီရေး အဖွဲ့များ အပြင် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ အမှတ် (၄၂၄) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်းက တပ်ပိုင်ကားများဖြင့် ရေများ လှူဒါန်းပေးကြောင်း သိရသည်။

 

Loading