သတင်း

တောင်တရုတ် ပင်လယ် ပြဿနာ ပြေလည်ရေး မြန်မာ ဦးဆောင်ဆွေးနွေးမည်

This article has been converted from Zawgyi One to Unicode

အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့နှင့် တရုတ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်း ပွား နေသည့် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု ပြဿနာ ပြေလည်ရေး လိုက်နာရမည့် ကျင့်ဝတ် (Code of Conduct for South China Sea) ပေါ်ထွန်းရေး နေပြည်တော် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

နေပြည်တော်တွင် မေလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ အာဆီယံ ထိပ်သီးအအစည်းအဝေး ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် အာဆီယံ နိုင်ငံများ ဖွံ့ဖြိုးမှု နောက်ကျနေသည့် ကိစ္စ၊ တရုတ်နှင့် အာဆီယံ နိုင်ငံတချို့ အကြား ပြဿနာတက်နေသည့် ရေပိုက်နက် အငြင်းပွားမှုကိစ္စ အပါအင် ဒေသတွင်း အရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

အထူးသဖြင့် တောင်တရုတ်ပင်လယ် ပြဿနာ ပြေလည်ရေး ဆောင်ရွက်ရာတွင် အငြင်းပွားနေသည့် နိုင်ငံများ အားလုံး လိုက်နာနိုင်သော ကျင့်ဝတ် (COC) ပေါ်ထွန်းရေး အမြန်ကြိုးစားမည်ဟု ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ အားသာချက်က အာဆီယံ နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ကောင်းတယ်။ တဖက်မှာ လည်း ကျနော်တို့က တရုတ်နဲ့ မဟာဗျူဟာအဆင့် ဆက်ဆံရေး ကောင်းတယ်။ ဒီအားသာချက် နှစ်ခုကို ပေါင်းပြီးတော့မှ လက်ရှိဆောင်ရွက်နေတဲ့ Code of Conduct  နဲ့ ပတ်သက်လို့ အမြန်ဆုံး ပေါ်ပေါက် လာအောင် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါ”ဟု  ဦးရဲထွဋ်က ဆိုသည်။

တောင်တရုတ်ပင်လယ် ပြဿနာတွင် အာဆီယံနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ကြားနေနိုင်ငံတခုအဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံကိုလည်း ဖိအားပေးခြင်း လုံး၀ မရှိကြောင်း သိရှိရသည်။

“ဒီနေရာမှာ လူတွေက ပြောကြတာ ရှိတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ခင်မင် ရင်းနှီးမှုကြောင့် တရုတ်ဘက်ကို ပါမလား။ တရုတ်ဘက်ကများ ဖိအားပေးမလား ဆိုတာမျိုးတွေ ရှိနေတယ်။ မြန်မာက ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးတဲ့ နိုင်ငံ ။ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့သည် ဘာမှာ ဘက်လိုက်စရာ အကြောင်းမရှိဘူး။ နောက်တခုက အာဆီယံရဲ့ မူဝါဒအတိုင်းပဲဆက်ဆောင်ရွက်သွားမယ်” ဟု  ဦးရဲထွဋ်က ရှင်းပြသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် အာဆီယံနိုင်ငံများနှင့်ပတ်သက်သော ဆွေးနွေးချက်များကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အဲဒီဆွေးနွေးချက်တွေ အားလုံးက ထိပ်သီးအစည်းအဝေးကို ပါသွားမှာပေါ့။ ဖွင့်ပွဲအစည်းအဝေးကျရင်တော့ သမ္မတကြီးက အဲဒါတွေအပြင်ကို သူလုပ်ချင်တဲ့ သူရဲ့သီးခြား အစီအစဉ်တွေ ရှိသေးတယ်။  ကျနော်တို့ မြန်မာနိုင်ငံဥက္ကဋ္ဌလုပ်နေတဲ့ အချိန်မှာတော့ ၂၀၁၅ အလွန် ဒါတွေကို ကြိုပြင်ဆင်ချင်တယ်ဆိုတဲ့ ဦးစားပေး ကဏ္ဍတွေကို သမ္မတ ဦးသိန်းစိန်ကသူ့မိန့်ခွန်းထဲမှာ ပြောမယ် ” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

မြန်မာ့ရေးရာ ကိစ္စများကို အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အရေးကြီးသော အစည်းအဝေး ခေါင်းစဉ်အဖြစ် ဆွေးနွေးရန် မရှိဟု ဦးရဲထွဋ်က ဆိုသည်။

“ဥပမာ ဆိုပါစို့ ရခိုင်မှာ ဖြစ်နေတဲ့ ဘင်္ဂလီ ကိစ္စမျိုးကတော့ အစည်းအဝေးအစီအစဉ် ထဲမှာ ပါစရာ အကြောင်း မရှိဘူး။ သို့သော် အမြင်ချင်း ဖလှယ်တဲ့အခါမှာ နိုင်ငံတွေက သူတို့ အတွေ့အကြုံတွေ ပြောရင်တော့ကျနော်တို့ နားထောင်ရမှာပေါ့။ အရှေ့ဥရောပမှာ ဖြစ်နေတဲ့ ပြဿနာမျိုးတွေကိုလည်း အာဆီယံအနေနဲ့ အမြင်ချင်း ဖလှယ်တာမျိုး ရှိနိုင်တယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်လို့ သွားပြီးတော့မှ ဆုံးဖြတ်ချက်ချတာမျိုးတော့ လုပ်မှာမဟုတ်ဘူး”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပြီး ၁၇ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ပထမဆုံးအကြိမ် စတင် ထမ်းဆောင်ခြင်းဖြစ်သည်။

Loading