ပဲခူးတိုင်း၊ ပေါင်းတည်နဲ့ သဲကုန်းမြို့နယ် ဒေသခံ လယ်သမားတွေက စစ်တပ်နဲ့ သမဝါယမ ဝန်ကြီးဌာနတို့ သိမ်းယူထားတဲ့ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို အကြိမ်ကြိမ် စာတင်ပြီး တောင်းဆိုတာကို ပြန်မပေးလို့ မေလ ၉ ရက်နေ့က ပေါင်းတည်မြို့ပေါ်မှာ နှစ်ဖွဲ့ ပေါင်းပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြ လယ်သမား ၇၀ ခန့်က ပေါင်းတည်မြို့ ဘုရားလမ်းပေါ်မှာ “တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်သည်၊ လယ်ယာမြေကို သိမ်းယူရန်မဟုတ်”၊ “ဆင်းရဲမွဲတေမှု ပြဿနာသည် မြေယာသိမ်းဆည်းခံရမှုမှ အစပြုသည်”၊ “တောင်သူ လယ်သမားဘဝ တိုးတက်မှ နိုင်ငံတိုးတက်မည်” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သိမ်းဆည်းလယ်ယာမြေများ မူလပိုင်ရှင်ကို ပြန်ပေးဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။
“ဝန်ကြီးဌာန ၁၁ ခုကို စာတင်တာ အစောင် ၈၀ ကျော်ပြီ၊ ဒါ ပထမဆုံးအကြိမ် ဆန္ဒပြတာပါ” လို့ ပေါင်းတည်မြို့နယ် ပေါက်တောကျေးရွာက လယ်သိမ်းခံထားရတဲ့ လယ်သမား ဦးသိန်းကြိုင် က ဧရာဝတီကို ပြောပါတယ်။
သူတို့ရဲ့ လယ်မြေ ၈၄ ဧကကို ပေါင်းတည်အခြေစိုက် အမှတ် (၁၀) ခြေမြန်တပ်ရင်းက ၁၉၈၉ ခုနှစ်မှာ သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီ လယ်မြေတွေကို တရွာတည်းနေ တခြား လယ်သမားတွေကို စစ်တပ်က သီးစားခနဲ့ ပြန်လုပ်ကိုင်စေပြီး မူရင်း လယ်သမားတွေမှာ အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
“စစ်တပ်က ပထမတော့ ပြန်ပေးမယ် ပြောတယ်၊ နောက်တော့ မပေးနိုင်တော့ဘူးတဲ့၊ ပြီးခဲ့တဲ့ မေလ ၁ ရက် နေ့က ကျနော်တို့ကို ခေါ်ပြောတယ်။ ဘာလို့ မပေးတော့တာလဲလို့ မေးတော့ ရဲဘော်တွေ ရဲမေတွေ လုပ်စားရအောင်တဲ့။ ကျနော်တို့ဆီက သိမ်းတာ ၁၉၈၉ ခုနှစ်က၊ တပ်ကို သွားပြောတယ် ကျနော်တို့ကို သီးစားချပေးဖို့ ကျနော်တို့ကို မပေးဘူး။ တရွာတည်းနေတဲ့ စစ်တပ်နဲ့ အဆင်ပြေတဲ့လူကိုပဲ ချပေးတယ်။ ကိုယ်လယ်ကို အသိမ်းခံရလို့ ပြန်ငှားဖို့ပြောတာ လက်မခံဘူးဗျာ” လို့ ဦးသိန်းကြိုင်က ပြောပါတယ်။
သိမ်းဆည်းလယ်ယာမြေတွေကို စစ်တပ်က လယ်တဧကကို စပါး ၂၂ တင်း သီးစားခယူပြီး ယာမြေ တဧကကို ကျပ် ၂ သောင်းနှုန်းနဲ့ အငှားချ လုပ်ကိုင်စေခဲ့တာဖြစ်တယ်လို့ ဆန္ဒပြ လယ်သမားတွေက ဆိုပါတယ်။
သဲကုန်းမြို့နယ် ပေါက်မှော်ကျေးရွာက လယ်မြေဧက ၁၅၀ ကျော်ကိုတော့ ၁၉၈၂-၈၃ ခုနှစ်တွေမှာ သမဝါယမ ဝန်ကြီးဌာနက လျော်ကြေး တစုံတရာ ပေးချေခြင်းမရှိဘဲ သိမ်းယူခဲ့တာလို့ ဆိုပါတယ်။ လယ်တွေကို မူရင်းပိုင်ရှင်တွေစီကို လုပ်ကိုင် စားသောက်ဖို့ အစိုးရကို အကြိမ်ကြိမ် တောင်းဆိုပေမယ့် ဂရုမစိုက်ဘူးလို့ ဆန္ဒပြ လယ်သမားတွေက ပြောပါတယ်။
လယ်သိမ်းခံထားရတဲ့ ဦးတင်လှိုင်က “ကျနော်တို့ဆီက သိမ်းပြီးတော့ ကန်တရာကွင်းဆိုပြီး ကန်တွေတူးကြတာ။ အခုတော့ ကျနော်တို့ ဆန္ဒဖော်ထုတ်တာပေါ့။ ဒီမတိုင်ခင်တုန်းက ဝက်ထီးကန်အထိ စုံစမ်စစ်ဆေးရေး ကော်မရှင်ကို သွားတွေ့ပြီး အကျိုးအကြောင်း ပြောပြတယ်။ အခုချိန်အထိတော့ ဘာမှ အကြောင်းမပြန်သေးဘူး။ ကျနော်တို့လယ် ကျနော်တို့ ပြန်ရဖို့ တောင်းဆိုတာပါ။ ပြန်ပေးရမှာက သူတို့တာဝန်။ မပေးမချင်း ဆန္ဒထုတ်ဖော်နေမှာ၊ ရရှိရေးအတွက်” လို့ ပြောပါတယ်။
ဒါ့အပြင် ပညာရေးဝန်ကြီးဌာနကလည်း အထက်တန်းကျောင်း ဆောက်လုပ်ဖို့ဆိုပြီး ဒေသခံတောင်သူတွေဆီက မြေ ၁၉ ဧက သိမ်းယူခဲ့ပြီး အဲဒီအထဲက ၁၄ ဧကကို တခြားတောင်သူတွေထံ လက်ရှိ အချိန်အထိ အငှားချ လုပ်ကိုင်ခွင့် ပေးနေဆဲဖြစ်တယ်လို့ မြေသိမ်းခံထားရတဲ့ တောင်သူ ကိုအုန်းဆောင် က ဧရာဝတီကို ပြောပါတယ်။
ပေါင်းတည်မြို့ပေါ်က လယ်သမားဆန္ဒပြပွဲမှာ သဲကုန်မြို့နယ် အောင်ကုန်ကျေးရွာက တောင်သူတွေလည်း ပါဝင်ခဲ့ကြပြီး အစိုးရအနေနဲ့ လယ်ယာမြေတွေကို မူရင်းပိုင်ရှင်တွေဆီ ပြန်ပေးဖို့ တောင်းဆိုရင်း တရားစွဲခံရပြီး ထောင်ချခံထားရတဲ့ တောင်သူ ကိုပေါက်စ လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။