ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အခြေစိုက် အစိုးရ စစ်တပ်က ဖမ်းဆီးထားတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ရဲ့ ရပ်ကွက်နဲ့ ကျေးရွာ (ရပ်/ကျေး) စည်းရုံးရေးမှူး ဦးအိုက်ကျိန်ကို မတရားအသင်းအဖွဲ့နဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ယမန်ယူပြီး အမှု ဖွင့်လိုက်ပြီ ဖြစ်တယ်လို့ ကျိုင်းတုံ မြို့နယ်ရဲစခန်းက အတည်ပြုပြောဆို လိုက်ပါတယ်။
ကျိုင်းတုံ မြို့နယ်ရဲစခန်း ရဲအရာရှိတဦးက “သူ့ (ဦးအိုက်ကျိန်) ကို ဒီမှာ ၁၇/၁ နဲ့ အမှုဖွင့်ပြီးတော့ ယမန်ယူပြီး စစ်ဆေး ဆောင်ရွက်နေဆဲပါ။ လောလောဆယ် တရားရုံးမှာ ယမန်ယူတုန်းဗျ၊ လောလောဆယ် စစ်ဆေးနေဆဲဆိုတော့ အဲဒီလောက်ပဲ ပြောလို့ရမယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ဦးအိုက်ကျိန်ဟာ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင် ကျေးရွာက ကျားဖြူပါတီ (ခေါ်) SNLD ပါတီ ရပ်/ကျေး စည်းရုံးရေးမှူး တဦးဖြစ်ပြီး မေလ ၅ ရက်နေ့က ကျိုင်းတုံ အခြေစိုက် ခမရ ၂၄၅ တပ်ရင်းက နေအိမ်မှာ ဝင်ရောက် ရိုက်နှက် ဖမ်းဆီးသွားတာဖြစ်ပြီး မေလ ၉ ရက်နေ့ မနက် ၂ နာရီ ဝန်းကျင်မှာ ကျိုင်းတုံ မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးအပ်ကာ အခုလို အမှုဖွင့်ခံရတာဖြစ်တယ်လို့ SNLD ပါတီရဲ့ ဗဟို ကော်မတီဝင်လည်းဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစိုင်းလုံက ဧရာဝတီကို ပြောပါတယ်။
SNLD တာဝန်ရှိသူတွေ အနေနဲ့ ကျိုင်းတုံ မြို့နယ်ရဲစခန်းမှာ ဦးအိုက်ကျိန်ကို တွေ့မြင်ခဲ့ရပြီး မျက်နှာနဲ့ ခန္ဓာကိုယ်မှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“သူကို စစ်တပ်က ဖမ်းသွားတုန်းက တောထဲမှာ ခေါ်ပြီး မင်းမှာ သေနတ်ရှိတယ်၊ ဘယ်မှာထားလဲဆိုပြီး ရိုက်နှက် နှိပ်စက်တယ်လို့ ကိုအိုက်ကျိန်က ပြောတယ်။ ဒီနေ့ သူ့ကို ရဲစခန်း အချုပ်မှာတွေ့တော့ နဖူးမှာ လက်နှလုံးလောက်ရှိတဲ့ ကွဲအက်ဒဏ်ရာ တွေ့တယ်၊ မျက်နှာမှာလည်း အညိုအမည်းစွဲနေတဲ့ ဒဏ်ရာတွေရှိတယ်၊ ရင်ဘတ်မှာလည်း သေနတ်ဒင်နဲ့ ဆောင့်ထားတာ အသက်ရှုလို့တောင် အဆင်မပြေဘူးလို့ ပြောတယ်” လို့ ဦးစိုင်းလုံက တွေ့မြင်ခဲ့ရပုံကို ပြန်ရှင်းပြပါတယ်။
မူလက ဦးအိုက်ကျိန်ကို လွှတ်ပေးမယ်လို့ ကျိုင်းတုံ အုပ်ချုပ်ရေးမှူးကတဆင့် ကြားသိရတဲ့အတွက် SNLD တာဝန်ရှိသူတွေ ကျိုင်းတုံ မြို့နယ်ရဲစခန်းကို သွားရောက် စောင့်ဆိုင်းခဲ့ကြတာဖြစ်ပြီး ရဲစခန်းက ဦးအိုက်ကျိန်ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့ဝင်တွေကို ရိက္ခာထောက်ပံ့မှု၊ ဆက်ကြေးပေးမှု စတာတွေနဲ့ အရေးယူထားကြောင်း သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဦးအိုက်ကျိန်နဲ့ ဆက်သွယ်တယ်ဆိုတဲ့ RCSS/SSA အဖွဲ့ဟာ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်တွေမှာ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်သလို အစိုးရရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းမှာလည်း ပါဝင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဒါ့အပြင် RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာလည်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။
“အိုက်ကျိန်ကို စဖမ်းကတည်းက စစ်တပ်က ရိုက်နှက်ပြီး ဖမ်းသွားတာ၊ တောထဲမှာ တည နှိပ်စက်တယ်၊ နောက် တပ်မှာခေါ်ပြီး ထပ်နှိပ်စက်တယ်လို့ သိရတယ်။ ဒီဒေသမှာ ရှိတဲ့လူတွေက SSA မှ မဟုတ်ဘူး။ ဘယ်တပ်ဖွဲ့လာလာ ပေးနေကြရတာပဲ၊ ဟိုတနေ့ကပဲ အိုက်ကျိန်ကို ဖမ်းသွားတဲ့ တပ်မတော်က စစ်သားတွေက အိုက်ကျိန်အိမ်ကနေ ကြက်တကောင် တောင်းတယ်၊ ပေးလိုက်တာပဲလေ” လို့ ဦးစိုင်းလုံက ထပ်ပြောပါတယ်။
SNLD ပါတီအနေနဲ့ အမှုအဖွင့်ခံထားရတဲ့ ဦးအိုက်ကျိန်နဲ့ ပတ်သက်ပြီး တရားရေးအရ ကူညီဆောင်ရွက်မှုတွေ ပေးမှာဖြစ်သလို ကျန်ရစ်ခဲ့တဲ့ မိသားစုရဲ့ စားဝတ်နေရေးတွေကိုလည်း ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် UPWC နဲ့ အကြောင်းကြားသင့်တဲ့ အဖွဲ့အစည်းတွေကိုလည်း တင်ပြသွားမယ်လို့ SNLD က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်ပေးပြီး မတရားအသင်းအဖွဲ့နဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီး ထောင်ချခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီ တချို့က အစိုးရကို ၂၀၁၃ ခုနှစ်ထဲမှာ တင်ပြတောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် အစိုးရက တုန့်ပြန်မှုတွေ မရှိသေးပါဘူး။
အကျဉ်းထောင် တွေထဲမှာ ပုဒ်မ ၁၇/၁ နဲ့ အကျဉ်းကျနေသူ ၅၀ ဦးထက်မနည်း ရှိနေသေးပြီး ငြိမ်းချမ်းရေး တည်ဆောက်နေတယ်ဆိုတဲ့ အစိုးရအနေနဲ့ အတိုက်အခံအဖွဲ့စည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် မတရားအသင်းအဖြစ် သက်မှတ်နေတာတွေ ဖျက်သိမ်းသင့်ပြီး ပုဒ်မ ၁၇/၁ ကို ဆက်လက် ကိုင်ဆွဲနေတာဟာ အစိုးရရဲ့ စေတနာနဲ့ သဘောထားကို ထင်ဟပ်နေကြောင်း အကျဉ်းသား စောင့်ရှောက်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။