အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွာသွားသူများ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားမှုကို စိစစ်ပေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ကြီး ဦးခင်ရီက ပြောသည်။
ဝန်ကြီး ဦးခင်ရီက “လျှောက်ထားတဲ့ လူတွေ ရှိပါတယ်။ အစိုးရကလည်း စစ်ဆေးပေးနေပါတယ်။ နိုင်ငံသား ပြန်လျှောက်သူတွေကို ဝန်ကြီးဌာန ၃ ခုက နေပြီးတော့ ပြန်လည်စစ်ဆေးပါတယ်။ စစ်ဆေးပြီးတာကို နိုင်ငံတော်သမ္မတဆီကို တင်ပါတယ်။ တင်တာကို သမ္မတကနေ ပြန်လက်ခံဖို့ ချပေးပါတယ်။ ချပေးတာနဲ့ မပြီးသေးပါဘူး။ သူလုပ်ကိုင်ရမယ့် အဆင့်တွေ ထပ်လုပ်ရမှာတွေ ရှိပါတယ်” ဟု ရန်ကုန်မြို့တွင် မေလ ၇ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
နိုင်ငံရေး လှုပ်ရှားခဲ့သူများအပြင် ပညာရေး၊ လူမှုရေး စသည်တို့ကြောင့် ပြည်ပသို့ ထွက်ခွာခဲ့သူများလည်း နိုင်ငံသား ပြန်လည်လျှောက်ထားမှုများ ရှိသည်ဟု သိရသည်။
နိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားမှုကို ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီသာ လက်ခံဆောင်ရွက်ကြောင်း၊ နှစ်နိုင်ငံသားခံယူခွင့် မပြုသည့်အတွက် တဖက်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံသားအဖြစ် ပြန်လည် လက်ခံရာတွင် လျှောက်ထားသူ အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာစဉ် မည်သူ့ကိုမှ ထိခိုက်နစ်နာစေခဲ့ခြင်း၊ မူခင်းတစုံတရာ ကျန်ရှိစေခဲ့ခြင်းများ ရှိ၊ မရှိ စစ်ဆေးရကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက လက်ရှိတွင် နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူ စုစုပေါင်း ၁၃၈ ဦးရှိပြီး လျှောက်ထားသူ ၄၃ ဦးကို သမ္မတမှ လက်ခံရန် ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ၂၂ ဦးကို နိုင်ငံတော်အဆင့်သို့ ထပ်မံတင်ထားကြောင်း၊ ကျန်ရှိသည့် ၇၃ ဦးကိုမူ သက်ဆိုင်ရာ ဝန်ကြီးဌာန ၃ ခုဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနတို့မှ စစ်ဆေးနေကြောင်း ဧရာဝတီသို့ ပြောသည်။
“နိုင်ငံတော်အဆင့်ကနေ ခွင့်ပြုပြီးပြီဆိုရင် လျှောက်ထားသူက လက်ရှိနိုင်ငံသား ဖြစ်နေတဲ့ နိုင်ငံကနေ နိုင်ငံသားအဖြစ် စွန့်ကြောင်း သူတို့နိုင်ငံက ထောက်ခံချက်၊ သူတို့နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးရဲ့ ထောက်ခံချက်ကို တောင်းယူရပါမယ်။ ပြီးရင် ဒီနိုင်ငံသားအနေနဲ့ ဥပဒေအတိုင်း ပြန်လည် ယူပါတယ်။ လိမ်ညာယူတာ မရှိပါဘူး။ လိမ်ညာယူရင် အရေးယူခံပါမယ်ဆိုတဲ့ ကျမ်းကျိန်ပေးရပါမယ်။ ဒီလိုလုပ်ပေးပြီးမှ နိုင်ငံသားကတ်၊ သူနောက်ဆုံးကိုင်ခဲ့တာကို ပြန်ထုတ်ပေးပါမယ်။ နောက်ဆုံးကိုင်တာက ၃ ခေါက်ချိုးကတ် ဆိုလည်း အဲဒါပဲ ပထမတော့ရမယ်။ ပြီးမှ လက်ရှိဟာကို ပြန်ထုတ်မယ်” ဦးမောင်မောင်သန်းက ဆက်ပြောသည်။
နိုင်ငံသား ပြန်လည်လျှောက်ထားသည့် ကိုမိုးသီးဇွန်က “သူတို့က နိုင်ငံရေးမှာ အတူပါဖို့ ပြောပေမယ့် နိုင်ငံသားဖြစ်ဖို့ လျှောက်တာမှာကျတော့ မိဘက နိုင်ငံရေး ကင်းရမည်၊ ကိုယ်တိုင်လည်း ကင်းရမည်တွေပါတာ နားမလည်ဘူး။ နောက်တခုက အုပ်စုတွေ ခွဲတာတွေလည်း ရှိတယ်။ ဒါတွေက အခက်အခဲဖြစ်နေတယ်။ ကိုယ်က နိုင်ငံရေး လုပ်ခဲ့တာလေ။ သူတို့ရဲ့ ဖိနှိပ်မှုအတွက် နိုင်ငံရေး လုပ်ခဲ့သူဆိုတော့ ခက်နေတယ်” ဟု ဆိုသည်။
ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကမူ “ပြန်လျှောက်သူကို နိုင်ငံရေးကင်းရှင်းကြောင်း မေးတာ မရှိပါဘူး။ နားလည်မှုလွဲတာ နေပါမယ်။ ပြစ်မှုကင်းရှင်းကြောင်း မေးတာရှိတယ်။ ဒါကလည်း ဒီမှာ လူသတ်ထွက်ပြေး၊ ပြန်လာတာတွေ ရှိမှာစိုးလို့ပါ။ နစ်နာသူတွေ ရှိမယ်။ ငွေတွေလိမ်၊ ထွက်ပြေးတာတွေ ရှိတယ်။ ဒါတွေကြောင့်ပါ။ နိုင်ငံရေးလုပ်လို့ သွားသူကို မလျှောက်ရတာ မရှိပါဘူး။ မပေးတာလည်း မရှိပါဘူး” ဟု ပြောသည်။
နိုင်ငံသား ပြန်လည်ဖြစ်ခွင့် လျှောက်ထားရာတွင် အဆင့်ဆင့် လုပ်ဆောင်ရခြင်းမှာ လျှောက်ထားသူကြောင့် ထိခိုက်နစ်နာမှု ရှိ၊ မရှိနှင့် လျှောက်ထားရာတွင် တဖက်နိုင်ငံမှ နိုင်ငံသားအဖြစ် ပြန်လည် စွန့်ခြင်း ရှိ၊ မရှိကို စစ်ဆေးရသည့်အတွက် အချိန်တိုအတွင်း လုပ်ဆောင်၍ မရကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရကြောင်း၊ သက်ဆိုင်ရာ နိုင်ငံမှလည်း စစ်ဆေးမှုများရှိကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။
ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် ဥက္ကဋ္ဌ မခင်ဥမ္မာက “လက်ရှိ နိုင်ငံတကာမှာ ပညာရှင် မြန်မာလူမျိုးတွေ အများကြီး ရှိနေတယ်။ အစိုးရ ပြန်လက်ခံတဲ့မူက ပွင့်လင်းဖို့ လိုတယ်။ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ဖို့ လိုတယ်။ သိက္ခာအရ လုပ်ပေးတာ မရှိတော့ ပြန်လာဖို့ခက်တယ်။ နိုင်ငံရေးစနစ် အပြောင်းအလဲမှာ နိုင်ငံတကာကို ထွက်တာတွေ ရှိတယ်။ ဒါက ဒီနိုင်ငံမှ မဟုတ်ဘူး၊ နိုင်ငံတကာမှာ ရှိတယ်။ အရှေ့တီမောလည်း ဒီလိုဖြစ်ဖူးတယ်။ ဒါပေမယ့် သူတို့က ဂုဏ်သိက္ခာရှိစွာ ခေါ်တော့ ပြန်လာကြတာ အများကြီးပဲ။ ဒီမှာက အဲဒီလို မဟုတ်ဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့လိုတယ်။ အခုက ဒါတွေ ဘာမှ မရှိတော့ ပြန်လာဖို့ ခက်နေသေးတယ်” ဟု ပြောသည်။