Politics

ဖွဲ့စည်းပုံ ပြင်ရေး စစ်တပ်လည်း တာဝန်ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားများပင် ဖြစ်ကြသော တပ်မတော်သားများ၏ တာဝန်လည်း ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့တွင် ယနေ့ ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်သည် မည်သည့်ပါတီ၊ မည်သည့် အုပ်စုအတွက်မှ မဟုတ်ကြောင်းကို ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် သေချာစွာ ပြောခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော တပ်မတော်၊ ပြည်သူလိုလားသော တပ်မတော် ဖြစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံးသည် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တာဝန်အရ ပါဝင်စေလိုကြောင်း သူက ဆက်ပြောသည်။

“တပ်မတော်ထဲမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ မွေးတုန်းကတည်းက တပ်မတော်သား မဟုတ်ပါဘူး။ နိုင်ငံသားများ အနေနဲ့ မွေးလာတာပါ။ နံပါတ် ၁ က နိုင်ငံသားတွေ ဖြစ်ပါတယ်။ နောက်တော့မှ တပ်ထဲရောက်လို့ တပ်မတော်သားတွေ ဖြစ်တာပါ။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံသားတာဝန်က နံပါတ် ၁ ဖြစ်ပါတယ်လို့ တပ်မတော်သားတွေကို သတိပေးချင်ပါတယ်။ နံပါတ် ၁ ဖြစ်တဲ့ အဓိကအကျဆုံး တာဝန်ကို မကျေပွန်ဘဲနဲ့ တခြားတာဝန်ကို ဘယ်လို ကျေပွန်နိုင်မှာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြပါလို့ ကျမအနေနဲ့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် တိုင်းရင်းသားမျိုးစုံဖြင့် ပြည်ထောင်စုနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ အေးချမ်းနိုင်ရေးအတွက် တန်းတူညီမျှမှုသည် အခြေခံ လိုအပ်ချက် ဖြစ်လာကြောင်း၊ တန်းတူညီမျှမှု မရှိအောင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံကို အမှန်တကယ် ငြိမ်းချမ်းရေး ပေးနိုင်မည်လားဟု မေးခွန်းထုတ်စရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်သင့်သော အချက်များ အသေးစိတ်ကို အများအတွက် ထုတ်ပြန်ပေးထားပြီး ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အမှန်တကယ် စိတ်ဝင်စားမည်ဆိုလျှင် ရယူနိုင်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြောဆိုနေရခြင်းသည် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှု မရှိသည့်အပြင် စတင်ရေးဆွဲ စဉ်ကတည်းက တဦးတယောက်၏ သဘောဆန္ဒ၊ အလိုကျရေးဆွဲထားသော ဥပဒေဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုပါပွဲတွင် တက်ရောက်လာသော ပြည်သူများကို ပြောကြားခဲ့သည်။

“ဒီဥပဒေက စရေးဆွဲထဲက ကျနော်တို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ရေးဆွဲတာ။ ကျနော်တို့က အခု လူတဦးတယောက်ကို ရည်ညွှန်းရေးဆွဲတဲ့ အခါကျတော့ ဒီမိုကရေစီမူနဲ့ မကိုက်ညီလို့၊ ဆန့်ကျင်နေလို့ ပြောတဲ့အခါကျတော့ တဦးတယောက်အတွက် ပြောတယ်လို့ စွပ်စွဲတယ်။ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပွဲသို့ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၊ ရန်ကုန်လူထုတချို့ အပါအဝင် အင်အား ၄ သောင်း ဝန်းကျင် တက်ရောက်ခဲ့ကြပြီး ပွဲကျင်းပစဉ်အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို သဘောတူညီသော ပြည်သူများ၏ လက်မှတ်များကိုလည်း ကောက်ခံခဲ့ကြသည်။

NLD သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှု မရှိသော ဥပဒေများကို ပြင်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ပြောင်းလဲမှုများ ပြုလုပ်ရန်မှာ ဒေါ်အောင်ဆန်းစုကြည် အပြင် ပြည်သူလူထု အားလုံး၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်ကြောင်း ပန်းတနော်မြို့နယ်၊ ကျခတ်တောကျေးရွာမှ တက်ရောက်လာသော လယ်သမား ကိုထွန်းလှိုင်က ပြောသည်။

“မပြင်ချင်ဘူးဆိုတာက လူတစုကပဲ မပြင်ချင်တာပါ။ လူအများစုကတော့ ပြင်ချင်ကြတာပဲ။ စစ်အာဏာရှင် စနစ်ကို ခံလာရတာ ကြာတော့ မခံနိုင်ကြတော့ဘူးလေ။ အဲဒီအတွက် မပြင်၊ ပြင်အောင်ကတော့ လုပ်ရတော့မှာပေါ့။ အေးအေးဆေးဆေးနဲ့ ပြင်မပေးရင် ပူပူဆူဆူနဲ့ ပြင်ရတော့မှာပေါ့။ ဒါပဲရှိတော့တယ်” ဟု အဆိုပါပွဲသို့ တက်ရောက်လာသော မြန်အောင်မြို့နယ်၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာမှ လယ်သမား ဦးနေဝင်းက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading