သတင်း

တောင်တရုတ် ပင်လယ်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရန် အာဆီယံ တိုက်တွန်း

This article has been converted from Zawgyi One to Unicode

တရုတ်နှင့် အာဆီယံ နိုင်ငံတချို့ကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော တောင်တရုတ်ပင်လယ်ပြဿနာသည်  တင်းမာမှု ပိုမိုမြင့်တက်လာသည့်အတွက် အထူးစိုးရိမ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာကြရန်  ယနေ့နေပြည်တော်တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ယင်းသို့ တိုက်တွန်းလိုက် ခြင်းဖြစ်ပြီး ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေကို လိုက်နာ ရန် လည်း တိုက်တွန်းပြောဆိုလိုက်သည်။

“နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပွဲမှာ ဒီတောင်တရုတ်ပင်လယ် အငြင်းပွားမှု ကိစ္စကို အထူးစိုးရိမ်ဖွယ်ရာ အဖြစ် ဆွေးနွေးခဲ့ပါတယ်။ ဒီအငြင်းပွားမှုမှာ ပါဝင်ပတ်သတ်နေတဲ့ နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်း ကြဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဍမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီး ကျင်းပသော  သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

တောင်တရုတ်ပင်လယ် အရေးကို ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေအရ နိုင်ငံတကာ က လက်ခံထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူအားလုံး လိုက်နာ ပြီး ယင်းနယ်မြေ ဧရိယာ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အင်အားသုံး ခြိမ်းခြောက်သည့် အပြု အမူ မျိုး မလုပ်ဘဲ ငြိမ်းချမ်းသည့် နည်းလမ်းမျိုးဖြင့် ဖြေရှင်းရန် အကြံပြု ပြောဆိုထားသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တောင်တရုတ် ပင်လယ်အရေးကိစ္စနှင့်ပတ်သက်၍ ရေကြောင်း ၊ လေကြောင်း လွတ်လပ်မှုနှင့် ပင်လယ်နှင့် ရေကြောင်း လုံခြုံရေးတို့ကို ငြိမ်းချမ်းစွာ ထိန်သိမ်း နိုင်ရေး သည် အရေးကြီးကြောင်းကို အခိုင်အမာ ထပ်မံ အတည်ပြုခဲ့ကြသည်။

အပြန်အလှန် ယုံကြည်မှု ပတ်ဝန်းကျင်ကို ဖန်တီးရန် ထိရောက်သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ပါဝင်သူ အားလုံးက တောင်တရုတ် ပင်လယ်ပိုင်ဆိုင်မှု ပြဿနာ ပြေလည်ရေး အပြည့်အ၀ ပါဝင် ဆောင်ရွက်ရန် နှင့် ယင်းပြဿနာ ပြေလည်ရန် လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း စည်းကမ်းများ မြန်မြန် အပြီးသတ်နိုင်ရေး အားလုံး ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ယနေ့ ထုတ်ပြန်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Loading