အနံ့အသက် အလွန်ဆိုးရွားပြီး မှောင်မည်းကျဉ်းမြောင်းသည့် အခန်းအတွင်းရှိ ခုတင်ပေါ်တွင် အဝတ်အစား ညစ်ပတ် ပေရေနေ သော ကလေးငယ်များ ဆော့ကစား နေကြသည်ကို တွေ့ရသည်။
ကလေးငယ်များ၏ အခန်းသည် အလွန်ကျဉ်းမြောင်း၏သဖြင့် နှစ်ထပ်ခုတင်ဖြင့် ထားရသည်ကို တွေ့ရသည်။ ကလေးငယ်များ၏ အဆောင်ကို ယောက်ျားလေး အဆောင်နှင့် မိန်းကလေး အဆောင်ဟူ၍ ခွဲခြားထားသည် ကိုလည်း တွေ့ရသည်။
ယင်းအဆောင်တွင် နေထိုင်ကြသည့် ကလေးငယ်များသည် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)အကြား ဖြစ် ပွားသည့် တိုက်ပွဲများကြောင့် ရှောင်ပြေး ခိုလှုံနေထိုင်ကြရသည့် ကလေးငယ်များ ဖြစ်သည်။ တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှ ယခုအချိန် အထိ အဆောင်တွင် နေထိုင်ကြရသူများဖြစ်ပြီး၊ ကလေးငယ် အများစုသည် တိုက်ပွဲဖြစ်ပွားလျက် ရှိသည့် ၃ နှစ်နီးပါး ကြာမြင့်ချိန် ကာလအထိ ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံနိုင်ခြင်း မရှိကြသေးကြောင်း သိရသည်။
အသက် ၆ နှစ် အရွယ် မူလတန်းကျောင်းသူ မဘောက်ခွမ်က “အနု၊ အဝ (အဖေ၊ အမေ) ကို တွေ့ချင်တယ်၊ အနု၊ အဝ ဘယ်ရောက်နေလဲ မသိဘူး။ ဒီကိုလာဖို့ လမ်း နှစ်ရက် လျှောက်လာရတယ်”ဟု ငိုရှိုက်ပြောဆိုသည်။
အဆိုပါ ကလေးငယ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီးရှိ လွယ်ကန်ကျေးရွာ အတွင်းမှ ထွက်ပြေးလာသည့် ကလေးငယ်များ ဖြစ်ကြပြီး အသက် ၁၀ နှစ် အရွယ်အထိ ရှိသည်။
ကလေးငယ်များသည် ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့နယ် ပါထောင်ဒုက္ခသည် စခန်းရှိ အဆောင်များတွင် နေ ထိုင် ကြရပြီး မူလတန်းအရွယ် ကလေးငယ် ဦးရေ စုစုပေါင်း ၂၀ဝ ကျော် တွေ့ရသည်။
ကလေးငယ်များ နေထိုင်သည့် အဆောင်အခန်း ထဲတွင် အိမ်သာနှင့်ရေချိုးခန်းများပါ အတူတွဲထားသဖြင့် အနံ့အသက်များ အလွန် ဆိုးရွား လျက်ရှိပြီး ယင်ကောင်ကြီးများ တဝီဝီ ပျံသန်းလျက် ရှိသည်ကိုလည်း တွေ့မြင်ရသည်။
ကလေးငယ်များကို ကြည့်ရှုစောင့်ရှောက်ပေး နေသည့် ပါထောင် ဒုက္ခသည်စခန်း အဆောင်မှူးနှင့် ဆရာမဖြစ်သူ ဒေါ်နူးတောင်က “ကလေးတွေက အခုထိ မိဘတွေနဲ့ ပြန်မတွေ့ရ သေးဘူး။ တချို့တော့ အဆက်အသွယ် ရတယ်။ အများစု ကတော့ မိဘနဲ့အဆက် အသွယ်မရကြဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ကလေးငယ်များသည် စခန်းရှိ အဆောင်တွင် နေရစဉ် ကာလပတ်လုံး ဝတ်စရာ အဝတ်အစား ၄ စုံ၊ ၅ စုံသာ ရှိသဖြင့် ၎င်းတို့၏ အဝတ်အစားများသည် ညစ်ထေး ပေါက်ပြဲနေပြီး အေးခဲသည့် ရာသီချိန်တွင် နေ့စဉ် ရေမချိုးခြင်း၊ တကိုယ်ရေသန့်ရှင်းမှု အားနည်း သဖြင့် ညစ်ပတ်နေသည်။ မျက်နှာများတွင် နှင်းပက်၍ အက်ကွဲ နေပြီး နှပ်ချေးခြောက်များ ကပ်နေခြင်း၊ ခြေသည်း လက်သည်းများ အကြားတွင် ချေးအထပ်ထပ်ဖြင့် မည်းညစ် နေခြင်း တို့ကို မြင်ခဲ့ရသည်။
“သူတို့တွေက အရမ်းငယ်လွန်း အားကြီးတော့ ဒီနေရာကို ဘာလို့ ရောက်လာကြလဲဆိုတာ သေချာ မသိကြဘူး။ ပျော်ပွဲစား ခရစ္စမတ်ပွဲ လာပြီး ကျင်းပနေကြရတယ်လို့ ထင်နေကြတယ်။ ကလေးတွေကို သနားလည်း သနားမိတယ်။ ကလေးတွေ များတော့ သူတို့ ကျန်းမာရေး အတွက်လည်း သေချာလိုက် မကြည့် နိုင်ဘူး။ စားသောက်ဖို့၊ စာသင်ကြား ပေးဖို့ ကလည်း တော်တော်ခက် နေ တယ်”ဟု ဆရာမ ဒေါ်နူးတောင်က ဆိုသည်။
အဆောင်နေ ကလေးငယ်များကို နံနက် ၇ နာရီတွင် ထမင်းတကြိမ် ကျွေးပြီး ညနေ ၅ နာရီတွင် တကြိမ် ကျွေးကြောင်း သိရသည်။ ကလေးငယ်များသည် အစားအသောက် စားကြရာတွင် ရွေးချယ်ခွင့် မရှိဘဲ ဟင်းရည်သောက်ချက်ကျွေးပါက စွန်တန်၊ ပဲဟင်းရည် များသာ စားသောက်ရသည်ကို တွေ့ရသည်။
“ကလေးတွေကို တနေ့ထမင်းနှစ်နပ်သာ ကျွေးနိုင်တယ်၊ အရွက်နဲ့ ဟင်းရည်ပဲ ကျွေးနိုင်ပါတယ်။ အသားဟင်းကတော့ တလမှ နှစ်ကြိမ်သာ ကျွေးနိုင်တယ်”ဟု ဆရာမ ဒေါ်နူးတောင်က ပြောသည်။
ကလေး အများစုသည် အစာအိမ် ရောဂါ ဖြစ်နေကြကြောင်း၊ မိုးရာသီနှင့် ဆောင်းရာသီများ၌ ငှက်ဖျားရောဂါ၊ အအေးမိရောဂါ၊ ဝမ်း ပျက်ရောဂါများ အပြင် အာဟာရ မပြည့်ကြသည့် အတွက် ကိုယ်ခန္ဓာ အားနည်းပြီး မကြာခဏဆိုသလို နေမကောင်း ဖြစ်နေကြကြောင်း ၎င်းကဆိုသည်။
“ကလေးတွေကို စာသင်ရတာ သိပ် အဆင်မပြေဘူး၊ သူတို့တွေက ဒီမှာ စာသင်နေတာကို ကျောင်းလာတက်တယ်လို့ မယူဆဘူး။ အိမ်ပြန် စာပြန်သင်ရမယ်လို့ပဲ တွေးကြတယ်”ဟု ဒေါ်နူးတောင်က ပြောသည်။ ကလေးငယ်များ အတွက် အဝတ်အစားများ၊ ကျောင်းသုံး ပစ္စည်းများလည်း လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ဘေးရှောင် ပြေးလာရင်း ဒုက္ခသည်စခန်းရှိ အဆောင်တွင် နေထိုင်နေရသည့် အသက် ၁၀ နှစ် အရွယ် သုံးတန်း ကျောင်းသူ မရွယ်ဒင်က “အခုထိ အနူနဲ့အဝကို မတွေ့သေးဘူး၊ သူတို့ကိုတွေ့ချင်တယ်။ အဆက်အသွယ်လည်း မရဘူး။ ဒီမှာနေရတာ မပျော်ဘူး” ဟု မျက်ရည်ဝဲကာ ပြောသည်။
လွန်ခဲ့သည့် နှစ်နှစ်ကျော် ကျောင်းတက်နေချိန်တွင် သေနတ်သံကြောင့် ကျောင်းဆရာမနှင့် အတူ ထွက်ပြေးလာသည် ကိုသာ ယခုအထိ မျက်စိထဲတွင် မှတ်မိနေသေးကြောင်း၊ စစ်သားများကိုလည်း ကြောက်ရွံ့ကြောင်း၊ ရွာပြန်ပြီး ကျောင်းပြန် တက်ချင်ကြောင်း၊ မိဘနှင့် မောင်နှမများကို လွမ်းကြောင်းနှင့် အဆောင်တွင် နေရသည်ကို မပျော်ရွှင်ကြောင်း မရွယ်ဒင်က ငိုရှိုက်လျက်ပြော ပြ သည်။
အဆောင်တွင် နေထိုင်ကြသည့် ကလေးငယ် တချို့သာ မိဘနှင့် အဆက်အသွယ် ရရှိသော်လည်း မိဘများက ကလေးများကို လာ ရောက်တွေ့ဆုံနိုင်ခြင်း မရှိကြသေးကြောင်းနှင့် ကလေးငယ်တချို့၏ မိဘများသည် တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း ဆရာမ ဒေါ်နူးတောင်က ပြောသည်၊
ထို့အပြင် တချို့မိဘများသည် လမ်းစရိတ် မရှိသဖြင့် မိမိတို့၏ ကလေးငယ်များကို လာရောက် မတွေ့ဆုံ နိုင်ကြကြောင်း သိရသည်။
ပါထောင်စခန်းတွင် လုံခြုံရေး တာဝန်ယူနေသူ ဦးနော်ဆန်းက“ကျနော်တို့ စခန်း တာဝန်ခံတွေကတော့ စစ်သားဝတ်စုံနဲ့ စစ်ပစ္စည်း ဆို ကမ့်ထဲ ဝင်ခွင့် မပေးဘူး၊ ကလေးတွေက စစ်ဝတ်စုံ ဆိုရင် တော်တော်ကြောက် နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ကလေးငယ်များ၏ လုံခြုံရေးအတွက် ကမ့်အပြင် ထွက်ခြင်းကို ပိတ်ပင်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
အဆောင်တွင် နေထိုင်သည့် ကလေး ၂၀ဝ ကျော် ရှိပြီး ဆရာမ အင်အား ၁၂ ယောက်သာ ရှိသဖြင့် ကလေးများအတွက် တကိုယ် ရေ သန့်ရှင်းရေး၊ ကျန်မာရေးကိစ္စများ စောင့်ရှောက်မှုပေးရန် ပျက်ကွက်မှုများ ရှိကြောင်းနှင့် ခြင်များရှိနေသဖြင့် ငှက်ဖျားရောဂါ ဖြစ် ပွားမည်ကို ပူပန်နေရသည်ဟု ဦးနော်ဆန်းက ပြောပြသည်။
ယခု နွေရာသီ ကျောင်းပိတ်ရက် နီးလာသဖြင့် ကလေးငယ်များအတွက် အင်္ဂလိပ် သဒ္ဒါ၊ ဂီတ သင်တန်းနှင့် အခြား သင်တန်းများကို သင်ကြားပေးရန် စီစဉ်ပေးနေကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ အဆောင်တွင် မူလတန်း ကလေးငယ် များသာ နေထိုင်ကြရပြီး မူလတန်း ပညာသင်နှစ် ပြီးဆုံးပါက အလယ်တန်း ဘော်ဒါဆောင်ကို ပို့ပေးကြောင်း၊ မိုင်ဂျာယန်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းဟူ၍ ဘော်ဒါဆောင် သုံးခု ရှိကြောင်း ဦးနော်ဆန်း က ပြောသည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဘော်ဒါဆောင် သုံးခုပေါင်းတွင် ကလေးငယ်စုစုပေါင်း တထောင်ကျော် ရှိကြောင်း၊ ဘော်ဒါဆောင်တွင် နေထိုင်ကြသည့် ကလေးအများစုသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ စစ်ဘေးရှောင် ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲတွေ ဖြစ်တော့ ကလေးတွေ တသိုက်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လွယ်ကန် ကျေးရွာကနေ တောလမ်းအတိုင်း လျှောက် လာကြတာ ၂ ရက်ကြာတယ်။ စာသင်နေတုန်း ထွက်ပြေးလာကြတော့ ဘာမှမပါဘူးလေ၊ ရွာတွေရောက်မှ ရွာက လူတွေကို အကူ အညီ တောင်းပြီး နေရတယ်။ အဲဒီကနေမှ လူကြီးတွေ အစီအစဉ်နဲ့ မိုင်ဂျာယန်ကို ရောက်လာတာပါပဲ။ တောထဲမှာ လမ်းလျှောက် လာတုန်းကဆို ကလေးတွေကို သနားတယ်။ သူတို့တွေက အရမ်းငယ်သေးတယ်လေ၊ တောထဲမှာ သေနတ်သံကြားရင် ကလေး တွေက အော်ငိုကြသေးတယ်။ အဲဒီလို အဖြစ်အပျက်တွေ နောက်ထပ် မကြုံချင်တော့ဘူး”ဟု ကလေးများနှင့်အတူ စစ်ရှောင်ပြေး လာ သူ ဆရာမ ဒေါ်နူးတောင်က အတွေ့အကြုံကို ပြန်ပြောပြသည်။
ဘော်ဒါဆောင်တွင် နေထိုင်သည့် ကလေးငယ်များကို မိဘများနှင့် အဆက်အသွယ် ရအောင်ကူညီ ဆောင်ရွက် ပေးနေကြောင်း၊ ကလေးတချို့သည် မိဘများနှင့် အဆက်အသွယ် ရသော်လည်း အတူ ပြန်နေရန် အခြေအနေ မပေးသေးကြောင်း၊ တချို့ ကလေး ငယ်များသည် ဝေးလံသော နေရာများက ထွက်ပြေး ရောက်ရှိလာကြ သဖြင့် အဆက်အသွယ် ပြုလုပ်ပေးရန် ခက်ခဲနေကြောင်း လူမှုကူညီရေး အဖွဲ့ တခုဖြစ်သည့် ဝမ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင်က ပြောသည်။
အဆောင်နေသည့် ကလေးငယ် အားလုံးသည် သူစိမ်းများကို ကြောက်လန့် နေကြကြောင်း၊ မိဘရင်ခွင်ကို ပြန်ရောက်ရန် တောင့် တ နေကြပြီး မိမိတို့နေရပ်တွင် ကျောင်းပြန်တက်ချင် နေကြကြောင်း ဆရာမ ဒေါ်နူးတောင်က ပြောပြသည်။
“တိုက်ပွဲတွေ မြန်မြန်ငြိမ်းအေးပြီး ကလေးတွေနဲ့ ရွာမှာ အေးအေးချမ်းချမ်း စာပြန်သင်ချင်ပြီ”ဟု ၎င်းက တိုးတိတ် ဖြည်းလေးစွာ ပြော ဆိုသည်။
သို့သော် အစိုးရ စစ်တပ်နှင့် KIA အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် ကလေးငယ်များ၏ ဆန္ဒအတိုင်း မိဘနှင့် ပြန်လည် တွေ့ဆုံ ရေး၊ ဇာတိနေရပ်၌ အေးချမ်းစွာ ပညာပြန်သင်ကြားရေး အခြေအနေများက အလှမ်းဝေး နေဆဲဖြစ်ပါသည်။ ။