Environment

သဘာ၀ ဘေးအန္တရာယ် လျင်မြန်စွာ တုံ့ပြန်ရေး ဦးသိန်းစိန် တိုက်တွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အာဆီယံ ဒေသတွင်း နိုင်ငံများတွင် သဘာ၀ ဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရန် အတွက် အရေးပေါ် ရန်ပုံငွေတရပ် ထူထောင်ထားရှိပြီး အကူအညီပေးမှု စနစ်ထူထောင်ရန် လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က နေပြည်တော်၌ ယမန် နေ့က ကျင်းပသည့် ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားလိုက်သည်။

ယင်း အာဆီယံ ထိပ်သီး အစည်းအဝေးပွဲကို မြန်မာနိုင်ငံက ပထမဆုံး အကြိမ် မေ ၁၀ ရက်၊ ၁၁ ရက်တွင် လက်ခံကျင်းပခြင်း ဖြစ်ပြီး ဦသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က“အချိန်တိုအတွင်း ဘေးအန္တရာယ်ကယ်ဆယ်ရေး ကျွမ်းကျင်သူများ၊ ယာဉ်ပစ္စည်း ကိရိယာများကို စုစည်း အသုံး ချနိုင်တဲ့ စနစ် ၊ ပိုမို ကောင်းမွန်တဲ့ ကြိုတင် သတိပေးမှုစနစ်တွေကို အာဆီယံနိုင်ငံများ အနေနဲ့ စုစည်းထူထောင်ဖို့ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

အာဆီယံ နိုင်ငံများတွင် လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အပံ့ပေးမည့် AHA ဌာနကို ထူထောင်ထားသော်လည်း ထိရောက် စွာ တုံ့ပြန်နိုင်စွမ်း မရှိသေးကြောင်း၊ သဘာ၀ ဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်နိုင်မည့် စွမ်းရည်ကို အရေးကြီး ကိစ္စ တရပ်အနေဖြင့် ထူထောင်ကြရန် အဆိုပြုလိုကြောင်းလည်း ဦးသိန်းစိန် က ပြောဆိုသည်။

ထို့အပြင် ရာသီဥတုဒဏ်ကို ခံနိုင်မည့် လယ်ယာထွက်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် အာဆီယံ နိုင်ငံများတွင် သုတေသန ဌာန များ ထူထောင်ထားရှိပြီး အတွေ့အကြုံကောင်းများ ဖလှယ်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုနှင့်အညီ သီးနှံထုတ်လုပ်မှု ပုံစံများကို
ပြောင်းလဲနိုင်မည့်အပြင် စားနပ်ရိက္ခာ ဖူလုံရေးကိုလည်း အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း၊ ၁၉၆၀ ခုနှစ်များက အာရှဒေသ တွင် အထူးအတွက်တိုး စပါးများကို စိုက်ပျိုးနိုင်ခဲ့သဖြင့် စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးသိန်းစိန်က မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

“ယခုလို ရာသီဥတု ပြောင်းလဲမှု ဒဏ်ကိုခံရချိန်မှာ မိမိတို့ရဲ့ အသက်ရှင်ရပ်တည်နိုင်ဖို့ လယ်ယာစိုက်ပျိုးရေးမှာ တော်လှန်ရေးတရပ်
ဆောင်ကြဉ်းနိုင်မယ့် သုတေသနလုပ်ငန်းတွေကို မလွဲမသွေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ဆိုသည်။

ရာသီဥတုပြောင်းလဲမှုဒဏ်ကို စုပေါင်းဖြေရှင်းရာတွင် ဆောင်ရွက်နိုင်သည့် နည်းလမ်းတခုမှာ ပင်လယ်ကမ်းခြေဒေသများတွင် ဒီရေတောများကို စနစ်တကျ စီမံကိန်းချမှတ် ဆောင်ရွက်ရန် အဆိုပြုလိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဖန်လုံအိမ် အာနိ သင် ကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ပင်လယ်ကမ်းခြေနှင့် နီးသည့် မြေနိမ့်ဒေသများတွင် မုန့်တိုင်းများ ကျရောက်မှု ဒဏ်ကို လျှော့ချနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အာဆီယံ နိုင်ငံများအတွင်း ဒီရေတော ထူထောင်မှုကို နှစ်စဉ် ရည်မှန်းချက်များ ထားရှိပြီး လုပ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်”ဟု
ဦးသိန်းစိန်က ဆိုသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် လွန်ကဲသော ရာသီဥတုများ အာဆီယံနိုင်ငံများသို့ နှစ်စဉ် အရေအတွက် များပြား စွာ ကျရောက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလကလည်း မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်နှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel တို့သည် သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေး ဒေသတွင်းနိုင်ငံများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

အမေရိကန်၏ အာရှပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒသစ်အရ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် အမေရိကန်ကာကွယ်ရေး ဝန်ကြီး တို့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း ဟိုနိုလူလူတွင် တွေ့ဆုံခြင်း ဖြစ်ပြီး ဆူနာမီ၊ တိုင်ဖုန်း သတိပေးချက်၊ ပင်လယ်ရေ အတက် အကျ စောင့်ကြည့်ရေး စသည့် သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ
သွားရောက် လေ့လာခဲ့ကြသည်။

မြန်မာ အစိုးရသည် ၂၀၀၈ ခုနှစ်က လူပေါင်း တသိန်း သုံးသောင်း ကျော် သေဆုံးခဲ့သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း တိုက်ခတ်မှုတွင် လျင်မြန်ထိရောက်သော ကာကွယ်လုပ်ဆောင်မှုများ မရှိခဲ့သည့်အပြင် နိုင်ငံတကာ အကူ အညီပေးရေး အဖွဲ့များကိုပါ တားဆီးပိတ်ပင်မှုများ ပြုလုပ်ခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading