ဧရာဝတီတိုင်းတွင် စစ်တပ်၊ အစိုးရဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက ကုမ္ပဏီများက သိမ်းဆည်းခဲ့သော မြေဧက ၅ သောင်း ကျော်ကို ပြန်လည်စွန့်လွှတ်လိုက်ရာ ယင်းမြေများအနက်မှ လယ်ဧက ၃ သောင်း ၅ ထောင်ကျော်ကို ဧရာဝတီတိုင်း အစိုးရက လယ်သမားများထံ ယာယီ လုပ်ကိုင်ခွင့်ချထားပေးလိုက်ကြောင်း သတင်းရရှိသည်။
ဧပြီလ ၁၁ ရက်နေ့ ၊ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်တွင် ကျင်းပသော တောင်သူလယ်သမားများသို့ သိမ်းဆည်း မြေတချို့ ပြန်လည်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ပိုင်ရှင်အမည်ပေါက် လယ်မြေများကို သက်ဆိုင်ရာ မူလပိုင်ရှင် လယ်သမားများထံသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော မြေများကို ယာယီ လယ်မြေလုပ်ကိုင်ခွင့် ချထားကာ ပိုင်ဆိုင်မှု ဆက်လက်စိစစ်၍ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင် အပါအဝင် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် လယ်သမား ၂၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
“ယခင်ခေတ်က နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီးတော့ လယ်ယာမြေ၊ မြေလွတ်မြေရိုင်းတွေကို တပ်မတော်နဲ့ အဖွဲ့အစည်း အသီးသီးက သိမ်းယူပြီးဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အဲ့လို ဆောင်ရွက်ရာမှာ တချို့လုပ်ငန်းတွေက ဆောင်ရွက် နိုင်တာ ရှိသလို တချို့လုပ်ငန်းကလည်း မဆောင်ရွက်နိုင်တာတွေရှိပါတယ်။ မဆောင်ရွက်နိုင်တာကို နိုင်ငံတော်က စီမံချက်ချ ပြီး တောင်သူလယ်သမားများကို ပြန်လည်ပေးအပ်နေပါတယ်။ ဒီလိုပေးအပ်ခြင်းက တောင်သူလယ်သမား များရဲ့ ဆင်းရဲမှုလျှော့ချဖို့ကို အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် က ပြောသည်။
ဧရာဝတီတိုင်းရှိ သိမ်းဆည်းမြေ များ ပြန်လည်စွန့်လွှတ်ပေးအပ်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဧရာရွှေဝါကုမ္ပဏီနှင့် ငွေပင်လယ်ကုမ္ပဏီ အပါအဝင် အဖွဲ့အစည်းအသီးသီးက ပြန်လည်စွန့်လွှတ်သည့်မြေဧကပေါင်း ၅၀၇၁၁ ဧကရှိကြောင်း၊
စွန့်လွှတ်မြေများအနက် ၁၀၇၆ ဧကကို မူလပိုင်ရှင် လယ်သမား ၁၅၈ ဦးထံ အပြီးအပြတ် ပြန်လည် လွှဲပေးလိုက်ပြီး လယ်သမားများအကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော မြေ ၃၅၃၃၀ ဧကကို ဧရာဝတီတိုင်းရှိ ခရိုင် ၆ ခုမှ လယ်သမား ၃၈၅၉ ဦး ကို ယာယီလုပ်ကိုင်ခွင့် ချထားပေးကြောင်း၊ ယာယီလုပ်ကိုင်ခွင့်ချထားပေးသည့် လယ်မြေ များတွင် ဧရာရွှေဝါ ကုမ္ပဏီမှ နိုင်ငံတော်သို့ ပြန်အပ်ထားသည့်မြေ ၂၈၇၀၅ ဧကပါဝင်ပြီး ဧရိယာ ပမာဏ အများဆုံး ဖြစ်ကြောင်း သိရှိရသည်။
“ယာယီလုပ်ကိုင်ခွင့်ပေးတယ်ဆိုတာက လယ်ကွက်တကွက်ကို ပိုင်ရှင်က ၃ ဦး ၄ ဦးဖြစ်နေတယ်။ သူရထိုက်တယ် ငါရထိုက်တယ်ဆိုတာကို မြေယာမှုခင်းဖွင့်လှစ်ပြီးစစ်ဆေးနေတယ်။ စစ်ပြီး ဆုံးဖြတ်ချက် ကျလာတာနဲ့ အဲဒီလူကို အတည်ပေးမယ်။မြေယာမှုခင်း စစ်ဆေးဆဲကာလမှာတော့ နိုင်ငံတော်ရဲ့ လယ်ယာကုန်ထုတ်လုပ်မှုမလျော့ကျအောင် ယာယီလုပ်ကိုင်ခွင့် ချထားပေးခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းအစိုးရသည် စွန့်လွှတ်မြေဧကစုစုပေါင်း၏ ၇၁ ဒသမ၇၉ရာခိုင်နှုန်းကို လယ်သမားများထံ ပေးအပ်ပြီးဖြစ်ကာ မြေဧက ၁ သောင်း ၃ ထောင်ကျော်မှာ အငြင်းပွားဖွယ်ရာကိစ္စများ၊ စားကျက်မြေများဖြစ်နေခြင်းကြောင့် ပေးအပ်ရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ဧရာဝတီတိုင်းအတွင်း ဧကပေါင်း ၉၅၅၄ ဒသမ ၉၁ ဧက စွန့်လွှတ် ထားပြီး ယမန်နေ့ အခမ်းအနားတွင် ၂၆၈၂ ဒသမ ၄၃ ဧကကို မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရ သည်။
“အခုလို သိမ်းဆည်းမြေတွေ ပြန်ပေးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် ဒီပြဿနာက အကြီးကြီးပဲ။ အခုလို ပြန်ပေး ခြင်းဟာ ပြဿနာ အကြီးကြီး ရဲ့ တစိတ်တဒေသကိုဖြိုဖျက်ခြင်းလို့ပဲ ယူဆတယ်။ ဆက်ပြီး ဖြေရှင်းပေးဖို့ လိုပါသေးတယ်”ဟု ပန်းတနော် မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမန်းသက်တင်က ပြောသည်။
သိမ်းဆည်းမြေ စွန့်လွှတ်ပွဲ အခမ်းအနားတွင် လယ်မြေ အသိမ်းခံရပြီး လုံး၀ ပြန်လည်ရရှိခြင်းမရှိသေးသည့် ပန်းတနော် မြို့နယ်မှ လယ်သမားတချို့ တက်ရောက်ခဲ့ပြီး လယ်မြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ထံ တင်ပြခဲ့ကြသည်။
“ကျနော်တို့လယ်တွေကို လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင်က ၂၀၀၃ခုနှစ်မှာ သိမ်းသွားခဲ့တာ။ တဧကကို ၄၅၀၀ ပေးတယ်။ ပိုက်ဆံ ယူယူ မယူယူ လယ်တွေကို ဘူဒိုဇာနဲ့ဝင်ထိုးပြီး ငါးကန်တွေ တူးပစ်တယ်။ တကယ်တမ်းကျတော့ စနစ်တကျငါးမွေးတာက ဧကနည်းနည်းပဲ။ ကျန်တာက ဘာငါးမှ မမွေးဘဲ လယ်တွေကိုဒီအတိုင်းပစ်ထားတာ။ အဲဒီ အကြောင်း ကို ဒုသမ္မတဆီတင်ပြခဲ့တယ်။ ဒုသမ္မတကလည်းဥပဒေအရ ဖြေရှင်းပေးမယ်လို့ ပြောပါတယ်”ဟု ပန်းတနော် မြို့နယ်၊ အိုးဘိုအုပ်စု၊ ချောင်းဖျားကြီးကျေးရွာမှ ကိုဝင်းနိုင်က ပြောသည်။
ပန်းတနော်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စုအနီးတဝိုက်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးငြိမ်းမြိုင် သိမ်းယူထားသည့် လယ်ဧက ၁၂၀၀ ကျော်ရှိပြီး ယင်းကိစ္စကိုမြို့နယ်၊ ခရိုင်၊ တိုင်းစသဖြင့် အာဏာပိုင်အဆင့်ဆင့်ကို တင်ပြထား သော်လည်း ယနေ့တိုင်ပြန်မရသေးကြောင်း လယ်သမားများက ပြောသည်။