အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက ထိပ်သီးညီလာခံကြီးကို အောင်အောင်မြင်မြင် လက်ခံကျင်းပနိုင်ခဲ့ပြီး ဒေသတွင်း ဆိုင်ရာ ပြဿနာများကို ပြောကြားသွားခဲ့တာ နှစ်ထောင်း အားရမိပါတယ်။
ဒါမျိုး ဖြစ်သင့်နေတာ ကြာပါပြီ လို့လည်း စိတ်ထဲက လက်ခမောင်း ထခတ်မိကာ ဒေသတွင်းမှာတော့ မြန်မာဟာ ဘယ်လို အသွေးအရောင် ရှိလဲဆိုတာ ပြနိုင်ပြီလို့ သူငယ်ချင်းတွေကို ကြွားလိုက်မိပါတယ်။
ကြွားနေရင်း တန်းလန်းမှ သမ္မတကြီးရဲ့ မိန့်ခွန်းကို ပြီးအောင် ဖတ်လိုက်ပါတယ်။ အာဆီယံ ဒေသတွင်း သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ဖို့အတွက် အရေးပေါ် ရန်ပုံငွေကိစ္စအပြင် ယာဉ်၊ ပစ္စည်း ကိရိယာများကို စုစည်းအသုံးချတဲ့ စနစ်၊ ပိုမိုကောင်းမွန်တဲ့ ကြိုတင်သတိပေးမှု စနစ်တွေအပြင် ပင်လယ်ကမ်းခြေ ဒေသများမှာ ဒီရေတောတွေ စနစ်တကျ စီမံကိန်းချ ပြန်စိုက်ဖို့ လိုကြောင်းကိုပါ ဖတ်ရတော့ တော်တော် အမြှော်အမြင်ရှိတဲ့ ခေါင်းဆောင်ပဲလို့ တွေးတောလိုက်ရင်း ပြုံးလိုက်မိပါတယ်။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးကိုတော့ ကြိုတင် သတိပေးနိုင်ခြင်း မရှိခဲ့သလို ပြည်ပက အကူအညီပေးမယ့် အဖွဲ့အစည်းတွေ ခေတ်မီ စက်ကိရိယာတွေ၊ နည်းပညာတွေကိုတောင် စစ်အစိုးရက ငြင်းပယ်ခဲ့တာကို ပြန်တွေးလိုက်မိပါတယ်။
အဲဒီလို ဒုက္ခငရဲတွေ ရောက်သူပေါင်း သိန်းနဲ့ချီ သေနေချိန်မှာ လယ်ကန်သင်းရိုးမှာ ဖားရှာငါးရှာ စားလို့ ပြောခဲ့သူ အခုချိန် ဘယ်ရောက်နေသလဲ။ ဒါမှမဟုတ် သမ္မတရဲ့ အကြံပေးများ ဖြစ်နေပြီလားလို့လည်း တောင်တောင်အီအီ တွေးလိုက်မိပါသေးတယ်။
ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံဖို့ပြောခဲ့တဲ့ သမ္မတကြီးက မကြာသေးမီခင်က ထူးကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးတေဇကို လူမှုထူးချွန်ဆု ပေးခဲ့တာကိုလည်း ဖြတ်ခနဲ သတိရမိပြန်သေး။
ဒါ့အပြင် ကချင်ပြည်နယ်ကို တိုင်းခန်းလှည့်လည်စဉ်က သူဌေးကြီး ဦးတေဇရဲ့ ဧည့်ရိပ်သာမှာ ရှင်းပြတာတွေ နားထောင်၊ ကျွေးမွေးတာတွေကိုစား၊ လက်ဆောင်တွေယူ ပြန်ခဲ့သော သမ္မတကြီးနဲ့ အဖွဲ့ဟာ ရာသီဥတု ပြောင်းလဲမှုဒဏ် Climate Change ကိစ္စများ၊ ဒူးတိုက် ဆွေးနွေး မှာကြားခဲ့တာတွေ ရှိ မရှိကိုလည်း ပြန်စဉ်းစားမိပြန်ပါတယ်။
ကျနော်တို့ရဲ့ တိုင်းပြည်မှာ သစ်တောတွေ ပြုန်းတီးကုန်ပါပြီ၊ ဘယ်သူတွေရဲ့ လက်ချက်လဲ။ နာဂစ် ဆိုင်ကလုန်း တိုက်တုန်းက ဒီရေတောတွေ မရှိတော့ပါ။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ကာကွယ်တားဆီးမှုတွေ မရှိခဲ့ပါ။
အခုကျတော့ ရာသီဥတု ပြောင်းလဲမှု Climate Change ကို အာဆီယံ ဥက္ကဋ္ဌကြီးက ပြောတော့ ကျနော် မေးချင်တာကတော့ “တရားခံ ဘယ်သူလဲဟေ့” ဆိုတာပဲ ဖြစ်ပါတယ်။
(ကိုအောင်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တဦးဖြစ်ပြီး ၁၉၈၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။)