အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ တပ်မတော်မှာ တာဝန်ရှိတယ်လို့ တိုက်ရိုက် သတိပေး စကားလုံးတွေနဲ့ ပြောဆိုတိုက်တွန်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆို ချက် ကို တပ်မတော် ဘက်က မနှစ်မြို့ဘူးလို့ ထုတ်ဖော် ပြောဆိုလာတာမို့ NLD နဲ့ စစ်တပ် ထိပ်တိုက်တွေ့မယ့် အခြေ အနေ ဆီ ဦးတည် လာတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
မေလ ၁၀ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မအူပင်မြို့ကို သွားရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မအူပင် ဟောပြောပွဲမှာ စစ်တပ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ တာဝန်ရှိတဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ တပ်မတော်က ဘယ်ပါတီနဲ့ ဘယ်အုပ်စုအတွက်မှ မဟုတ်ဘူး လို့ ပြောဆိုပါတယ်။
“တပ်မတော်ထဲမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ မွေးကတည်းက တပ်မတော်သား မဟုတ်ပါဘူး။ နိုင်ငံသားများအနေနဲ့ မွေးလာတာပါ။ နံပါတ် ၁ က နိုင်ငံသားတွေ ဖြစ်ပါတယ်။ နောက်တော့မှ တပ်ထဲရောက်လို့ တပ်မတော်သားတွေ ဖြစ်တာပါ။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံသားတာဝန်က နံပါတ် ၁ ဖြစ်ပါတယ်လို့ တပ်မတော်သားတွေကို သတိပေးချင်ပါတယ်။ နံပါတ် ၁ ဖြစ်တဲ့ အဓိကအကျဆုံး တာဝန်ကို မကျေပွန်ဘဲနဲ့ တခြားတာဝန်ကို ဘယ်လိုကျေပွန်နိုင်မှာလဲလို့ ကိုယ့်ကို ကိုယ် မေးခွန်း ထုတ်ကြပါလို့ ကျမအနေနဲ့ ပြောချင်ပါတယ်။ တပ်မတော်ကို ဖေဖေ တည်ထောင်ခဲ့စဉ်အခါတုန်းက ပြည်သူလူထုအတွက်၊ ပြည်သူလူထုက တပ်မတော်အပေါ်မှာ ချစ်ခင်လေးစား ကြည်ညိုနိုင်ဖို့ ဖြစ်ရေးဆိုပြီးတော့ ထူထောင်ခဲ့တာပါ။ ဘယ်ပါတီ ဘယ်အုပ်စုအတွက်မှ မဟုတ်ပါဘူးဆိုတာ သေသေချာချာ ဖေဖေက ပြောခဲ့ပါတယ်။ တပ်မတော်သားများ အားလုံးလည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ တက်တက်ကြွကြွနဲ့ ပါဝင်ကြပါလို့ ပြောချင်တယ်။ တာဝန်အရ ပါဝင်ကြပါလို့ ကျမပြောချင် တယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွေမှာ အရင်လို ပျော့ပျောင်းတဲ့ စကားလုံးမျိုးတွေ မပြောတော့ဘဲ စစ်တပ်ကို တိုက်ရိုက်မေးခွန်းထုတ် ဝေဖန်တဲ့ စကားလုံးတွေ အသုံးပြုလာတာက တပ်မတော်သားတွေအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားမလား၊ အာဏာရှင် အယောင်ဆောင် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းမှာပဲ ဆက်ဟန်ဆောင်ဦးမလားဆိုတာ ရွေးချယ်ဆုံးဖြတ်ခိုင်းတာပဲလို့ နိုင်ငံရေးသမားတွေက ဆိုပါတယ်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးချုပ်တင့်ဆန်းကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တပ်မတော် အပေါ်ကို ပြောဆို တိုက်တွန်းတဲ့စကားတွေက မရိုးသားတဲ့အပြင် ဖွဲ့စည်းပုံ ကို ပြင်ချင်တာက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်ချင်လို့ ပြင်ချင်တာလို့ ဆိုပါတယ်။
“သူ့အမြင်ကိုက မရိုးသားဘူး။ အခု သူတို့ဇောင်းတင်နေတာက သူတို့သမ္မတဖြစ်ရေး၊ ပုဒ်မ ၄၃၆ တို့ကိုတင်နေတာ။ အမှန် က ပုဒ်မ တခုချင်းစီပေါ်မှာ သုံးသပ်ပြီးတော့ ပြင်သင့်၊ မပြင်သင့် စဉ်းစားရမှာ” လို့ ဗိုလ်မှူးချုပ်တင့်ဆန်းက ပြောပါတယ်။
တပ်မတော်အနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ ပြည်သူ့အကျိုးကိုသာ အစဉ်ဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အပြင် အများအတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လွှတ်တော် ကော်မတီမှာ တပ်မတော်သားတွေပါဝင်နေတာမို့ အပြည့်အ၀ ပူးပေါင်းနေဆိုတာ သိသာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်အပေါ်မှာ အမြင်မှားတွေရှိနေကြောင်း၊ လက်ရှိ သမိုင်းကြောင်းအရ တပ်မတော်အနေနဲ့ အခြေခံဥပဒေ အရ ပါဝင်ဖို့ လိုအပ်နေလို့ ပါဝင်တာဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုပါတယ်။
“တပ်က ပူးပေါင်းပါဝင်ရမယ် ဆိုတာ ဘယ်လို ပါဝင်ရမှာလဲ။ ကော်မတီထဲမှာ ပါပြီးသားဆိုတော့ မေးစရာတောင်မလိုဘူး။ သူ(ဒေါ်အောင်ဆန်းစုကြည်) က မှားနေတာ။ တပ်မတော်ဆိုတာ လွတ်လပ်ရေးအတွက် ပေါ်ထွက်လာတဲ့ တပ်မတော်ပါ။ သမိုင်းကြောင်းရှိတယ်။ ကိုယ့်နိုင်ငံမှာ တပ်မ တော်က တာဝန်ယူ ထိမ်းသိမ်းစောင့်ရှောက်ခဲ့ရတာ အများကြီးပဲ။ ၂၅ ရာခိုင်နှုန်း ဘာကြောင့် ပါရလဲ ဆိုတာ အဲဒီပေါ် မူတည် ပြီးမှ ဆုံးဖြတ်ကြပါလို့ ပြောချင်တယ်” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံ ပြင်ရေး ပြောဆိုချက်တွေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ တင် သာမက စစ်အရာရှိတွေအဖြစ် တာဝန်ထမ်းခဲ့တဲ့ လက်ရှိ ကြံ့ခိုင်ရေး ပါတီ အမတ်တွေကလည်း မကြိုက်နှစ်သက်ကြပါဘူး။
ကြံ့ခိုင်ရေးပါတီရဲ့ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တာ်ကိုယ်စားလှယ်လည်းဖြစ်၊ အငြိမ်းစားဗိုလ်မှူးကြီးလည်းဖြစ်တဲ့ ဦးမင်းဆွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုက်ရင် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားမယ်လို့ ဆိုပါတယ်။
“သူတို့ပြောနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သူတို့ပြောတဲ့အတိုင်း ပြင်လိုက်ရင် မြန်မာနိုင်ငံက အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားမှာပေါ့။ လက်ရှိအခြေအနေနဲ့ကတော့ လုံးဝကို မပြင်သင့်ဘူးလို့ မြင်တာပဲ။ တပ်မတော်က ပြည်သူအတွက်ပါပဲ။ ဒါပေမယ့် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဖို့မှာ ဘယ်လောက် စွန့်စားရဲ မလဲ။ လိုက်လျောလိုက်လို့ တခုခု ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ တပ်အနေနဲ့က ဒို့တာဝန်အရေး ၃ ပါးကို ဘယ်လောက်ထိ စိတ်ချရမလဲဆိုတာပေါ်မူတည်ပြီး လိုက်လျောသင့်တာ လိုက်လျောမှာ” လို့ သူက ဆိုပါတယ်။
လက်ရှိ ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့က စိတ်ဝင်စား နားလည်မှု မရှိဘဲ စားဝတ်နေ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုသာ စိတ်ဝင်စားတယ်လို့ ဦးမင်းဆွေက ဆက်ပြောတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၈၈ နဲ့ NLD ပူးပေါင်း ကော်မတီဖွဲ့လို့ တပ်မတော်နဲ့ ပြည်သူတွေ၊ အမတ်တွေကို စည်းရုံးတဲ့ နည်းနဲ့ အခြေခံဥပဒေ ပြင်ရေး လုပ်ဆောင်မယ်လို့ ကြေညာထားပေမယ့် လက်ရှိ အချိန်မှာတော့ စစ်တပ်ကို စည်းရုံးဖို့ အခွင့်အရေး တောင် ရဖို့ မလွယ်လှဘူးလို့ နိုင်ငံရေးသမားတွေက ဆိုပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကတော့ “ကျနော်မြင်တာကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ ပိုပြီး လှုပ်ရှားလာလေလေ စစ်တပ်နဲ့ ပိုပြီး ထိပ်တိုက်တွေ့လာမယ့် အခြေအနေ ရှိလာလေပဲလို့ မြင်တယ်။ ဒီတခါ စစ်တပ်က အာဏာသိမ်းရင်တော့ အရင်လို လက်လွတ်စပယ် မဟုတ်တော့ဘူး။ ၂၀၀၈ အခြေခံဥပဒေနဲ့ကို သိမ်းမှာပဲ” လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အရင် အာဏာရှင်ခေါင်းဆောင်ကြီး သက်ရှိ ထင်ရှား ရှိနေသမျှ ကာလပတ်လုံး ဖွဲ့စည်းပုံ ပြင်ဖို့ လုံး၀ မဖြစ်နိုင်တာကြောင့် NLD နဲ့ စစ်တပ် ထိပ်တိုက်တွေ့မယ့် အခြေအနေက ရှောင်လွှဲလို့ မဖြစ်နိုင်ဘူး လို့ သုံးသပ်ကြပါတယ်။