Religion

ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေး၌ သာသနာဆိုင်ရာ အဖွဲ့အစည်းများအရေး ဆွေးနွေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတွင် ကျင်းပနေသည့် ပဉ္စမအကြိမ် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် အချိန်အခါအရ ပေါ်ပေါက်လာသော သာသနာဆိုင်ရာ အဖွဲ့အစည်းများနှင့် စပ်လျဉ်းသောအချက်အပါအဝင် အချက် ၉ ချက် ကို ဆွေးနွေးရန် တက်ရောက်လာသော သံဃာအဖွဲ့အစည်း အသီးသီးက သဘောတူကြောင်း သိရသည်။

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ၁၉၉၅ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ၁၈ နှစ်ကြာမှ မေ ၁၁ ရက်နေ့မှ စတင်၍ မေ ၁၃ ရက် အထိ ကျင်းပနေခြင်း ဖြစ်သည်။

ယခု အစည်းအဝေးတွင် အချိန်အခါအရ ပေါ်ပေါက်လာသော ဘာသာ သာသနာဆိုင်ရာ အဖွဲ့များနှင့် စပ်လျဉ်း၍ သံဃနာယက အဖွဲ့များ၏ သြဝါဒ ခံယူ ဆောင်ရွက်ရေးအတွက် ညွှန်ကြားလွှာများ ထုတ်သင့်ကြောင်း အဆိုကို နေပြည်တော်ကောင်စီ ပုပ္ဗသီရိမြို့နယ် အောင်စည်သာ ကျောင်းတိုက် ဆရာတော်က အစည်းအဝေးသို့ တင်သွင်းသည်။

ထိုသို့တင်သွင်းရခြင်းသည် သက်ဆိုင်ရာ သံဃအဖွဲ့အစည်း၏ သြဝါဒကိုမခံယူသော သာသနာဆိုင်ရာ အဖွဲ့များ ပေါ်ပေါက် နေ သည့် အတွက် ဖြစ်ကြောင်း သိရသည်။

အဖွဲ့အစည်းများကို မထိန်းကွပ်ရှိလျှင် ယခုအဖွဲ့အစည်း မပေါ်ပေါက်မီက ရှိခဲ့သော ရဟန်းပျိုအဖွဲ့၊ ရွှေဝါရောင် သံဃာ့အဖွဲ့၊ ရခိုင် တောသုဇနအဖွဲ့ စသော အဖွဲ့များ ပေါ်ပေါက်လာနိုင်ပြီး သံဃာ့အဖွဲ့ကြီး ပြိုကွဲသွားနိုင်ကြောင်း ဆရာတော်၏ တင်ပြချက်တွင် ပါဝင်သည်။

သာသနာရေးဆိုင်ရာ အဖွဲ့အစည်းများ လျှောက်ထားလျှင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ပါဝင်သူများ၏ အတ္ထုပ္ပတ္တိများနှင့်တကွ လျှောက်ထားသူသည် ပါတီနိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေးကိစ္စများတွင် မပါဝင်ဘဲ သာသနာကိစ္စ သက်သက်သာ လုပ်ဆောင်မည့် တင်ပြချက်များဖြင့် လျှောက်ထားရန် လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန် ဖြစ်ကြောင်း သိရသည်။

မျက်မှောက်ကာလတွင် ပေါ်ပေါက်နေသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့များသည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် အဖွဲ့ဖြစ်ပြီး သံဃာ့အဖွဲ့အစည်းကို ဘက်ပြိုင်ပြု ဆန့်ကျင်၍ ဆောင်ရွက် ခြင်းမျိုး မဟုတ်ကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်ကလည်း အဆိုပါ ဂိုဏ်းပေါင်းစုံ အစည်း အဝေးသို့ လျှောက်ထားခဲ့သည်။

မဘသအဖွဲ့သည် သံဃာ့အဖွဲ့အစည်းများက ဆောင်ရွက်နေသော သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး လုပ်ငန်း ၃ ရပ် အနက် တည်တံ့၊ ပြန့်ပွားရေး လုပ်ငန်း ၂ မျိုးကို အထောက်အကူ ပြုဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။

ထင်ရှားသော သာဓကအားဖြင့် မေလ ၈ ရက်နေ့တွင် မဘသ အဖွဲ့က နိုင်ငံတော် သံဃ အဟာနာယက အဖွဲ့ ဆရာတော်ကြီးများထံတွင် သြဝါဒ ခံယူခဲ့ပြီးဖြစ်ကြောင်း ဦးဆန်းဆင့်က လျှောက်ထားခဲ့သည်။

“မဘသ အဖွဲ့က အမျိုးဘာသာ သာသနာအတွက် ဆောက်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် သာသနာရေး ဝန်ကြီးဌာနတို့ကို ဆန့်ကျင် တိုက်ခိုက်ခြင်းမျိုး မရှိဘဲ ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီး ကျင်းပမည့် ကိစ္စ အပါအဝင် မည်သည့် ကိစ္စကိုမဆို ထောက်ခံလျက်ရှိကြောင်း” မေ ၈ ရက်နေ့ကပင် လျှောက်ထားခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ၄၇ ပါး၏ စုံညီအစည်းအဝေးပြီးနောက် မေလ ၉ ရက်နေ့တွင် မဘသ အဖွဲ့များကို သာသနာရေး အဖွဲ့များအဖြစ် အသိအမှတ်ပြုလိုက်ပြီး အဆိုပါ အဖွဲ့များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်များရှိ သံဃနာယက ဆရာတော်များ၏ သြဝါဒကို ခံယူပြီး တရားဝင် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း မန္တလေး မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူ ကလည်း မိန့်ကြားသည်။

မေလ ၁၃ ရက်နေ့တွင် ဆွေးနွေးကြမည့် အချိန်အခါအရ ပေါ်ပေါက်လာသော ဘာသာ သာသနာဆိုင်ရာ အဖွဲ့များနှင့် စပ်လျဉ်း သော ဆွေးနွေးချက်များနှင့် ပတ်သက်၍မူ အတိအကျ မပြောနိုင်သေးကြောင်း ဆရာတော်က ဆက်မိန့်သည်။

ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းစာအုပ်များ၊ စာစောင်များ၊ အသံသွင်း တိတ်ခွေများနှင့် ပတ်သက်၍လည်း နိုင်ငံတော် သံဃ မဟာ နာယ က က စိစစ်ခွင့် ပြုပြီးမှသာ ထုတ်ဝေခွင့်ပြုရန် အဆိုကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ရွှေစေတီ ကျောင်းတိုက် ဆရာတော် က လျှောက်ထား တင်သွင်းသည်။

ယင်းအဆို တင်သွင်းရခြင်းမှာ မျက်မှောက်ခေတ်ကာလတွင် အဓမ္မဝါဒီများ ထွန်းကားလျက်ရှှိပြီး အဓမ္မဝါဒ အမှုအခင်းပေါင်း ၁၈ ခု ရှိခဲ့ကြောင်း၊ အဓမ္မဝါဒ ဆုံးဖြတ်ချက်များကို မလိုက်နာသဖြင့် သာသနာရေး ဦးစီးဌာနက တရားစွဲဆိုရသော အမှုခင်းများလည်း ရှိသည့် အတွက် ဖြစ်ကြောင်း ဆရာတော်၏ လျှောက်ထားလွှာ၌ ပါရှိသည်။

ထို ဗုဒ္ဓဘာသာ ဆိုင်ရာ စာအုပ်စာပေနှင့် အသံသွင်း တိတ်ခွေများကို စိစစ်ခွင့်ပြုပြီးမှ ထုတ်ဝေရန် အစိုးရအဖွဲ့သို့ လည်း မေတ္တာရပ်ခံ မည်ဖြစ်ကြောင်း သိရသည်။

ပရိယတ္တိ စာမေးပွဲများ ပြုလုပ်ရာတွင်လည်း စာမေးပွဲဆိုင်ရာ ညွှန်ကြားလွှာများကို ကျောင်းထိုင် ဆရာတော်များ၊ ကြီးကြပ်ရေး အဖွဲ့များ၊ စာဖြေ သံဃာတော်များသည် မလိုက်နာဘဲ တာဝန်မဲ့စွာ ဆောင်ရွက်နေသည့်အတွက် ဤအစည်းအဝေးမှ ပရိယတ္တိ စာမေးပွဲများ သန့်ရှင်းရေးအတွက် လိုအပ်သော အစီအမံများကို ချမှတ်ပေးရန် ဧရာဝတီတိုင်း မြောင်းမြမြို့ ဇေယျမေဒနီ ကျောင်းတိုက် ဆရာတော်က တင်သွင်းသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ တဝန်းရှိ တိုင်းနှင့်ပြည်နယ် သံဃနာယက အဖွဲ့များတွင် သုဓမ္မာဂိုဏ်း ၁၄ ဖွဲ့၊ ရွှေကျင်ဂိုဏ်း ၁၀ ဖွဲ့၊ မဟာဒွါရဂိုဏ်း ၆ ဖွဲ့တို့ရှိပြီး မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃနာယကအ ဖွဲ့ ၆၆၈ ဖွဲ့၊ ရပ်ကွက်ကျေးရွာ သံဃနာယကအဖွဲ့ ၅၂၃၃ ဖွဲ့တို့ ရှိကြောင်း သိရသည်။

ယခု ကျင်းပသော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ နိုင်ငံတော် သြဝါဒ ဆရာတော် များ၊ သံဃမဟာနာယက ဆရာတော်များ၊ ဗဟိုဝန်ဆောင် ဆရာတော်များ အပါအဝင် သံဃာ ၂၅၅၈ ပါး တက်ရောက် သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading