တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ မပါဝင်လျှင် ဖွဲ့စည်းပုံ ပြင်ဆင်၍ မရရန် လုပ်ဆောင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ အပါအဝင် ပုဒ်မ ၆ (စ)၊ ၅၉ (ဃ) (စ) တို့ကို ပြင်ဆင်ပေးရန် မေလ ၁၁ ရက် နံနက်ပိုင်းက ပြည်မြို့တွင် လူအင်အား ၂၀၀ ခန့်က အာဏာပိုင်များ၏ ခွင့်ပြုမိန့်ဖြင့် ဆန္ဒဖော်ထုတ် တောင်းဆို ကြကြောင်း သိရသည်။
“ပုဒ်မ ၄၃၆ မျိုးကို ပြင်ဆင်တာ မဟုတ်ဘဲနဲ့ ဖျက်သိမ်းပစ်ရမှာပါ။ ဘယ်အချက်ကိုပဲ ပြင်ပြင် အဲဒီ ၄၃၆ အရ လက်မခံရင် ဘာမှလုပ် လို့ မရဘူး။ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်မှ ဆိုတော့ အရပ်သား လွှတ်တော် ကိုယ်စားတွေနဲ့တင် မရဘူး၊ စစ် သားတွေ ပါမှ ဖြစ်နေတယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောနေတဲ့ခေတ်မှာ အာဏာ သိမ်းစရာ မလိုဘဲ အခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့် တွေ ပေးထားတဲ့ အပြင် စစ်တပ်မပါရင် အခြေခံ ဥပေဒ ပြင်မရတဲ့ အဆင့်အထိ လုပ်ဆောင် ထားတယ်။ အဲဒီတော့ စစ်တပ်ဟာ စစ်တပ် အလုပ်ပဲ လုပ်စေချင်တယ်”ဟု အဆိုပါ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမျိုးသူထွဋ်က ဧရာဝတီကို ပြောသည်။
ဆန္ဒဖော်ထုတ် ကြသူများသည် ပြည်မြို့ရှိ ရုံးလမ်းမှ စတင်ပြီး လမ်းမတော်၊ ဗိုလ်ချူပ်လမ်း၊ ရွှေတချောင်းလမ်း တလျှောက်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ခိုင်ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ်များရုံး အထိ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ပြည်သူလူထု၏ သဘောထား ဆန္ဒအမှန်ကို သိစေရန် လွှတ်တော် ကိုယ်စားလှယ်များမှ တဆင့် ပြောဆိုရမည် ဖြစ်သည့် အတွက် လွှတ်တော် ကိုယ်စားလှယ်ရုံး အထိ လာရောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု ကိုမျိုးသူထွဋ်က ဆိုသည်။
“စစ်တပ်က စစ်တန်းလျားကို ပြန်ဖို့ပါပဲ။ နိုင်ငံရေးတွေမှာ ဝင်ရောက် စွက်ဖက်တာ ရပ်တန်းက ရပ်သင့်ပြီ၊ အဓိကက အခြေခံ ဥပေဒ ပြင်ဖို့ ဆိုတာ စစ်တပ်က ပါဝင် ပတ်သက် နေတာတွေကို ဖျက်သိမ်းဖို့ပါ။ အဲဒီ အတွက် ကျနော်တို့ အသံကို လွှတ်တော်ထဲမှာ ပြော ဆိုနိုင်အောင် လွှတ်တော် ကိုယ်စားလှယ်များရုံး အထိ သွားပြီး ဆန္ဒ ဖော်ထုတ်တာပါ ”ဟု ၎င်းက ဆက်ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပုဒ်မ ၄၃၆ ကို အဓိက ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထု လမ်းပေါ်ထွက်မှ တိုင်းပြည် ကောင်းစားရမည့် နည်းလမ်းများကို အစိုးရ အနေဖြင့် မဖန်တီးသင့်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ တဦးဖြစ်သည့် ကိုဝင်းလှိူင်က ဧရာဝတီကို ပြောသည်။
“ပုဒ်မ ၄၃၆ ကို ဖျက်သိမ်း စေချင်တယ်။ အဲဒါ မရှိတော့မှ ပုဒ်မ ၆(စ)တို့ ၅၉(ဃ)(စ) တို့ လွယ်လွယ်ကူကူ ပြင်လို့ရမှာ၊ ကျနော်တို့ ဆန္ဒပြရတယ် ဆိုတာကလည်း အစိုးရကသာ ဘာတွေတော့ ပြင်သင့်တယ်၊ ဘာတွေတော့ လိုအပ်တယ် ဆိုတာ သိရင် ကိုယ့် ထမင်း ကိုယ်စားပြီး ဘယ်ပြည်သူမှ လမ်းပေါ် မထွက်ပါဘူး။ အစိုးရက ဒီလို တောင်းဆိုမှ ရမယ့် အစိုးရ ဖြစ်နေလို့ တောင်းဆို နေရ တာ”ဟု ၎င်းက ဆက်ပြောသည်။
ယခုလပိုင်း အတွင်း ပြည်မြို့နယ်နှင့် အနီးတဝိုက် အတွင်း ဆန္ဒထုတ်ဖော်မှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဆန္ဒပြရာတွင် ထိရောက်မှုရှိစွာ ထုတ်ဖော် ပြသသင့်ကြောင်း ပြည်မြို့မှ ဒေသခံ တဦးဖြစ်သူ ကိုဇော်ကြီးကလည်း ပြောသည်။