Ethnic Issues

အတိမ်းအစောင်းမခံတဲ့ ကချင်ငြိမ်းချမ်းရေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပူလောင်တဲ့ နေရောင်အောက်မှာ သေနတ်ကိုယ်စီလွယ်ထားတဲ့ လူငယ်နှစ် ယောက်ရဲ့ ပခုံးထက်က ရွှေရောင်ကြယ်ပွင့် တွေက နေရောင်အောက်မှာ ဝင်း လက်လို့ နေပါတယ်။

မတူညီတဲ့ လက်မောင်းတံဆိပ်တွေ တပ်ထား တဲ့ သူတို့နှစ်ယောက် တယောက်နဲ့တယောက် တွေ့ ဆုံ လိုက်ချိန်မှာ အပြုံး ကိုယ်စီနဲ့ နှစ်ယောက်စလုံးကြား က ဆုံမှတ်တခုဆီ လျှောက်လာပြီး သူတို့ကိုယ်ဆီ ကိုင်ထားတဲ့ သေနတ်တွေကို နောက် ပစ် လွယ်လိုက် ရင်း လက်ဆွဲ နှုတ်ဆက်လိုက်ကြပါတယ်။

စကားတွေ ဖောင်ဖွဲ့ရင်း လူငယ်တယောက်က ဘောင်းဘီထဲကနေ တရုတ်နိုင်ငံထုတ် စီးကရက်ဘူး ကို ထုတ်တော့ ကျန်လူငယ် က မီးညှိပေးပါတယ်။ မီးညှိပေးသူကိုလည်း စီးကရက် ကမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အချက်ပေးသံတခု ပေါ်လာတဲ့ အတွက် လူချင်းခွာကာ တာဝန်ချိန်ပြန်ယူဖို့ နောက် ပစ်လွယ်ထားတဲ့ သေနတ်တွေကို သတိအနေအထား နဲ့ ပြန်ကိုင်လိုက်ကြပါတယ်။

တာဝန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်လိုက်ပြီ ဆိုတာနဲ့ သူတို့နှစ်ဦးရဲ့မျက်နှာမှာ ဘာခံစားမှု ဘာ အပြုံးမှ မရှိတော့ပါဘူး။ ခုန အခြေအနေနဲ့ ဆန့်ကျင် ဘက်ဖြစ်သွားပြီး သေနတ်ပြောင်းတွေက တဖက်ကို တဖက် လှည့်ထားကြပါတယ်။ သူတို့ဟာ ရပ်တည်ပုံ ချင်း၊ ယုံကြည်ချက်ချင်း မတူကြတဲ့ တာဝန်ကိုယ်စီနဲ့ လူငယ် အရာရှိ နှစ်ယောက်ပါ။ တယောက်က အစိုးရ တပ်လို့ လူတွေခေါ်ကြတဲ့ မြန်မာ့တပ်မတော်က လူငယ်တဦး ဖြစ်ပြီး ကျန်တယောက်ကတော့ ကချင် လွတ်လပ်ရေး တပ်မတော် လို့ခေါ်တဲ့  KIA က လူ ငယ်တဦးပါ။

KIA  ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြစ်ကြီးနားကို ပထမဆုံး လာရောက် ဆွေးနွေးချိန်မှာ မြစ်ကြီးနားနဲ့ လိုင်ဇာကို ပိုင်ခြားထားတဲ့ နမ်စာရံချောင်း တဖက်တ ချက်ဆီမှာ လုံခြုံရေး တာဝန်ယူ ထားကြတဲ့ သူတို့ နှစ် ယောက်ဟာ ငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြ သူတွေ ဖြစ်ပေမယ့် ကြီးပြင်းလာတဲ့ အချိန် မှာတော့  KIA နဲ့ မြန်မာစစ်တပ် ဆန့်ကျင်ဘက် တပ်တွေမှာ ရောက်ရှိ နေသူတွေ ဖြစ်ပါတယ်။

“ကျနော်နဲ့သူက မန္တလေးမှာ ကျောင်းတူတူ တက်ခဲ့တယ်။ ဂ၊ ၉၊ ၁၀ (တန်း) ဘော်ဒါဆောင် နေခဲ့ကြတာ။ ခုတင်ကပ်ရက်၊ လောင်စိန် ၂ ကောင် ပေါ့။ ကျောင်းမှာ ဆရာမတွေက ကချင်-ဗမာ မျောက်လောင်းလို့ ခေါ်ခဲ့ကြတယ်။ အခုတော့ ကျနော် တို့နှစ်ယောက်က မတူတဲ့ဘက်မှာ ရောက်နေတယ်။ အထက်အမိန့်နဲ့ စစ်တိုက်ရတိုင်း ကျနော်ကတော့ ဆုတောင်းတယ်။ ကျနော့်ကျည်ဆန်၊ သူ့ကျည်ဆန်တွေ နှစ်ယောက်တွေ့ ချိန်မှာ မထွက်ပါစေနဲ့လို့ ဆုတောင်း နေရတယ်” လို့ နမ်စာရံ ချောင်းကို ကြည့်ရင်း မြန်မာ့ တပ်မတော်ဘက်က အရာရှိက ဆိုပါတယ်။

KIA  ဘက်က ကချင်အရာရှိကလည်း “ကျနော် တို့မှာ ရွေးစရာ မရှိဘူးလေ။ ဘယ်သူသိမှာလဲဗျာ၊ တကယ့်ဘဝတွေကို။ သူရော ကျနော့်လိုပဲ။ လူတွေ အများကြီးပါ။ ယုံကြည်ချက် ကိုယ်စီနဲ့ ဆိုပေမယ့် သူ့ကိုလည်း ကျနော်မပစ်ချင်ဘူး။ မြင်စေချင် ပါတယ်။ စစ်မတိုက်ရဘူးဆို နှစ်ဖက်လူတွေက ရယ်လိုက်မော လိုက်။ ဘယ်လိုကံလည်း မသိပါဘူး။ ကျနော်တို့ ငြိမ်းချမ်းချင်ပြီ။ အရင်ကလို ညဘက်အဆောင်ကနေ ခိုးထွက်၊ ဆေးလိပ်ခိုးသောက်၊ ဟာသတွေပြော၊ ဂစ်တာတီး တဲ့ဘဝကို ပြန်လိုချင်တယ်” လို့ ပြောပါတယ်။

အမိန့်ပေးမှုတွေအောက်မှာ တိုက်နေကြတဲ့ ဒီစစ်ပွဲကို ခေါင်းစဉ်တွေ အမျိုးမျိုးတပ်၊ ဆင်နွှဲနေကြ တာကြောင့် သူတို့နှစ်ဦး ဟာ အချိန်မရွေး သူတို့ကိုယ် စီ ကိုင်ထားတဲ့ သေနတ်ပြောင်းဝတွေမှာ တယောက် အသက်ကိုတယောက် ခြွေယူ ရနိုင် ပါတယ်။ စစ်မ တိုက်ချင်တော့ဘူးလို့ သံတူဆိုခဲ့ကြတဲ့ ဒီလူငယ်နှစ်ဦး လိုပဲ ဘဝပေါင်းများစွာဟာ စစ်ပွဲ တွေကြောင့် အမုန်း တရားတွေ ကြီးစိုးလာခဲ့ပါတယ်။

“ဘယ်သူက တိုက်ချင်မလဲ။ အမိန့်ဆိုတော့ မနာခံလို့လည်း မရဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့ အတွက် စစ်ထဲဝင်တာပါ။ ကိုယ့်အသက် သေမယ့် ကိစ္စ ဘယ်စစ်သားက တိုက်ချင်မလဲ။ အိမ်ပစ်၊ မိဘ ပစ်ပြီး နေရတယ်။ ကိုယ့်ချင်းချင်းတွေ တိုက် နေရတာ ဘယ်တိုက်ချင်မလဲ။ ဘာတွေ ဘယ်လိုကြောင့် အခု ထိ ငြိမ်းချမ်းရေး မရတာလဲ မသိဘူး။ ကျနော်ကတော့ စစ်ပွဲ ဆိုမုန်းတယ်။ ကိုယ့်ချင်းချင်း တိုက်နေရတာ ပိုမုန်းတယ်။ စစ်သား စစ်မတိုက်ရ မနေနိုင်ဘူးဆိုတာ မှန်သင့်သလောက် မှန်တယ်။ ဒါပေမယ့်ဗျာ အရင်က လို ကိုယ့်နိုင်ငံတွက်ဆို တော်သေးတယ်။ အခုက ကိုယ့်ချင်းချင်း တိုက်နေရတာ စိတ်ပျက် လာပြီ” လို့ အစိုးရတပ် အရာရှိလူငယ်က ရင်ဖွင့်ပါတယ်။

သေနတ်သံတွေ၊ ဗုံးဆံတွေကြား၊ ထမင်း ငတ် တလှည့်၊ ပြတ်တလှည့်၊ ခြေသလုံး အိမ်တိုင်ဘဝနဲ့ စစ်ပြေးဒုက္ခသည်အဖြစ် ပြေးလွှားနေရသူတွေကို လည်း မမြင်တွေ့ချင်တော့သလို စစ်ပွဲတွေကြားထဲမှာ တိုက်ခိုက်ရင်းနဲ့ ဘဝကို ကုန်ဆုံးမှာ ကို လည်း မဖြစ် ချင်တော့ဘူးလို့ သူကဆိုပါတယ်။ ကျဆုံးနေရ၊ ဒဏ် ရာရနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်တဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကြောင့် နှစ်ဖက် ပိုအမုန်းပွား ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ဘာပဲပြောပြောပါ။ ကိုယ့်လူတွေ ထိတယ်၊ နာတယ်၊ ကျတယ်ဆို ဘယ်သူပဲဖြစ်ဖြစ် မုန်းတာပေါ့။ ကျနော်တို့က စစ်မှန်တဲ့ တန်းတူ ညီမျှရေးအတွက် တိုက်တယ်။ သူတို့ဘက်ကကျတော့လည်း သူတို့ရပ် တည်မှုပေါ့။ ဘယ်လိုရှိလဲ မသိဘူး။ ကျနော်တို့ တွေ့ ချိန်မှာတော့ ဘာအကြောင်းမှ မပြောဖြစ်ဘူး။ ယုံ ကြည်မှုလည်း မညှိဘူး။ အမုန်းတရားလည်း မထား ဘူး။ သူငယ်ချင်းလိုပဲ ပြောဆိုတယ်။ သို့ပေမယ့် စိတ်ထဲမှာ အရင်ကလောက်တော့ မယုံကြည်သလို မခင်တော့ဘူး” လို့ ကချင် အရာရှိလူငယ်က ဆိုပါတယ်။

ငယ်စဉ်ကလို အေးချမ်းစွာအတူတကွနေဖို့ စိတ် အား ထက်သန်နေကြပေမယ့် တကယ့်လက်တွေ့မှာ ငြိမ်းချမ်းရေးအတွက် အသက်တွေ ပေးနေရဆဲပါ။ ပစ်ဆိုတဲ့အမိန့်နဲ့ သူတို့ပစ်နေရတာကြောင့် တဖက် က ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရပ်တန့် စေနိုင် တာ၊ တော်တော်လေး ခရီးရောက်ကာမှ နောက် ကြောင်းလှည့်နေတာတွေကို သူတို့ သိနေပေမယ့် မတတ် နိုင်ပါဘူး။

အခုချိန်မှာ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ဖြစ်နေရတဲ့ တိုက်ပွဲတွေကြောင့် တဖက်နဲ့တဖက်က ယုံကြည်မှု ပိုဝေးဝါး လာနေတာ သူတို့ နှစ်ဦးစလုံး သိနေကြပါတယ်။ ဘယ်လို ပြန်တည်ဆောက်မလဲ ဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိတော့ဘူး လို့ ဆိုပါ တယ်။ အမိန့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်နေရတဲ့ သူတို့နှစ်ဦးအနေနဲ့ အမိန့်ကို မလွန်ဆန်နိုင်လို့ ထားရာနေ၊ စေရာသွား၊ ကျွေးတာစား၊ ခိုင်းတာလုပ် ဘဝနဲ့သာ တနှစ်ပြီးတနှစ် တိုးလာခဲ့ပါတယ်။

“စစ်သားဆိုတာ အထက်အမိန့်ကို နာခံရမှာပဲ။ ဒီအတွက်ကို သင်ပြီးသားပါ။ ကျနော်တို့ စစ်သား တွေက အကြောင်းမဲ့ တိုက်နေရတာ၊ ရက်စက်နေတာ မဟုတ်ဘူး။ စစ်ပွဲတွေ ဘာကြောင့်ဖြစ်လဲ။ တဖက် တပ်တွေ နီးကပ်နေတော့ နားလည်မှု မရတာကြောင့် ဖြစ်တာတွေ၊ နောက် အောက်ခြေအထိကို အမိန့်က မရောက် တာတွေကြောင့် ဖြစ်နေရတာတွေပါ။ နောက် သစ်ခိုးတာ ဖမ်းတယ်။ ထိုးစစ်ဆင်ဖို့လည်း မရှိသလို သတ်ရမှ၊ တိုက်ရမှ နေပျော်နေသူတွေ မဟုတ်ပါဘူး” လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာကုန် လွှဲ အပ်ခြင်း ခံထားသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုပါတယ်။

တဖက်က တန်းတူညီရေးအတွက် တိုက်ပွဲဝင် နေတယ်လို့ ခံယူပေမယ့် တဖက်ကလည်းနိုင်ငံအချုပ် အခြာ အာဏာအရ တိုင်းပြည်ထဲက ခွဲထွက်ဖို့ ကြိုးစားသူကို ဟန့်တားတယ်ဆိုပြီး ခံယူချက်တွေနဲ့ တိုက်ပွဲဝင်နေကြပါ တယ်။

ကချင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “ကျနော်တို့ ပြောဖူးပါတယ်၊ အကြိမ်ကြိမ်။ တိုင်းပြည် ကနေ ခွဲထွက်ဖို့ ဆန္ဒမရှိဘူး။ ကျနော်တို့က တန်းတူ ညီမျှရေးဆိုတဲ့ အရာကြောင့် တိုက်ပွဲဝင်နေရတာ။ အပစ်အခတ်တွေ ရပ်စဲ တာတောင် စစ်ပွဲတွေ ဖြစ်နေ တယ်။ တဖက်နဲ့တဖက် ကတိတွေ သေချာထိန်းသိမ်း မယ်ဆိုရင် ဒါတွေဖြစ်လာ စရာ မလိုပါဘူး။ ယုံကြည်မှု တည်ဆောက်တာမှာ ခြိမ်းခြောက်တာတွေ ရှိရင် တော့ ခက်တယ်။ စစ်ရေးနဲ့ Pressure  ပေးရင်တော့ မရဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

အစိုးရအဆက်ဆက်က ကချင်ပြည်နယ်အပေါ် နိုင်ငံရေးအရ ဖိနှိပ်ခြင်း၊ စီးပွားရေးအရ လက်ဝါးကြီး အုပ်ခြင်း၊ လူမှုရေးအရ ဥပေက္ခာပြုခြင်း၊ တိုင်းရင်းသား များကို ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေး မပေးခြင်းနဲ့ တိုင်းရင်းသားတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှု များကို လွတ်လွတ်လပ်လပ် ထိန်းသိမ်းမြှင့်တင်ခွင့် မရရှိခြင်း စတာ တွေကြောင့် ကချင် အမျိုးသားတော် လှန်ရေး ပေါ်ပေါက်လာအောင် အဓိက မီးမွှေးပေး လိုက်တာဖြစ်တယ်လို့ ဗိုလ်ချုပ် ဂွန်မော်က အခိုင် အမာဆိုပါတယ်။

တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကချင်လူ ငယ်တဦးဖြစ်တဲ့ ကိုလမိုင်ပီဆက အခုလိုဆိုပါတယ်။

“ကျနော်မြင်တာတော့ ဒီလိုပဲ၊ သူတို့တွေက ကျနော်တို့ကို တန်းတူပေးရင် အာဏာပျောက်မယ်။ နောက် ကျနော်တို့ ကချင်မှာက နာမည်ကျော် တွင်း ထွက်တွေရှိတော့ ဒါကို လက်ဝါးကြီးအုပ်ချင်ကြတယ်။ ကျနော် တို့ဆို အမျိုးမျိုး ဖိနှိပ်တယ်။ စစ်ပွဲတွေနဲ့ ဖိနှိပ်သလို သွေးအေး တိုက်ပွဲတွေနဲ့လည်း တိုက် တယ်။ ဒါမှ သူတို့ လိုရာ လုပ်လို့ရမှာ” သူဆိုလိုတဲ့ သွေးအေးတိုက်ပွဲ ဆိုတာကတော့ ကချင်ဒေသတွင်း ကြီးထွားနေတဲ့ ဘိန်းသုံးစွဲမှုကို ရည်ညွှန်းတာပါ။ ကျောင်းသားလူငယ်ထု အကြားမှာ အဟန့်အတား မရှိ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့် လူညွန့်တုံးစေမယ့် နည်းဗျူဟာတရပ်လို့ သူကဆိုပါ တယ်။ လက်ရှိ ပြည်နယ်အစိုးရဟာလည်း အစိုးရရဲ့ နယ်ရုပ်တွေပဲဖြစ်တယ်လို့ ဝေဖန်ပါသေးတယ်။

“အယုံအကြည် မရှိဘူး။ သူတို့တွေက ယုံကြည် မှုနဲ့ မထိုက်တန်တော့ဘူး။ အခုချိန်မှာ ငြိမ်းချမ်းရေး လို့ အော်တယ်။ နောက်စစ်ဖြစ်တယ်။ ဒါကို ဘယ်သူ ယုံမှာလဲ။ ကျနော်ကတော့ ကျနော်တို့ရဲ့ KIA ဘက် မှာပဲ ရှိတယ်။ အသက်ဆုံးတဲ့အထိ တိုက်ပွဲဝင်မယ်”လို့ သူက ဆိုပါတယ်။

စစ်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ တိုးလာမှု တွေက အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မေးခွန်း ထုတ်စရာတွေ ရှိနေခဲ့တယ်လို့ ဂျေယန့် ကချင်ဒုက္ခသည်စခန်းက အသက် ၆၀ ကျော် ကချင် အဖိုးအို ဦးဆမ်ဆွန်က ဆိုပါတယ်။

“ပညာရေးကလူတယောက်အတွက် အဓိကပဲ။ စဉ်းစား ဆင်ခြင်တုံတရားတွေကို ပညာနဲ့ပဲရတယ်။ အဘ စာမတတ်ဘူး။ ဒီတော့ တောင်းဆိုတာလဲ မသိဘူး။ အစိုးရ ဘာတွေလုပ်နေလဲ ကိုယ်တွေ မသိဘူး။ အခုသိ တာတခုက အဘတို့ ငတ်တယ်။ အိမ် ပစ်ရတယ်။ ကလေးတွေ စာမသင်ရဘူး။ အဘမြေး လေးက ၇ တန်းနဲ့ ကျောင်းထွက်ရတယ်။ နောက်မျိုး ဆက်တွေ စာမတတ်တော့ဘူး။ စာမတတ်တော့ ခိုင်းသမျှခံရမယ်။ နောက်ပိုင်း အဘတို့ ကချင်တွေကို စာမတတ်အောင် အစိုးရတွေ လုပ်နေကြတယ်လို့ပဲ သိတယ်” လို့ ဆိုပါတယ်။

ကချင်တိုင်းရင်းသား ရှေ့နေတဦးကလည်း “စစ်မှန်တဲ့ နိုင်ငံရေးလုပ်ဆောင်မှုကို လိုချင်တယ်။ အခုက လူမျိုးရေးအသွင်ပါ ဖန်တီးလာတယ်။ နောက်ပိုင်း မုန်းလာမှာ စိုးတယ်။ ကျနော်တို့ အခုဆို စစ်သားဆို ဗမာလို့ထင်တယ်။ ဒီတော့ ဗမာဆို မုန်း လာတယ်။ ကျနော်တို့တွေ နောက်ပိုင်း အာဏာရှင် စနစ်တခုကြောင့် စစ်သားဆို မုန်းလာကြတယ်။ တချိန်က စစ်သားဆို ချစ်တယ်။ အခု ရွံ့ကြောက် ဖြစ်လာတယ်။ နောက်ပိုင်း ဗမာလူမျိုး ဆိုတာနဲ့ မုန်း တယ် ဖြစ်လာမှာစိုးတယ်” လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးရဖို့အကြိမ် ကြိမ် ပြောနေပေမယ့် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်က တပ်မတော် ကတော့ တိုက်ပွဲတွေ ဆင်နွှဲ နေဆဲဖြစ်တဲ့အပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။

ကချင်စစ်သူနာပြု စစ်သမီးတဦးဖြစ်တဲ့ ဆိုင်း လူဆမ်းက “စစ်တပ်က သမ္မတစကား နားမထောင် တာလား၊ သမ္မတကပဲ ညာနေတာလား ဆိုတာမပြော တတ်တော့ဘူး။ သူတို့တွေက အရင်ကတည်းက စစ်တပ်က လူတွေ ပဲ၊ ကိုကြီး၊ ညီလေး တွေပဲ။ အမှန် ဆို ကာချုပ်က ဂျူနီယာပဲလေ။ ဒီလိုမှမဟုတ် သူတို့အထက်မှာ သူတို့ ကြောက်ရတဲ့ ညွှန်ကြားသူ ရှိနေလား တော့ မသိဘူး” လို့ ဆိုပါတယ်။

“ကျမတို့ တောင်းတာ ဟန်ဆောင်မှု မပါတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူရရေးပါ။ အခု နောက်ပိုင်း တပ်ဘက်က တော်တော်လေး ငြိမ်းချမ်း ရေး ဆွေးနွေးလာလို့ သူတို့ပြောင်းလဲလာပြီထင်တာ။ အခုတော့ သူတို့က ဟန်ဆောင်နေတယ်။ ဗိုလ်ချုပ် က ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားတယ်။ သူတို့က စစ်တိုက်တယ်။ ဒါက မရိုးသားတာ။ ကျမကတော့ ရှေ့တန်းက ရဲဘော်တွေအတွက် ရိက္ခာတွေ ပို့ပေး နေဦးမယ်။ ဆေးကုပေးနေဦး မယ်။ အမျိုးသားတွေနဲ့ အတူ ကျမနိုင်သလောက် လုပ်သွားမယ်” လို့ သူက ဆက်ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) အဖွဲ့နဲ့ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေ ရန်ကုန်မှာ ဆွေးနွေးပွဲတွေ လုပ်နေချိန် မြန်မာ့တပ်မ တော်ဘက်က အင်တိုက်အားတိုက် ပါဝင်လာတဲ့ အပေါ် တိုင်းရင်းသားခေါင်းဆောင်များက အမှတ် တွေ ပေးလာနေချိန်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ က ယုံကြည်မှုကို အကြီးအကျယ် ပျက်ပြားစေတယ်လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါ တယ်။

“ဘာပဲ ပြောပြော သူတို့က ဆေးပေးလိုက်၊ ဒဏ်ရာပေးလိုက်ပဲ။ နောက် တင်းလိုက်လျှော့လိုက်နဲ့ တော်တော် မာယာ များတယ် ပြောရမယ်။ သူတို့တွေ က ကာချုပ်ရဲ့ လမ်းညွှန်ချက်ကို အသေကိုင်ဆွဲနေရင်တော့ အလုပ် ဖြစ်မယ် မထင်ဘူး။ အခုက သူတို့ပြော တာထဲမှာကတော့ လက်ရှိ တည်ဆဲဥပဒေတွေကို အန်ကယ်တို့ဘက်က လက်ခံရမယ်လို့ ဆိုထားတယ်။ ဒီတော့ အခုချိန်အထိ တိုင်းရင်းသားတွေကို လွတ် ငြိမ်းချမ်းသာခွင့် မပေးသေး ဘူး။ ဒီတော့ သူတို့ချတာ ကို ကိုယ်တွေက ဖောက်ဖျက်နေပြီ။ ဒီလို လိုက်နာရ မယ်ဆို ဖွဲ့စည်းပုံကို လက်ခံခိုင်း တဲ့သဘော။ ဒီဟာ လက်ခံရင်တောင် သူတို့က ကိုယ်တွေကို ဘာအာမခံ ချက်မှ မပေးဘူး။ ဝင်လာတာနဲ့ ဒီမှာ ကိုယ် တွေကို ပြစ်မှုထင်ရှား ရှိမရှိကို စစ်ဆေးလို့ရှိရင် အရေးယူ ဦးမယ့်သဘော။ ဒီတော့ သူတို့သဘောက ရိုးသားမှု ကို မရှိတာ” လို့ ပြောပါတယ်။

တပ်မတော်နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “တပ်က လူတိုင်း မကောင်းတာ မဟုတ်ဘူး။ ဦးအောင်မင်းတို့က (ငြိမ်းချမ်းရေး) လိုချင်တယ်။ ဒီမှာ လာဆွေးနွေးတဲ့ တပ်ကလူတွေဆို ကိုယ်တွေနဲ့ ရင်းနှီးနေပြီ။ ပွင့်လင်းပါတယ်။ သူတို့က ဒီမှာညှိ၊ အိုကေ။ ဟိုမှာ ကာကွယ်ရေးဦးစီးချုပ်ကပြောဆို၊ သူတို့က တင်းလာရော။ ဦးအောင်မင်းတို့က သူတို့ သက်တမ်းမှာ မှတ်တိုင်တခုရစေချင်တယ်။ အခု ဟာက အစိုးရလည်းတပ်ကို မနိုင်တဲ့သဘော” လို့ ဝေဖန်ပါတယ်။

ဖားကန့်ဒေသခံ ကိုထွန်းလူက “အခုက တိုင်း ရင်းသားတွေက ယုံကြည်မှု နည်းလာပြီ။ စစ်တပ်မှာ မကောင်းတဲ့ လူတွေလို့ မပြောပါဘူး။ တပ်မှာ ကောင်းတဲ့သူတွေ ရှိပါတယ်။ အခုက အာဏာရှင် ဆန်ဆန် လုပ်တဲ့သူတွေ ကြောင့် စစ်တပ်က နာမည် ကောင်း မရှိတော့ဘူးပေါ့။ တကယ် လက်အောက်က စစ်သားလေးတွေက သနားဖို့ ကောင်းတယ်။ တချို့ က အမိန့် ကြောင့်သာ လုပ်ရတာ။ ကောင်းတဲ့လူ ရှိပါတယ်။ အာဏာရှိသူကတော့ အာဏာအရ ဟောက်စားမှာပဲ။ စစ်တပ် တခုပဲ လုပ်နေတာတော့ မဟုတ်ပါဘူး။ လက်နက်ကိုင် ဆိုတာတွေက လုပ်နေ တာပါပဲ။ စစ်တပ်က ပိုဆိုးတာက သူတို့က အင်အား ကကြီးတော့ ပိုလုပ်တယ် “ လို့ ဆိုပါတယ်။

KIA ဟာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေး ပွဲ အကြိမ်ရေအများဆုံး လုပ်ဆောင်နေတဲ့ အဖွဲ့တခု လည်း ဖြစ်သလို အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးသေးတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။ ကချင်နဲ့ အစိုးရ တပ်မတော်တို့အကြား တင်းမာမှုဟာ အတိမ်းအစောင်းမခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လမ်းကြောင်းလွှဲနေနိုင်သလို ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လည်း ခက်လိမ့်မယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading