ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ပူးပေါင်း တပ်ဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တို့ အကြား စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မူဆယ်ခရိုင်ထဲမှာ စနေနေ့က နယ်မြေ စိုးမိုးရေး အတွက် အင်အားသုံး ဝင်ရောက်လာတဲ့ အစိုးရ စစ်တပ်တွေနဲ့ ပူးပေါင်း တပ်ဖွဲ့ သုံးဖွဲ့တို့ ထိပ်တိုက် ရင်ဆိုင်ကာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ရေး အရ တင်းမာမှုတွေ ရှိနေတာ ဖြစ်တယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ဧရာဝတီကို ပြောပါတယ်။
“သူတို့ဘက်ကလည်း အသင့်အနေအထားနဲ့ စောင့်ကြည့် နေသလို ကျနော်တို့ ဘက်ကလည်း စောင့်ကြည့်နေကြတဲ့ အနေ အထားပါ၊ တပ်မတော်ဘက်က လှုပ်ရှားမှုတွေ မလုပ်ဘူး ဆိုရင်တော့ တိုက်ပွဲတွေက ထပ်ဖြစ်စရာတော့ အကြောင်း မရှိဘူး” လို့ မိုင်းအိုက်ကျော်က ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နဲ့ ဖောင်းဆိုင်ကျေးရွာ အကြားမှာ KIA တပ်ရင်း ၃၈၊ TNLA တပ်ရင်း ၈၁၈၊ MNDAA ၁၇ တို့နဲ့ အစိုးရ စစ်တပ် ခမရ ၅၀၇၊ ၅၆၈ တို့ အကြား လက်နက်ကြီးတွေ အသုံးပြု ပစ်ခတ် ခဲ့ကြတဲ့ အထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တနာရီကျော် ဖြစ်ပွားခဲ့တဲ့ အဲဒီ တိုက်ပွဲမှာ အနီးရှိ ကျေးရွာတွေ ထိခိုက်မှု ရှိမရှိနဲ့ နှစ်ဘက် အကျအဆုံး ဒဏ်ရာ ရရှိမှု အခြေ အနေနဲ့ ပတ်သက်လို့ စစ်မြေပြင် သတင်းတွေကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ မိုင်းအိုက်ကျော်က ဆက်ပြောပါတယ်။
“အခု ဖြစ်သွားတဲ့ တိုက်ပွဲက တပ်မတော်က ကျနော်တို့ ရှိနေတဲ့ နယ်မြေတွေကို စိုးမိုးဖို့ အလုံးအရင်းနဲ့ အင်အားသုံး ဝင်လာ လို့ ဖြစ်သွားတဲ့ တိုက်ပွဲတွေပါ။ သူတို့ အနေနဲ့ ကျနော်တို့ အပေါ် စစ်ရေးအရ ဖိအားပေးဖို့ ကြိုးစားလေ တိုက်ပွဲတွေက ပိုပြီး အရှိန် မြင့်လာလေ ဖြစ်မှာပဲ၊ တိုက်ပွဲ ဖြစ်မဖြစ်က တပ်မတော် လှုပ်ရှားမှုအပေါ်မှာပဲ မူတည်တယ်”လို့ မိုင်းအိုက်ကျော်က ပြော ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာလည်း အစိုးရ စစ်တပ်နဲ့ TNLA တပ်ဖွဲ့တွေ အကြား စစ်ရေး တင်းမာမှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။
အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန် တိုက်ပွဲတွေ အရှိန် မြင့်လာနေတဲ့ အတွက် ပြန်သုံးသပ်ဖို့ ကချင်ပြည်နယ်၊ မြစ်ကြီး နား မြို့ပေါ်မှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) တို့ မေလ ၁၃ ရက်မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ အစိုးရ စစ်တပ်ဘက်က စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက် ကြမှာ ဖြစ်သလို KIO ဘက်ကလည်း နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက် ကြမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် Mr. Vijay Nambiar ၊ တရုတ် သံတမန် Mr. Wang Yingfan ၊ ညီညွှတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်း ထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ကို လေ့လာသူများ အဖြစ် ဖိတ်ကြားထား တယ် လို့ သိရပါတယ်။