ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် ထုတ်ပြန်နိုင်ရေး အတွက် မူကြမ်းတရပ်ကို နိုင်ငံရေးပါတီ များထံသို့ ပေးပို့ထားရာ ယင်းညွှန်ကြားချက်မူကြမ်းတွင် ဒီမိုကရေစီနှင့်မညီသော အချက်များ စွာ ပါဝင် နေကြောင်း နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများက ပြောဆိုကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်များ လိုက်နာရမည့် စုဝေး ဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်တွင် မဲဆွယ်စည်းရုံးခွင့်ကာလကို ရွေးကောက်ပွဲမတိုင်မီ ရက် ၃၀ သတ်မှတ် ထားပြီး မဲဆွယ်စည်းရုံးမှုများနှင့် စုဝေး ဟောပြောခွင့်များ ပြုလုပ်ရာတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များဖြင့် လှည့်လည် စုဝေး ဟောပြောခွင့် များကိုလည်း သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်များ၏ ခွင့်ပြုချက်ဖြင့် သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မီဒီယာများ မှတဆင့် မဲဆွယ်စည်းရုံးမည်ဆိုပါကလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများသည် စုဝေး ဟောပြော ခွင့်နှင့် မဲဆွယ် စည်းရုံးခွင့် များကို ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ခွင့်ပြုချက် ရုပ်သိမ်းခြင်းများကို လုပ်ဆောင်ခွင့်ရှိ ကြောင်း ကော်မရှင်၏ ညွှန်ကြားချက် မူကြမ်းတွင် ဖော်ပြထားသည်။
မဲဆန္ဒနယ်တခုတွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စုဝေး ဟောပြောမှု ပြုလုပ်မည်ဆိုပါက လွှတ်တော်ကိုယ်စား လှယ် လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာ ပြီးသည့်နေ့မှ ၁၅ ရက်အတွင်း စုဝေးဟောပြောမည့် အစီအစဉ်နှင့်တကွ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။
ပုဂ္ဂလိကပိုင် ရုပ်သံမီဒီယာများမှတဆင့် မဲဆွယ်စည်းရုံးမည်ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် သာဆောင်ရွက်ရန်လိုအပ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ရန် ပြင်ဆင်နေသည့် အမတ်လောင်း စုဝေးဟောပြောခွင့်နှင့် မဲဆွယ် စည်းရုံးခွင့် ညွှန်ကြားချက် မူကြမ်းသည် ဒီမိုကရေစီနှင့်မညီဘဲ ကန့်သတ်ချက်များစွာ ပါဝင်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အဆိုပါ ညွှန်ကြားချက် များကို တရားဝင် ထုတ်ပြန်၍ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပြောဆိုကြသည်။
ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက “ညွှန်ကြားချက်မှာ ပါတဲ့ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး ကျမတို့အပေါ် ကန့်သတ်ချက်တွေ ရှိနေမလားလို့ မြင်မိတယ်။ အရင်ကထက် ပိုပြီးပွင့်လင်းလာတဲ့ အခုချိန်မှာ အမှန်ဆိုရင် ပိုပြီးတော့ ပွင့်လင်းစွာနဲ့လွတ်လပ်ခွင့် ပေးရမယ့် အချိန် ရောက်လာပြီလေ။ ၂၀၁၀၊ ၂၀၁၂ ကာလတွေလို မဟုတ်တော့ဘူး။ ကျမတို့ မျှော်လင့်ထားတာက ဒီထက်ပိုပြီးလွတ်လပ်မှုကို ရမယ်လို့ ထင်တာ။ အခုအတိုင်းဆိုရင်တော့ လာမယ့် ရွေးကောက်ပွဲတွေမှာ ကော်မရှင်က ပိုပြီး ချုပ်ကိုင်မှုတွေ လုပ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီကန့်သတ်ချက်တွေ ရှိလာတော့ ကော်မရှင်နဲ့ တွေ့တဲ့အခါမှာအသေးစိတ် ဆွေးနွေးသွားဖို့ စီစဉ်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီမှ အထွေထွေ အတွင်းရေးမှူးဦးမျိုးညွှန့်ကလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ရန် ပြင်ဆင်နေသော အမတ်လောင်း ညွှန်ကြားချက်ကို ပြန်လည် ပြင်ဆင်ရန် တင်ပြ တောင်းဆိုသွားမည်ဟု ဆိုသည်။
“ဒီညွှန်ကြားချက်တွေမှာ ဒီမိုကရေစီ မကျတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။ အဲ့ဒီအချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ရင်တင်ပြမှာပါ။ အဲ့ဒီ ကန့်သတ်ချက်တွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာရေးကို အဟန့် အတား တွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြန်သုံးသပ်ပြီးပြင်ဆင်ပါလို့ တင်ပြသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် စစ်တပ်မှ အရာရှိများကို မကြာခဏ ဆိုသလို ခန့်အပ်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အမတ်လောင်း ညွှန်ကြားချက် ထုတ်ပြန်နိုင်ရေးအတွက် မေလ ၁၅ ရက်နေ့တွင် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။