ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဦးအောင်မင်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့ ယနေ့ မြစ်ကြီးနား တွင် စတင်တွေ့ဆုံဆွေးနွေးကြပြီး ယင်းတွေ့ဆုံပွဲသို့ မြန်မာစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့် စစ်အရာရှိကြီး များ တက်ရောက်ခြင်း မရှိတော့ဟု သိရှိရသည်။
ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပတိုင်း မြန်မာစစ်တပ်မှ ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်း စစ်တပ် အရာရှိ ကြီးများ တက်ရောက်သော်လည်း မေလ ၁၃ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ မနောကွင်းတွင် စတင်ကျင်းပ လျက်ရှိသော တွေ့ဆုံဆွေးနွေးပွဲသို့ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် တို့သာ တက်ရောက်ကြောင်း သိရှိရသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက တွေ့ဆုံပွဲသို့ တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးများ မတက်ရောက်ရခြင်းနှင့်ပတ်သက်၍ မသိရှိဟု ပြောဆိုပြီး ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့် ကမူ မအားလပ်၍ တွေ့ဆုံပွဲ မတက်ဟု ဆိုသည်။
“တပ်မတော်ဘက်က မတက်ရောက်နိုင်တာ ဘာကြောင့်လဲဆိုတာ ကျနော်မသိပါဘူး”ဟု ဦးလှမောင်ရွှေကပြောသည်။
ဦးညိုအုန်းမြင့်က “အဓိကစစ်ဖြစ်တာကတော့ ကချင်နဲ့ရှမ်းပြည်ဘက်မှာဖြစ်တာဆိုတော့ တပ်ပိုင်းဆိုင်ရာကိုမြောက်ပိုင်း တိုင်းမှူးက အဓိကထား ဆွေးနွေးမှာပါ။ခုက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက အရေးပေါ် တပ်ဆိုင်ရာ အစည်းအဝေးတခု ရက်ရွှေ့ မရလို့ မတက်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
KIA နှင့် တွေ့ဆုံပွဲ တက်ရောက်နေသော အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ကမူ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ ဆွေးနွေးပွဲ မတက်ရောက်ခြင်းမှာ မအားလပ်၍ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စကို မြောက်ပိုင်းတိုင်းမှူးက ဦးဆောင်ဆွေးနွေးမည်ဟု ဆိုသည်။
တွေ့ဆုံပွဲ တက်ရောက်လာသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ ဗိုလ်မှူးကြီးခွန်ဥက္ကာက နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီများ မတက်ရောက်ခြင်းအပေါ် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။
“ဆွေးနွေးပွဲအလားလာကိုတော့ သေချာမပြောနိုင်သေးဘူးပေါ့။ တပ်ဘက်ကစပြီးကတော့ တက်မယ် ပြောတာ။ အခု ဘာကြောင့် မတက်လဲမသိဘူး။အရင်က ပါနေတဲ့ ဗိုလ်ချုပ်တွေမပါတော့ဒီဆွေးနွေးပွဲကြောင့်စစ်ပွဲ တွေလျော့နိုင်မလား ဆိုတာကတော့ ဆွေးနွေးမှုအပေါ်မှာပဲကြည့်နိုင်မှာပါ။ အခုတော့သေချာမပြောနိုင်သေးပါဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ရှင်းပြသည်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KIA တွေ့ဆုံပွဲတွင် ၂၀၁၃ ခုနှစ်အောက်တိုဘာလ က တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့သော ရလာဒ်များကို အကောင်အထည်ဖော်ရေး ဆွေးနွေးသွားမည်ဟု သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောသည်။
မြစ်ကြီးနားတွေ့ဆုံပွဲသို့ ကုလသမဂ္ဂ ၊ တရုတ်နိုင်ငံတို့မှ သံတမန်တချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သိရှိရသည်။