မိုးရာသီ နီးကပ်လာပြီဖြစ်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် တိမ်းရှောင် ထွက်ပြေး နေသည့် ထောင်ချီသော စစ်ရှောင်ဒုက္ခသည်များအတွက် အမိုးအကာနှင့် မိုးလုံလေလုံတဲများ လိုအပ်နေကြောင်း သိရှိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဧပြီလမှ စတင်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်စခန်းများသို့ ဒုက္ခသည်များ ပြောင်းရွှေ့ ခိုလှုံလာကြကြောင်း၊ စစ်ရှောင် ဒုက္ခသည် စခန်းများတွင် တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ထွက်ပြေးခိုလှုံ လာကြသည့် ဒုက္ခသည်ဦးရေ ၁ သိန်း ခန့် ရောက်ရှိ နေသည်ဟု ခန့်မှန်းချက်များရှိနေပြီး လတ်တလော ထွက်ပြေးတိမ်းရှောင်နေကြသော ဒုက္ခသည်များသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးသည့် အဖြူရောင် ယာယီတဲများတွင်သာ နေထိုင်ကြရကြောင်း ယင်းယာယီတဲများသည် မိုးဒဏ်၊ လေဒဏ်ကို မခံနိုင်ကြောင်း ဒုက္ခသည်များကို ကူညီစောင့် ရှောက်နေသော အဖွဲ့အစည်းများထံမှ သိရှိရသည်။
မိုင်ဂျာယန်တွင် အခြေစိုက် စစ်ရှောင်ဒုက္ခသည်များကူညီပေးရေး အဖွဲ့ဖြစ်သော ဝမ်ပေါင်နင်တွဲ (WPN) အဖွဲ့မှ ဒေါ်မေရီတောင်က “ ပြီးခဲ့တဲ့ရက်တွေမှာ မိုးတွေရွာတော့ ဒုက္ခသည်တွေနေတဲ့ တဲတွေထဲကို ရေတွေ ဝင်လာတယ်။ ရေတွေကို အပြင်ကို ပြန်ထုတ် နေရတဲ့ အတွက် ဒုက္ခသည်တွွေ အခက်အခဲ တွေ့နေကြတယ်” ဟု ပြောသည်။
မန်ဝိန်းကြီး ကျေးရွာမှ စစ်ရှောင် ဒုက္ခသည်များဆီသို့ မကြာသေးခင်က သွားရောက် ကူညီခဲ့သည့် အဖြူရောင် တွဲလက်များ အဖွဲ့ဝင် မဖြူအိသိန်းက ဒုက္ခသည်များ အတွက် နောက်ထပ် အစားအသောက်များ ထပ်မံ ပေးပို့နိုင်ရေးတွင် အခက်အခဲများ ရှိနေကြောင်း ပြောသည်။
တိုက်ပွဲများကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် Save the Children ကဲ့သို့သော နိုင်ငံတကာ NGO များက တိုးပွားလာသည့် ကချင် စစ်ရှောင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့်အကူအညီသစ်များ ပေးပို့ရန် အခက်အခဲဖြစ်နေပြီး တိုက်ပွဲများမဖြစ်ပွားမီ ပေးပို့ထားသော စားနပ်ရိက္ခာနှင့် အထောက်အပံ့များသည် ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များ အတွက် လုံလောက်ခြင်း မရှိဟု သိရှိရသည်။
စစ်ရှောင် ဒုက္ခသည်များအား ကူညီပေးနေသည့် ကရုဏာမြန်မာ လူမှုရေး အဖွဲ့၏ အဆိုအရ လူဦးရေ ၃၃၀၀ ရှိသည့် မန်ဝိုင်းကြီး ကျေးရွာသို့ ဒုက္ခသည် ၃၀၀၀ ခန့် ထပ်မံရောက်ရှိလာသည်ဟု ဆိုသည်။
မန်ဝိုင်းကြီး ကျေးရွာသည် အစိုးရ စစ်တပ်က ထိန်းချုပ်ထားသည့် နေရာဖြစ်သည်ဟု သိရှိရသည်။
မန်ဝိုင်းကြီး ကျေးရွာတွင် ရိုမန်ကက်သလစ် ဒုက္ခသည်စခန်း နှင့် ကချင်နှစ်ခြင်း အသင်းတော်က ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းတို့ရှိပြီး ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များကို စာသင်ကျောင်းတခုအတွင်းတွင် ယာယီစခန်း တခုဆောက်လုပ်နေရာချထားသော်လည်း အမိုးအကာ လိုအပ်ချက်များရှိနေကြောင်း သိရှိရသည်။
“ ကျောင်းထဲမှာ အခု နေထိုင်ကြတဲ့ သူတွေက မေလကုန်လို့ ကျောင်းဖွင့်တဲ့ အခါကျရင် ရွှေ့ပြောင်း ပေးရ တော့မယ်၊ သူတို့ အတွက် အမိုးအကာ ရဖို့ အရေးတကြီး လိုအပ်နေတယ်။ UNHCR ကပေးတဲ့ တဲတွေကလည်း မိုးရာသီ ရောက်ရင် နေလို့မကောင်းဘူး၊ သူတို့ကို အမိုးအကာ ဆောက်လုပ်ပေးဖို့လည်း ဘတ်ဂျက် မရှိဘူး” ဟု အဖြူရောင်တွဲလက်များ အဖွဲ့ဝင် မဖြူအိသိန်းက ပြောသည်။
အမှတ်၂ Bum Tsit Pa ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၀၀၀ ခန့်သည် UNHCR ၏ တဲများတွင် နေထိုင် နေကြရပြီး ဒုက္ခသည်အများစုသည် ၎င်းတို့ ယခင်က နေထိုင်ခဲ့သည့် နမ့်လင်းပါစခန်း အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် တိမ်းရှောင် လာသူများဖြစ်ကြောင်း WPN အဖွဲ့မှ ဒေါ်မေရီတောင်က ပြောသည်။
“ဒီစခန်းမှာ ဒုက္ခသည်တွေ ရောက်နေတာ ၃ နှစ် ရှိပြီ။ အထပ်သား အမိုးအကာတွေက မိုးရာသီ ဆို မခံနိုင်ဘူး။ ပြန်ပြင်ဖို့ လိုနေပြီ။ ဒါပေမယ့် ဒီလိုလုပ်ဖို့အတွက် ငွေကြေးလည်း အဆင်သင့် မရှိဘူး” ဟု ဒေါ်မေရီတောင်က ဆိုသည်။
တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ဒေသတွင် စစ်ရှောင် ဒုက္ခသည် ၉၀၀ ကျော် ထပ်မံ ရောက်ရှိလာပြီး ယာယီတဲများနှင့် နေထိုင် နေကြရကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ တက်ကြွလှုပ်ရှားသူ တဦး ဖြစ်သည့် မခွန်ဂျာ၏ အဆိုအရ သိရှိရသည်။