ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ တွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရာဇာမင်း ခရီး သည် တင်ယဉ် မေလ ၁၂ ရက်နေ့ ညပိုင်းက တိမ်းမှောက်ခဲ့ရာ ခရီးသည်၁၄ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများမှာ လည်း အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းရရှိသည်။
ခရီးသည် ၄၄ ဦးလိုက်ပါသော ရာဇာမင်း ခရီးသည်တင်ယာဉ်သည် မေလ ၁၂ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်အချိန် မိုးရွာသွန်းချိန် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် မိုင်တိုင် ၁၉၇/၆ အနီးတွင် ပျဉ်းမနား-တောင်တွင်းကြီး မီးရထားလမ်း ကုန်းကျော်တံတား အောက်သို့ အရှိန်လွန် ထိုးကျခဲ့ဲကြောင်း၊ မိုးရွာနေချိန် လမ်းပေါ်တွင် တင်နေသော ရေအိုင်ကို ဖြတ်သန်းစဉ် ကားသည် အရှိန်လွန်စလစ်ဖြစ်ကာ တပတ်လည်၍ ပေ ၃၀ ခန့် အနက် ရှိသော မီးရထား ခုံးကျာ် တံတား အောက်သို့ ပြုတ်ကျသွားကြောင်း၊ ကားပြုတ်ကျမှုကြောင့် ကားပေါ်မှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေအနေရှိကြောင်း နေပြည်တော် မိုင် ၂၀၁/၆ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးနှင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးထံမှ စုံစမ်းသိရသည်။
“ကားပိတဲ့ သူတွေကတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ သေကုန်ကြတယ်။ သေတဲ့သူကိုတောင် အပြင်ဆွဲထုတ်ဖို့ မလွယ်လို့ ကရိန်းကားကြီး ရောက်လာမှ ဆွဲထုတ် လို့ရတယ်။ဒဏ်ရာရတဲ့ လူနာတွေကို ကားမှန်တွေကို ခွဲပြီး ဆွဲထုတ် ရတယ် ။ ဒဏ်ရာ ရတဲ့သူ ထဲမှာ ၃ ယောက်လောက်က ဒဏ်ရာ တော်တော် ပြင်းတယ်။ စိုးရိမ်ရတဲ့ အခြေ အနေ ရှိတယ်။ ယဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာပဲ ရသွားတယ်။ အခြေအနေ သိပ်မဆိုးဘူး။ ယဉ်မောင်း နှစ်ယောက်မှာတယောက်ပဲ ဒဏ်ရာရသွားတာ။ အခုတော့ ဆေးရုံပို့ထားလိုက်ပြီ” ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူ နေပြည်တော် အခြေစိုက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဦးမျိုးသက်ပိုင်က ဧရာဝတီသို့ ပြောသည်။
ဧပြီလ ၁၂ ရက်နေ့ က နေပြည်တော်မှ ရန်ကုန်သို့ ထွက်လာသော တောင်ပြာတန်း မှန်လုံခရီးသည်တင်ယာဉ် သည် ယာဉ်အမှတ် ၉က/—-၊ ချီဆာ ဆလွန်းအဖြူရောင်ကို ကျော်တက်နေစဉ် နောက်မှဝင်တိုက်မိပြီး လမ်းလယ် ကျွန်း ပေါ်သို့ ယာဉ် ၂ စီးလုံး တရွတ်တိုက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့က အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၆ မိုင် အကျော်တွင် တက်လမ်း ခရီးသည်တင် မှန်လုံယာဉ် ၆င/—- နှင့် နေလ ခရီးသည်တင် မှန်လုံယာဉ် ၅ဂ/—- တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းတည်ဆောက်မှု ညံ့ဖျင်းမှုနှင့် အရည်အသွေး မကောင်းမွန်မှု၊ ယာဉ်မောင်း၏ မဆင်မခြင် မောင်းနှင်မှု၊ မော်တော်ယာဉ် ချို့ယွင်းမှုတို့ကြောင့် ကားတိုက်မှု၊ ကားမှောက်မှု များ ဖြစ်ပွားလေ့ရှိပြီး အရေအတွက် များပြားသော လူထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လေ့ရှိသည်။