အမိမြေနဲ့ ၂၅ နှစ်တာ ဝေးကွာနေရသူ ကျောင်းသားဟောင်း အတော်များများဟာ ရန်ကုန်မြျိ့ဆီ ပြန်ရောက်တဲ့အခါ ပထမဆုံး သွားဖြစ်ကြတဲ့နေရာက ရွှေတိဂုံစေတီဖြစ်ပြီး ဒုတိယ နေရာကတော့ အင်းလျား ကန်စောင်းပဲ ဖြစ်ပါတယ်။ အင်းလျား ကန်စောင်းက စားသောက်ဆိုင်တန်းမှာ တွေ့ရတဲ့ စားပွဲထိုး အတော်များများဟာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေပါ။
“အသက် ဘယ်လောက်ရှိပြီလဲ၊ ကျောင်းမနေကြဘူးလား”ဆိုပြီး မေးကြည့်တော့ သူတို့က သိပ်ဖြေချင်ပုံ မရပါ။
နောက်တရက်မှာတော့ တာမွေအဝိုင်းအနီးက နာမည်ကြီး လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ရင်းနဲ့ စားပွဲထိုး လူငယ်တွေနဲ့စကားပြောဖြစ် ပါတယ်။ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်စားပွဲထိုး ၁၀ ဦးကျော်လောက် ရှိမယ်ထင်ပါတယ်။ သူတို့ဟာ အညာဒေသကဖြစ်ပြီး ဒီဆိုင်မှာအလုပ်ရဖို့အရေး အတော်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောင်းမနေကြဘူးလား ဆိုပြီးမေးတော့ မူလတန်းတော့ အောင်ပြီးပြီ၊ အလယ်တန်းတော့ တဝက်တပျက်နဲ့ ထွက်လာရတယ်လို့ တဦးကပြောပါတယ်။ ဒါပေမယ့် ဒီလူငယ်လေးရဲ့ သချၤာ စွမ်း ရည် ကတော့ လက်ဖျား ခါလောက်ပါတယ်။
ဘာကြောင့်လဲဆိုရင် ရန်ကုန်က လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်အတော်များများမှာ စားပွဲနံပါတ် တွေ၊ ဘောက်ချာ နံပါတ် တွေ၊ ဘောက်ချာတွေ ရေးလေ့မရှိပါ။ လက်ဖက်ရည်တခွက်က ဘယ်လောက်၊ မုန့်တခုက ဘယ်မျှ၊ ကြက်သားဟင်း တပွဲက ဘယ်ပုံ၊ ဆေးလိပ်တဘူးက ဘယ်ရွေ့ စသဖြင့်တခါတည်း ပါးစပ်ကနေ တန်းပြောပြီး ပေါင်းသွားလိုက်တာများ ဂဏန်းပေါင်းစက် ရှိမှ အလုပ် လုပ် တတ်တဲ့ အနောက်တိုင်းသားတွေ အလေးပြုလောက်ပါတယ်။
ဒါက ရန်ကုန်မှာတွေ့ရတဲ့ ကျောင်းဆက်တက်ခွင့်မရတဲ့ ၁၈ နှစ်အောက် လူငယ်အလုပ်သမားလေး တွေရဲ့ အခြေအနေပါ။ ပုဂံနဲ့ အင်းလေး ဘက်မှာတွေ့ရတဲ့ လူငယ် အလုပ်သမားတွေကျတော့ ရန်ကုန်နဲ့ မတူပြန်ဘူး။ ဘာဖြစ်ဖြစ် ရန်ကုန်က စားသောက်ဆိုင် တွေမှာ စားပွဲထိုး လုပ်ရတာဟာ တရားဝင်လုပ်သား တပိုင်းဖြစ်တဲ့အတွက် သူတို့မှာ လစာရပါတယ်။
ဒါပေမယ့် ပုဂံက ရွှေစည်းခုံစေတီနံဘေးမှာတွေ့ရတဲ့ အပျော်တန်း ဧည့်လမ်းညွှန် ကလေးငယ်တွေကတော့ လစာရှိပုံမရ။ တရားဝင် လမ်းညွှန်တွေဖြစ်လာအောင်လဲ ဘယ်သူကမှ မြေတောင်မြှောက်ပေးမယ့် ပုံမရှိ။ ထူးခြားတာကတော့ ရန်ကုန် စားသောက်ဆိုင် တန်း က ကလေး စားပွဲထိုးတွေ သချာၤတွက် ကျွမ်းကျင်သလို ပုဂံက ဧည့်လမ်းညွှန်ကလေးတွေကလဲ အင်္ဂလိပ်စကား အလွန်ကျွမ်း ပါတယ်။ ဘုရားရာဇဝင် တခုလုံးကို အာဂုံဆောင်ထားနိုင်တာဟာ အံ့သြစရာပါပဲ။ တချို့ကလေးတွေဆိုရင် အင်္ဂလိပ် စကားပြောအပြင် ပြင်သစ်၊ ဂျာမန်၊ ထိုင်း ဘာသာတွေကိုပါ အတော်အတန်ပြောတတ်နေတာကိုတွေ့မိတော့ မချီးကျုးဘဲ မနေနိုင်။
ခက်တာက ဒီကလေးတွေ ဒီလောက်တော်နေပေမယ့် သူတို့ကို ဘယ်သူကမှ အသိအမှတ်ပြု ထားတာမရှိ။ ဧည့်သည်တဦးအတွက် လမ်းညွှန်မှုပေးရင် ဘယ်လောက်ပေးရမယ် ဆိုတဲ့ အခကြေးငွေ သတ်မှတ်ချက်လည်း မရှိ။ စေတနာ ရှိသလောက်သာ ပေးထား ခဲ့ပေတော့။
“နှစ်ထောင်လောက်တော့ ပေးပါ ဦးရယ်။ ဒီကရတဲ့ငွေနဲ့ မိဘနှစ်ပါးကို လုပ်ကျွေးနေရတာပါ”လို့ဆိုတော့ ကျနော့်စိတ်ထဲမှာ အတော် မကောင်းဖြစ်သွားပါတယ်။ ဒါပေမယ့် သူလို တောင်းနေသူတွေက တဒါဇင်မက ရှိတယ်ဆိုတော့ တယောက်နှစ်ထောင် ပေး ရရင် သေရောပေါ့။
ပုဂံပြီးရင် ကမ္ဘာလှည့်ခရီးသည် ဒုတိယ အများဆုံး သွားတဲ့နေရာလို့ နာမည်ကြီးနေတဲ့ အင်းလေးကန်ဘက် ရောက်တော့လည်း အခြေအနေက နောက်တမျိုး။ ဒီကလေးတွေက ပုဂံဘက်မှာလို ဧည့်လမ်းညွှန်မလုပ်ဘဲ ပန်း ရောင်းကြပါတယ်။ ဖောင်တော်ဦး စေတီနဲ့ အလိုတော်ပေါက် စေတီဘေးမှာတွေ့ရတဲ့ ကလေးတွေဆီက ထူးထူးခြားခြား ပညာရေးနဲ့ ဆိုင်တဲ့တောင်းဆိုသံ တခုကိုကြား ရတော့ အတော် အံ့သြ သွားပါတယ်။
“ဦးလေး၊ ဦးလေးက ပန်းမဝယ်ရင်လဲ သမီး ကျောင်းစာအုပ်ဖိုး အတွက် တထောင်လောက် ပေးခဲ့လေ”လို့ ပန်းသည် ကလေးမ တဦး က ပြောပါတယ်။ ဧည့်သည်က ဝယ်ချင်မှန်းမသိ၊ မဝယ်ချင်မှန်းမသိဘဲနဲ့ လမ်းပိတ်ပြီး ရောင်းနေလို့ စိတ်ညစ်ပြီး ထွက်ပြေး လာတဲ့ကျနော် တွေဝေသွားပါတယ်။ လှူလိုက်ရင် ကောင်းမလားပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ ဒါတွေဟာ အစိုးရကဖြေရှင်းပေး ရမယ့်ကိစ္စပဲ။ ၂ ထောင်ပေးလိုက်ရုံနဲ့ ပြေလည်သွားမယ့် ကိစ္စမှ မဟုတ်ဘဲ။ ပြီးတော့ သူ့ကို နှစ်ထောင်ပေးရင် ကျန်တဲ့လူတွေ ကလည်းပဲ နှစ်ထောင်စီ ထပ်တောင်းနေရင် ဒုက္ခ။
ရန်ကုန် စားသောက်ဆိုင်တန်းကနေ ပုဂံ၊ အင်းလေး ဘုရားစောင်းတန်းက ပန်းသည် လေးတွေ အထိ ပုံစံအမျိုးမျိုးနဲ့ ဘဝကိုရုန်း ကန် နေရရှာတဲ့ အသက် ၁၈ နှစ် မပြည့်သေးဘဲ လုပ်ငန်းခွင်ထဲ ဝင်နေရသူတွေ ဘယ်လောက်များ ရှိနေကြမလဲ။ ဘယ်သူကမှ စာရင်းဇယား လုပ်မထားတော့ အတိအကျ မသိနိုင်ပါ။
ဒါပေမယ့် တနိုင်ငံလုံးက လက်ဖက်ရည်ဆိုင်တွေ၊ စေတီပုထိုးတွေ၊ မီးရထား ဘူတာရုံတွေ၊ အဝေးပြေး ကားဂိတ်တွေမှာ အလုပ် လုပ် နေရတဲ့ ကလေးတွေကို ပေါင်းလိုက်ရင် အရေအတွက် သန်းဂဏန်း မက ရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။
သူတို့အတွက် ဘယ်သူတွေက ဘာလုပ်ပေးနိုင်ကြမှာလဲ။ ဘယ်လိုလုပ်ပေးနေကြသလဲ။ အင်း…ဒီ မေးခွန်းကို မေးရတာကလည်း ခပ်လန့်လန့်။ ဘာကြောင့်လဲဆိုရင် “ဒီကလေးတွေ ဒီလိုပဲ တသက်လုံးနေလာတာ အဆန်းလုပ်လို့၊ မင်းက နိုင်ငံခြားကနေ ပြန်လာမှ ကိန်းကြီးခန်းကြီးနဲ့ လျှောက်ပြောနေတယ်”ဆိုပြီး အပြောခံရလေ့ရှိလို့ ဖြစ်ပါတယ်။
သတိမမူ ဂူ မမြင်ဆိုတဲ့အတိုင်း အမှားအယွင်းတွေကြားမှာ နေ့စဉ်နေထိုင် ရှင်သန်နေသူတွေအဖို့ ဒီဟာကို အမှားအယွင်းတခုအဖြစ် မြင်ချင်မှ မြင်ကြပါလိမ့်မယ်။ ဒါဟာ သူမွေးလာကတည်း က နေ့စဉ်မြင်နေရတဲ့ မြင်ကွင်းဖြစ်တဲ့အတွက် ဒါကို အမှားအယွင်းတခု၊ အားနည်းချက်တခု၊ ပြုပြင်ဖို့လိုနေတဲ့ အချက်တခုအဖြစ် မြင်မိဖို့မလွယ်ပါ။ ဒါပေမယ့် ဒီမြင်ကွင်းနဲ့ဝေးနေတာ ကြာပြီဖြစ်တဲ့ ပြည် တော်ပြန် ပုဂ္ဂိုလ်တွေကတော့ ဒါကို မှားယွင်းချက်၊ အားနည်းချက်အဖြစ် ချက်ချင်းမြင်လေ့ ရှိပါတယ်။
ပထမဆုံး တင်ပြချင်တာကတော့ ဒီအားနည်းချက်တွေ၊ မှားယွင်းချက်တွေကို အရှိကို အရှိအတိုင်း လက်ခံဖို့လိုပါတယ်။ ဒီလိုလက်ခံနိုင်မှသာ ပြုပြင်ရေး လုပ်ဖို့လိုတယ်ဆိုတာကို လက်ခံလာနိုင်မှာဖြစ်ပါတယ်။ ဒါတွေဟာ အရင်ကတည်းက ဖြစ်နေတာပဲ။ ဘာဆန်း လို့လဲဆိုတဲ့ အမြင်ရှိနေရင်တော့ ပြုပြင်ဖို့ လမ်းစတွေ့နိုင်မယ်မထင်ပါ။
ဒါတွေကို မှားယွင်းချက်၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုအဖြစ် အများက နားလည်သဘောပေါက်လာပြီ ဆိုရင်ကော ဘယ်သူ တွေ က ဘာတွေများ လုပ်ပေးကြမှာလဲ။ ပြီးခဲ့တဲ့ လပိုင်းအတွင်းကတော့ ကျောင်းနေခွင့်မရတဲ့ ကလေးငယ်တွေ အတွက် NGO တခုက ရွှေ့ပြောင်းကျောင်းတခု ထူထောင်ပြီး ရန်ကုန်က ကလေးစားပွဲထိုးတွေကို သူတို့ဆိုင်တွေ အထိသွားပြီး စာသင်ပေးတယ် လို့ သတင်းကြားရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အစီစဉ်ဖြစ်ပေမယ့် ဆေးမြီးတို သဘောသာဖြစ်ပြီး အမြစ်ပြတ် ကုထုံးတော့မဖြစ် နိုင်သေးပါ။
ဒါဖြင့် အမြစ်ပြတ်ကုထုံးက ဘာလဲ။ အစိုးရ ဘက်ကနေ ကလေးလုပ်သား မခိုင်းဘူးဆိုတဲ့ နိုင်ငံတကာ စာချုပ်စာတန်းတွေကို လက် မှတ်ထိုးပြီး ဒီကလေးတွေ ကျောင်းနေနိုင်အောင် အမျိုးသား စီမံကိန်းချမှတ် လုပ်ဆောင်ဖို့လိုနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နှောင်းပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေ အရဆို ရင်တော့ ILO Convention 182 ကို မြန်မာ အစိုးရ ဘက်က လက်မှတ်ထိုးလိုက်တဲ့ အတွက် ကလေးတွေကို ဒီလိုခိုင်းစေနေမှုအပေါ် ဥပဒေအရ အရေးယူနိုင်တော့မှာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို လက်မှတ်ရေးထိုးထားတယ် ဆိုတာကို အလုပ်ရှင်တွေ၊ ကလေးတွေနဲ့ ကလေး မိဘတွေကိုယ်တိုင် က သိရှိကြပါရဲ့လား။ သူတို့ ကျောင်းတက်ခွင့်မရဘဲ အလုပ်လုပ်နေရတာကို ပျော်နေကြပြီး မိဘကို လုပ်ကျွေးနေတာပါလို့ ထင်နေကြပြန်ရင် လည်း ဒီဥပဒေ က အသက်ဝင်ဖို့ မလွယ်ကူပါ။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကကြုံခဲ့ဖူးတဲ့ ထိုင်းနိုင်ငံ မဟာချိုင်ဒေသက မြန်မာ ကလေးလုပ်သားတွေ ကယ်တင်ရေး စီမံကိန်းတခုကို သတိရမိပါတယ်။ အသက် မပြည့်သေးတဲ့ကလေးတွေကို မဟာချိုင် ပုဇွန် စက်ရုံမှာ ခိုင်းစေနေတယ်ဆိုပြီး သတင်းရတဲ့အတွက် NGO တခုနဲ့အတူ ကျနော် သတင်းယူဖို့ လိုက်သွားပါတယ်။ ကျနော်တို့ကိုမြင်တော့ ထိုင်းအလုပ်ရှင်က မကြိုက်ပါ။ အလုပ်ရုံထဲ ဝင်ကြည့်လို့တော့ရပေမယ့် ဓတ်ပုံရိုက်ခွင့်၊ မေးမြန်းခွင့်တော့ မပေးနိုင်ဘူးလို့ ပြောပါတယ်။ ဝင်ကြည့်တော့ အသက် ၁၄-၁၅ ဝန်းကျင် လူငယ်တွေ အများကြီး။
အဲဒါတွေကို ကျနော်တို့က သတင်းပြန်လုပ်တော့ အလုပ်ရှင်ရော အလုပ်သမား တွေဘက်ကပါ စိတ်ဆိုးတာခံရတော့ ကျနော် အတော် အံ့သြသွားပါတယ်။
“ဒီကလေးတွေက ဒီမှာ အလုပ်မလုပ်ရင် ဘယ်မှာသွားလုပ်ရမလဲ။ ခင်ဗျားတို့ ထမင်းကျွေးထားမှာလား”လို့ ကလေးမိဘတွေနဲ့ မြန်မာ အလုပ်သမားတွေ က ပြောပါတယ်။
ဆိုလိုတာကတော့ ဥပဒေ အတိုင်း သွားလုပ်ရုံ နဲ့မပြီး။ ဒီကလေးတွေကို အလုပ်ခွင်ထဲကနေ ပြန်ထုတ်ချင်တယ်ဆိုရင် သူတို့ကို ကျောင်းထားပေးနိုင်ဖို့၊ သူတို့ရဲ့ စားဝတ်နေရေးကိုတာဝန်ယူ ပေးနိုင်ဖို့တော့ အနည်းဆုံးလိုအပ်မှာပါ။ ဘာမှ တာဝန်မယူနိုင်ဘဲနဲ့တော့ “မင်းအသက်မပြည့်သေးလို့ အလုပ်ခွင်ထဲ မဝင်ပါနဲ့”ဆိုပြီး ဥပဒေ တခုတည်းနဲ့ သွားတားနေလို့ မဖြစ်နိုင်ပါ။ ဒီအတွက် အစိုးရမှာ ဘယ်လို စီမံကိန်းမျိုး ရှိနေပြီလဲ။
အင်းလျား ကန်ဘေး စားသောက်ဆိုင်တန်းက စားပွဲထိုး ကလေးတွေ၊ ပုဂံရွှေစည်းခုံစေတီနဲ့ အင်းလေး ဖောင်တော်ဦး စေတီ အနီး က ဧည့်လမ်းညွှန် ကလေးတွေ၊ ပန်းသည် ကလေးတွေနဲ့ နိုင်ငံတဝန်းက ကျောင်းပြင်ပ ရောက်နေကြတဲ့ ကလေးငယ်တွေ အားလုံး စာသင်ခန်းထဲ ပြန်ရောက်နိုင်မယ့် နည်းလမ်းတွေအတွက် ကျနော်တို့ ဝိုင်းဝန်း စဉ်းစား အဖြေရှာဖို့ လိုနေပြီဖြစ်ပါတယ်။ ။